အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီက တပ်မတော်၏စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်နေပြီး သက်တမ်းရင့် တိုက်လေ ယာဉ်များ နေရာတွင်လည်း တိုက်လေယာဉ်အသစ်များဖြင့် အစားထိုးနိုင်ရန် ပြင်ဆင်နေသည်။ အိန္ဒိယလေတပ်နှင့် ရေတပ်တို့အတွက် လိုအပ်သည့် အင်ဂျင်တစ်လုံးတပ်နှင့် အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ် အရေအတွက်မှာ အစင်း ၄ဝဝ ဖြစ်သည်။ ၄င်းတို့အနက် တိုက်လေယာဉ်အသစ် ၁၁၄ စင်းကို မကြာမီဝယ်ယူမည် ဖြစ်သည်။
အဆိုပါတိုက်လေယာဉ်များအတွက် ကုန်ကျစရိတ်စုစုပေါင်းက အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံရှိသည့်အတွက် ဘိုးအင်းနှင့် လော့ဟိမာတင်တို့ ပါဝင်သည့် ကမ္ဘာကျော်လေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီများက စိတ်ဝင်စားနေသည်။ ထို့ပြင် ယင်းသဘောတူစာချုပ်သာချုပ်ဆိုနိုင်ပါက ကမ္ဘာပေါ်တွင်တိုက်လေယာဉ်ဝယ်ယူမှုအတွက် တန်ဖိုးအကြီးဆုံး သဘောတူစာချုပ်ဖြစ်လာမည် ဖြစ်သည်။
တိုက်လေယာဉ် ဝယ်ယူမှုအတွက် အဓိကကျသည့်သတ်မှတ်ချက်မှာ လေယာဉ်တစ်စင်းလုံး၏ ၈၅ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ဘိုးအင်းကုမ္ပဏီက ၄င်းတို့၏ F/A18 တိုက်လေယာဉ်အတွက် အိန္ဒိယနိုင်ငံပိုင် ဟင်ဒူစတန်လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ၊ မဟင်ဒရာကာကွယ်ရေးပစ္စည်း ကုမ္ပဏီတို့နှင့်ပူးပေါင်းရန် အဆိုပြုထားသည်။
လော့ဟိမာတင်ကုမ္ပဏီကမူ ၄င်းတို့၏ F-21 တိုက်လေယာဉ်များအတွက် တာတာကုမ္ပဏီနှင့် ပူးပေါင်းမည် ဖြစ်သည်။ ဆွီဒင်နိုင်ငံမှ ဆာ့(ဘ်)ကုမ္ပဏီကလည်း Gripen တိုက်လေယာဉ်များ ထုတ်လုပ်ပေးရန်အတွက် အိန္ဒိယ ကုဋေကြွယ်သူဌေး ဂေါ်တမ်အဒါနီနှင့် လက်တွဲသွားမည်ဟု အသီးသီး အဆိုပြုထားသည်။ တိုက်လေယာဉ် ထုတ်လုပ်ရန်အတွက် ရွေးချယ်ခံရသည့် ကုမ္ပဏီအနေဖြင့် ပထမဆုံး တိုက်လေယာဉ်ကို သုံးနှစ်အတွင်း လွှဲပြောင်းပေးနိုင်ရမည် ဖြစ်သည်။
အိမ်နီးချင်းပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့ကြား၌ နေထိုင်နေသည့် အိန္ဒိယနိုင်ငံအတွက် စစ်လက်နက်ပစ္စည်း အဆင့်မြှင့်တင်မှု သဘောတူညီချက် ကြီးကြီးမားမားကို မိုဒီက ၄င်း၏ပထမဝန်ကြီးချုပ်သက်တမ်းအတွင်း ပြုလုပ်ထားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ယခုဒုတိယသက်တမ်းတွင် အိန္ဒိယတပ်မတော်ကို အဆင့်မြှင့်တင်ရေးက မိုဒီအတွက် အဓိကဦးစားပေးကိစ္စ ဖြစ်လာသည်။
ထို့ပြင် မကြာသေးမီကဖြစ်ပွားသော အိန္ဒိယ-ပါကစ္စတန် နယ်စပ်တင်းမာမှု၌ ပါကစ္စတန်လေတပ်မှ F-16 တိုက်လေယာဉ် တစ်စင်းက အိန္ဒိယလေတပ်၏ ပင်မတိုက်ပွဲဝင်လေယာဉ် အမျိုးအစားတစ်ခုဖြစ်သော သက်တမ်းရင့် MiG-21 တိုက် လေယာဉ်တစ်စင်းကို ပစ်ချလိုက်မှုကလည်း မိုဒီ၏တိုက်လေယာဉ်အသစ်များ ဝယ်ယူမည့် ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် တိုက်လေယာဉ် ဝယ်ယူမှုအတွက် လိုအပ်သည့်အချက်အလက်များကို ရေးသားပြုစုနေပြီ ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက လွှတ်တော်၌ပြောသည်။
အလားတူ အိန္ဒိယအစိုးရသည် တင့်နှင့်သံချပ်ကာယာဉ်များကို ဝယ်ယူရန် လိုအပ်ချက်များကို ပြုစုနေသည့်အပြင် နိုင်ငံအတွင်း၌ ရေငုပ်သင်္ဘောများကို တည်ဆောက်ပေးရန်အတွက် ပြည်ပသင်္ဘောတည်ဆောက် ရေးကုမ္ပဏီများကို တောင်းဆိုထားသည်။
Ref: Bloomberg