SJ WorldNews - шаблон joomla Авто

ဖန်လုံအိမ်ဓာတ်ငွေ့လုံးဝမထွက်သည့် လျှပ်စစ်စွမ်းအင်သုံးခရီးသည်တင်လေယာဉ်များထွက်ပေါ်လာမည်

Monday, 27 May 2019 09:50 font size decrease font size decrease font size increase font size increase font size

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်သော ယာဉ်များမှာ ရုပ်ကြွင်းလောင်စာစွမ်းအင်ကို အသုံးပြုသည့် ယာဉ်များ ဖြစ်သည်။ ထိုအထဲတွင် ခရီးသည်တင်လေယာဉ်များလည်း ပါဝင်သည်။ ကမ္ဘာ့နိုင်ငံများအကြား ပိုမိုနီးစပ်လာသည့်အတွက် တစ်နိုင်ငံမှတစ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် သွားလာမှုများလည်း များပြားလာသည်။ ခရီးသည်တင်လေယာဉ်များမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု ပမာဏသည်လည်း ပိုမိုမြင့်တက်လာသည်။

ထိုပြဿနာကို ဖြေရှင်းရန်အတွက် ပညာရှင်များက လေ့လာမှုများ လုပ်ဆောင်ရာ နောက်ဆုံးတွင် လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင် လေယာဉ်များကသာ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု ကျဆင်းစေမည်ကို တွေ့ရှိသည်။

အဆိုပါ လျှပ်စစ်စွမ်းအင်သုံးခရီးသည် တင်လေယာဉ်များ ထုတ်လုပ်နိုင်ရန်အတွက် အမေရိကန် လေကြောင်းနှင့် အာကာသအာဏာပိုင်အဖွဲ့(NASA)က သုတေသနပြုလျက်ရှိသည်။

ယင်းသုတေသနကို အီလီနွိုက်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဦးဆောင်ပြုလုပ်နေခြင်း ဖြစ်သည်။ စီမံကိန်း၏ အမည်ကို လေယာဉ်အတွက် အအေးလွန် စွမ်းဆောင်ရည်မြင့် လျှပ်စစ်နည်းပညာများ ဗဟိုဌာန(CHEETA) ဟု အမည်ပေးထားသည်။ အဆိုပါ သုံးနှစ်စီမံကိန်းအတွက် NASA က အမေရိကန်ဒေါ်လာ ၆ သန်းထောက်ပံ့ ပေးသွားမည် ဖြစ်သည်။

၎င်းတို့က သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိသည့် စွမ်းအင်အရင်းအမြစ် အဖြစ် ဟိုက်ဒရိုဂျင်အရည်ကို အသုံးပြုရန် ရည်ရွယ်ထားသည်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို အသုံးပြုခြင်းအစား အအေးခံပြီး အပျစ်ဖြစ်အောင် လုပ်ထားသည့် ဟိုက်ဒရိုဂျင်အရည်ကို အသုံးပြုခြင်းဖြင့် အလွန်အမင်း ဖိသိပ်ထားရသော သိုလှောင်ကန်များ မလိုအပ်ဘဲ သန့်ရှင်းသော စွမ်းအင်ကို ရရှိနိုင်စေမည် ဖြစ်သည်။

ထိုနည်းပညာသည် လေယာဉ်ကြီးများတွင် ဟိုက်ဒရိုဂျင်စွမ်းအင်ကို ပထမဆုံးအကြိမ် အသုံးပြုနိုင်စေမည် ဖြစ်ပြီး စီးပွားဖြစ် လေကြောင်းစက်မှု လုပ်ငန်းကိုပါ ပြောင်းလဲပေးမည်ဖြစ်သည်။

ဟိုက်ဒရိုဂျင် စွမ်းအင်ကလာပ်စည်းများကို ယခင်ကကားများနှင့် မီးရထားများကို စွမ်းအင်ပေးရန် အသုံးပြုခဲ့သော်လည်း ခရီးသည်တင်လေယာဉ်တစ်စင်းလုံးကို စွမ်းအင်ပေးရန် အတွက်မူ အလွန်အမင်း ဖိသိပ်ထားရသည့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ သိုလှောင်ကန် အများအပြား လိုအပ်မည် ဖြစ်သည်။ ထိုလိုအပ်ချက်က ခရီးသည်တင် လေယာဉ်များအတွက် မည်သို့မျှ ဖြေရှင်းရန် မဖြစ်နိုင်သည့် လိုအပ်ချက်ဖြစ်သည်။

ထို့ကြောင့် ဟိုက်ဒရိုဂျင်အရည်ကို စွမ်းအင်အဖြစ် အသုံးပြုရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအင် အရင်းအမြစ်များမှ လျှပ်စစ်စနစ် အသုံးပြု တွန်းကန်မှု နည်းပညာများကို ချိတ်ဆက်ရန်အတွက် လိုအပ်သည့် လျှပ်စစ်စနစ်များနှင့် ထိုစနစ်များကို လေယာဉ်ကြီးများတွင် အသုံးပြုရန်အတွက် နည်းလမ်းများကို တိတိကျကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ သို့သော် အနာဂတ်တွင် လျှပ်စစ်စနစ် အပြည့်အဝ အသုံးပြု ခရီးသည်တင် လေယာဉ်များ ဖန်တီးမှုအတွက် လိုအပ်သည့် အဆိုပါ နည်းလမ်းများကို CHEETA က ရှာဖွေ ဖြည့်ဆည်းပေးမည် ဖြစ်သည်။

ထက်မြတ်

Ref: Mail Online

Read 114 times Last modified on Monday, 27 May 2019 09:51