SJ WorldNews - шаблон joomla Авто

ပစ်မှတ်ခြောက်ခုကို တစ်ပြိုင်နက်တည်း ပစ်ချနိုင်မည့် အီရန်၏ လေကြောင်းရန် ကာကွယ်ရေးစနစ် အသစ်

Tuesday, 11 June 2019 12:24 font size decrease font size decrease font size increase font size increase font size

အနောက်နိုင်ငံများနှင့်စစ်ရေးအရ တင်းမာမှုများ မြင့်တက်နေသည့် အီရန်နိုင်ငံသည် ပြည်တွင်းဖြစ် လေကြောင်းရန် ကာကွယ်ရေးစနစ် အသစ်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် လက်မှတ်ထိုး ထားသော အီရန်နျူကလီးယား သဘောတူစာချုပ်တွင် ပါဝင်သည့် ဥရောပနိုင်ငံများ အနေဖြင့် ထိုစာချုပ်ပါ အချက်အလက်များကို ဆက်လက်လိုက်နာရန် အီရန်အစိုးရက တိုက်တွန်းပြီး သို့မဟုတ်ပါက အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ပြီး နောက်နာရီ အနည်းငယ်အကြာတွင် ထိုစနစ်ကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို Khordad 15 ဟု အမည်ပေးထားသည်။

ထိုစနစ်သည် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များ အပါအဝင် နိုင်ငံ၏ ဝေဟင်ပိုင်နက်အတွင်း ဝင်လာသည့် ရန်သူ့ပစ်မှတ်ခြောက်ခု စလုံးကို တစ်ပြိုင်နက်တည်း ခြေရာခံနိုင်ကာ ဒုံးကျည်များဖြင့် ပစ်ချနိုင်မည် ဖြစ်သည်။

Khordad 15 တွင် Phased Array ရေဒါပါဝင်ပြီး ကီလိုမီတာ ၁၅ဝ အတွင်းရှိ ရန်သူ့ပစ်မှတ်များကို တွေ့ရှိနိုင်ကာ ကီလို မီတာ ၁၂ဝ အတွင်းခြေရာခံနိုင်သည်။ ထို့ပြင် ၎င်းတွင် သီးခြားပစ်လွှတ်စင်များ ပါဝင်သည်။

ထိုပစ်လွှတ်စင်များမှ ပစ်ခတ်မည့် ဒုံးကျည်များမှာ Sayyad-3 တာဝေးပစ်ဒုံးကျည်များ ဖြစ်သည်။

အဆိုပါ ဒုံးကျည်များသည် ပစ်မှတ်ကို ၈၅ ကီလိုမီတာအတွင်း တွေ့ရှိကာ ၄၅ ကီလိုမီတာအတွင်း ချေမှုန်းနိုင်မည် ဖြစ်သည်။

ပစ်မှတ်ကိုအထိရောက်ဆုံး ချေမှုန်းနိုင်သည့် အကွာအဝေးမှာ မြေပြင်မှ ၂၇ ကီလိုမီတာအတွင်းဖြစ်သည်။ Khordad 15 ၏ အလွယ်တကူလျင်မြန်စွာ ရွှေ့ပြောင်းနိုင်စွမ်းကြောင့် ငါးမိနစ်အတွင်း ဒုံးကျည်များကို ပစ်လွှတ်နိုင်မည် ဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေမီယာဟာတာမီ၏ ပြောဆိုချက်ကို ကိုးကား၍ Tasnim သတင်းဌာနက ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အီရန်တပ်မတော်၌ ဖြန့်ကြက်ထားပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်အေမီ

ယာဟာတာမီကဆက်ပြောသည်။ ယခုကဲ့သို့ စစ်ရေးစွမ်းရည်များကို တိုးမြှင့်ရခြင်းမှာ နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်ဖြစ်ပြီး ထိုသို့ လုပ်ရန်အတွက် မည်သည့်နိုင်ငံ၏ အတည်ပြုချက် သို့မဟုတ် ခွင့်ပြုချက်မျှ မလိုအပ်ကြောင်း ၎င်းကဆိုသည်။

၂ဝ၁၈ ခုနှစ်တွင် အမေရိကန်အစိုးရက အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ကာ အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ချိန်မှစ၍ အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။ ထိုစာချုပ်တွင် ပါဝင်သော ကျန်ရှိသည့်နိုင်ငံများ အနေဖြင့် စာချုပ်ကို မဖျက်သိမ်းရစေရေး လုပ်ဆောင်ရန်နှင့် သို့မဟုတ်ပါက ယူရေနီယံသန့်စင်မှုကို အဆုံးစွန်အထိ တိုးမြှင့်လုပ်ဆောင်မည် ဖြစ်ကြောင်း အီရန်အစိုးရက မေလတွင် ခြိမ်းခြောက်ထားသည်။ ထက်မြတ်

Ref: Sputnik

Read 59 times Last modified on Tuesday, 11 June 2019 12:25