SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အီရန် ဥရောပ နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတို့ကြား ဆက်လက်ထွက်ပေါ်လာမည့် ကွဲပြားမှုများ

Monday, 03 September 2018 10:04 font size decrease font size decrease font size increase font size increase font size

အီရန်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာလျက် ရှိသည်ဟု အဆိုပါ အဖွဲ့ကြီးက လူသိရှင်ကြား ထုတ်ဖော်ပြောကြားပြီး နောက်ပိုင်းတွင် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ပြောဆိုစွပ်စွဲချက်များမှာ အထင်နှင့်အမြင် လွဲနေကြောင်း ရှင်းရှင်းလင်းလင်းထွက်ပေါ် လာသည်ကိုတွေ့ရသည်။ အီရန်သည် IAEA မှချမှတ်ထားသည့် ကန့်သတ်ချက်မူဘောင် အတွင်း၌သာ လုပ်ဆောင်နေသည်ဟု ယင်းအဖွဲ့ကြီးက ဩဂုတ်၃၀ ရက်တွင် အဖွဲ့ဝင်နိုင်ငံများ အတွက် ထုတ်ဝေခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြထားခြင်းဖြစ်သည်။ အီရန်၏ လုပ်ဆောင်ချက်များဟု ဆိုရာတွင် ယင်းနိုင်ငံက ဆောင်ရွက်နေသည့် ယူရေနီယမ် သတ္တုသန့်စင်နေမှု အခြေအနေ၊ သန့်စင်ပြီးသား ယူရေနီယမ် သတ္တုနှင့် တခြားအရာဝတ္ထုများ သိုလှောင်သည့် အခြေအနေအားလုံး ပါဝင်သည်။ ထို့ပြင် အီရန်အစိုးရသည် ၎င်းတို့၏ ယူရေနီယမ်သန့်စင်သည့် အဆောက်အအုံများ အတွင်းသို့ ဝင်ရောက်စစ်ဆေးနိုင်ရန်လည်း အချိန်နှင့် တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု IAEA က ဆက်လက်ဖော်ပြထားသည်။ ဤဖော်ပြချက်များကို သုံးသပ်မည်ဆိုပါက အမေရိကန် အစိုးရက အီရန်၏ နျူကလီးယား အစီအစဉ် အပေါ် ပြောဆိုချက်များနှင့် များစွာကွာခြားလျက် ရှိသည်ကို တွေ့ရသည်။ အီရန်အရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟာလေက ဩဂုတ်၂၃ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အစည်းအဝေး၌ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။ အကြမ်းဖက် လုပ်ဆောင်ချက် များကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအပေါ် ကျရောက်နေသည့် ခြိမ်းခြောက်မှုများဟု အမည်ပေးထားသည့် အဆိုပါ ဆွေးနွေးပွဲတွင် ဟာလေက အီရန်နျူကလီးယား သဘောတူညီချက်မှ အမေရိကန် အစိုးရ နုတ်ထွက်ရသည့် အကြောင်းရင်းနှင့် စပ်လျဉ်း၍ ရှင်းပြခဲ့သည်။ အမေရိကန် အစိုးရသည် နျူကလီးယား သဘောတူညီချက်မှ မနုတ်ထွက်မီ သဘောတူညီချက်အား ပြင်ဆင်နိုင်ရန် တခြားနိုင်ငံ အများအပြားနှင့် တွေ့ဆုံဆွေးနွေးသော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း၊ ထို့ပြင် အီရန်အနေဖြင့် သဘောတူညီချက်ကို ပြန်လည်စေ့စပ်ညှိနှိုင်းရန် သဘောတူမည် မဟုတ်ကြောင်း နစ်ကီဟာလေက ပြောသည်။ ထို့ကြောင့် နောက်ဆုံးတွင် တခြားရွေးချယ်စရာ မရှိတော့သည့်အတွက် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရခြင်း ဖြစ်သည်ဟု အမေရိကန် အစိုးရက ပြောကြားထားဖွယ်ရှိသည်။ အမှန်စင်စစ်တွင် အမေရိကန် အစိုးရသည် နျူကလီးယားနှင့် စပ်လျဉ်း၍ ၎င်းတို့စိုးရိမ်မကင်း ဖြစ်နေသည့် နိုင်ငံအရေအတွက်မှာ နှစ်နိုင်ငံသာရှိသည်။ ယင်းနိုင်ငံများမှာ အရှေ့အလယ်ပိုင်းရှိ အီရန်နှင့် အာရှဒေသမှ မြောက်ကိုရီးယားတို့ပင် ဖြစ်သည်။ လက်ရှိတွင် မြောက်ကိုရီးယားသည် အိမ်နီးချင်း တောင်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်နေပြီး ကိုရီးယားကျွန်းဆွယ်ပေါ်တွင် နျူကလီးယား လုံးဝကင်းစင်ရေး လုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကျင်းပခဲ့သည့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲတွင် ကတိကဝတ်ပြုထားသည်။ ထို့ကြောင့် လက်ရှိတွင် အမေရိကန် အစိုးရ အနေဖြင့် မြောက်ကိုရီးယားနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်း ဖြစ်မှုမှာ ယခင်ကလောက် မြင့်တက်နေခြင်း မရှိပေ။ ထို့ကြောင့် အီရန်အပေါ်သို့ ဖိအားပိုမို ပေးနေခြင်းဖြစ်သည်။ ထို့ပြင် အီရန်အားနျူကလီးယား သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားရန် ဥရောပ နိုင်ငံများက ယင်းနိုင်ငံသို့ ဘဏ္ဍာရေး အကူအညီများ ပေးအပ်နေခြင်းနှင့် ပတ်သက်၍လည်း အမေရိကန်က ဘဝင်မကျ ဖြစ်လျက်ရှိသည်ကို တွေ့ရသည်။ ဥရောပနိုင်ငံများက အီရန်သို့ ငွေကြေး အကူအညီများ ဆက်လက် ပေးအပ်နေသော်လည်း အီရန်နိုင်ငံအနေဖြင့် ၎င်းတို့၏ လက်နက်များ ပြည်ပသို့ ရောင်းချနေခြင်းကို ရပ်တန့်ခြင်း မရှိကြောင်း၊ အကြမ်းဖက်ဝါဒကို ဆက်လက်အထောက်အပံ့ ပြုလျက်ရှိကြောင်း အမေရိကန်ကဆိုသည်။ စင်စစ်တွင် အမေရိကန် အစိုးရသည် ဒေသတွင်း၌ အင်အားကြီးထွားလာပြီး စစ်ရေးအရ လွှမ်းမိုးမှု အတော်အတန်ရှိလာသည့် အီရန်အပေါ် စိုးရိမ်လွန်နေခြင်းသာ ဖြစ်သည်ဟု သုံးသပ်သူ အများအပြားက ရှုမြင်လျက်ရှိသည်။ အကြောင်းမှာ အီရန်သည် ဆီးရီးယား ပြည်တွင်းစစ်အတွင်း အတိုင်းအတာတစ်ခုအထိ ပါဝင်နေသည့်အပြင် အမေရိကန်၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အစ္စရေး၏ ရပ်တည်ချက်ကို အကြီးအကျယ် ခြိမ်းခြောက်နေသည့် စစ်သွေးကြွ အဖွဲ့များနှင့်လည်း ဆက်ဆံရေး ကောင်းမွန်နေခြင်း ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် အီရန်သည် အကြမ်းဖက်ဝါဒ ကို အထောက်အပံ့ပေးလျက် ရှိသည်ဟု အမေရိကန် အစိုးရက စွပ်စွဲထားခြင်းဖြစ်သည်။ ယင်းအချက်ကို အီရန်ကလည်းကောင်းစွာ နားလည် သဘောပေါက်ထားသည်။ အီရန်သည် လက်ရှိတွင် IAEA ကချမှတ်ထားသည့် ကန့်သတ်ချက် မူဘောင်အတွင်း၌နေ၍ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို