SJ WorldNews - шаблон joomla Авто

အိန္ဒိယ၌ အာဏာပိုင်များက ဆန္ဒပြသူရာပေါင်းများစွာကို ဖမ်းဆီးပြီး မီးရထားခရီးစဉ် ၃ဝဝ ကျော်ကို ဖျက်သိမ်း

Sunday, 27 August 2017 11:48 font size decrease font size decrease font size increase font size increase font size

ပန်ချကူလာ သြဂုတ် ၂၆

အိန္ဒိယ အာဏာပိုင်များသည် ဘာသာရေး ခေါင်းဆောင်တစ်ဦးကို အပြစ်ရှိကြောင်း ဖော်ပြခြင်းနှင့် ပတ်သက်၍ ဆူပူဆန္ဒပြမှုအတွင်း လူ ၂၉ ဦးသေဆုံးပြီးနောက် ဆန္ဒပြသူရာပေါင်းများစွာကို ဖမ်းဆီးကာ နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်နှစ်ခုကို ဖြတ်သန်းသွားမည့် မီးရထားခရီးစဉ် ၃ဝဝ ကျော်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဘာသာရေး ခေါင်းဆောင်အား ထောက်ခံသူ ၁ဝဝဝဝ ကျော် ပုန်းအောင်းနေဖွယ်ရှိသည့် ၄င်း၏ နေအိမ်အပြင်ဘက်၌ အသင့်အနေအထားဖြင့် စောင့်ကြည့်လျက်ရှိကြောင်း ဟာယာနာပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဘယ်ဂျစ်ဆင်းဆန်ဒူးက  India Today သတင်းဌာနသို့ ပြောသည်။

ပန်ဂျပ်ပြည်နယ်နှင့် ဟာယာနာပြည်နယ်မှ ဒေသခံများ၏ ကိုးကွယ်ယုံကြည်မှုကို ရရှိထားသည့် ကိုယ်ပိုင်ဘာသာရေးနှင့် ပရဟိတ အဖွဲ့ခေါင်းဆောင် ဂါမိရမ်ရာဟင်းဆင်းသည် ၂ဝဝ၂ ခုနှစ်တွင် ဆာဆာမြို့ရှိ ၄င်း၏ ဒါရာဆာချာဆော်ဒါ အဖွဲ့ဌာနချုပ်၌ ၄င်းအား ကိုးကွယ်ယုံကြည်သူ နှစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိသည်။ ၄င်းကို ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ဆန္ဒပြသူများသည် ပန်ဂျပ်နှင့် ဟာယာနာပြည်နယ်တို့ရှိ ဘူတာရုံများ၊ ဓာတ်ဆီဆိုင်များနှင့် သတင်းမီဒီယာများ၏ ကားများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယခုအခါ ဆန္ဒပြသူ ၅၂၄ ဦးကို ဖမ်းဆီးထားကြောင်းနှင့် အဆိုပါ ဘာသာရေး ခေါင်းဆောင်ကို ပြစ်ဒဏ်ချမှတ်မည့် သြဂုတ် ၂၈ရက်တွင် ယခုထက် ပိုမိုဆူပူအုံကြွလာနိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ဘာသာရေးခေါင်းဆောင်သည် ၄င်းအား ထောက်ခံသူ အမျိုးသား ၄ဝဝ ကျော်ကို သင်းကွပ်သည်ဟူသော စွပ်စွဲချက်ဖြင့်လည်း အမှုရင်ဆိုင်နေရကြောင်း သိရသည်။

Read 471 times Last modified on Sunday, 27 August 2017 15:13