လေးစားလိုက်နာလျက် ရှိသော်လည်း ယင်းသို့ လုပ်ဆောင်ခြင်းသည် အီရန်၏ တစ်ခုတည်းသော ရွေးချယ်စရာ မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က ကမ္ဘာ့နိုင်ငံများအား သတိပေးထားသည်။ အီရန်နိုင်ငံသည် နျူကလီးယား သဘောတူညီချက်ကို အင်အားကြီး ခြောက်နိုင်ငံနှင့် လက်မှတ်ရေးထိုးရာတွင် ယင်းနိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ထွက်ပေါ်လာစေရေး အတွက် အလျှော့ပေးမှုများ လုပ်ဆောင်ခဲ့သည်။ အီရန်က လုပ်ဆောင်ခဲ့သည့် အလျှော့ပေးမှုများ အနက် တစ်ခုမှာ IAEA မှ စုံစမ်းစစ်ဆေးသူများကို အီရန်နိုင်ငံရှိ နျူကလီးယား စွမ်းအင်စက်ရုံများ အတွင်းသို့ ဝင်ရောက်စစ်ဆေးခွင့် ပြုခဲ့ခြင်းဖြစ်သည်။ အီရန်နှင့် ပိုမိုကောင်းမွန်သည့် စီးပွားရေး အရဆက်ဆံမှုများကို ကြည့်မည်ဆိုပါက ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့က သဘောတူညီချက်မှ အမေရိကန် အစိုးရ နုတ်ထွက်ပြီး နောက်ပိုင်းတွင် ၎င်းတို့တတ်စွမ်းသလောက် ကြိုးပမ်းလျက်ရှိသည်။ အီရန်အားစီးပွားရေး အကူအညီပေးမှု တစ်ရပ်အဖြစ် အမေရိကန် ဒေါ်လာ ၂၁ သန်းကို လျာထားသည်ဟု ဥရောပသမဂ္ဂ အဖွဲ့က ဩဂုတ် ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ရာတွင် အမေရိကန် အစိုးရ၏ လုပ်ဆောင်ချက်များမှာ တခြားစီဖြစ်နေသည်။ နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ပြီးချိန်မှစ၍ အီရန်အပေါ် ယခင်က ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ပြန်လည် ချမှတ်ခဲ့သည့်အပြင် ဖိအားအမျိုးမျိုး ပေးလျက်ရှိသည်။ အမေရိကန် အစိုးရ၏ ပိတ်ဆို့မှုများကြောင့် အီရန်၏ စီးပွားရေးမှာ သိသိသာသာ ကျဆင်းလာသည်။ သို့ရာတွင် အီရန်အစိုးရအနေဖြင့် ၎င်းတို့နိုင်ငံမှ ထွက်ရှိသည့် စွမ်းအင်ကဏ္ဍအပေါ် ဆက်လက်အမှီသဟဲ ပြုနေသည်။ သို့သော်ယင်းကဲ့သို့ အမှီသဟဲပြုနေခြင်းသည် ဆက်လက်ကြာမြင့်မည့် အလားအလာ မရှိပေ။ အမေရိကန် အစိုးရသည် အီရန်၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့တင်ပို့မှုအပေါ် အဓိကပစ်မှတ်ထားသည့် ပိတ်ဆို့မှုများကို ယခုနှစ် နှောင်းပိုင်းလောက်တွင် ထပ်မံချမှတ်မည်ဖြစ်သောကြောင့် အီရန်အား စီးပွားရေးအရ အကူအညီပေးရန် ကြိုးပမ်းနေသည့် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့အတွက် ကြီးမားသည့် ဖိအားများ ဖြစ်ပေါ်လာစေမည်ဖြစ်ရာ အီရန်၊ ဥရောပနိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတို့ကြားရှိ ကွဲပြားမှုများသည် ဆက်လက် ကြီးထွား လာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

Ref: D.Brief, Press TV

ဇေယျဘုန်း

Read 182 times Last modified on Monday, 03 September 2018 10:05