SJ WorldNews - шаблон joomla Авто

အချုပ်အခြာအာဏာကို ခိုင်ခိုင်မာမာ ကာကွယ်သွားမည်ဟု ဆိုသည့် တရုတ်

Wednesday, 09 October 2019 09:17 font size decrease font size decrease font size increase font size increase font size

အမေရိကန်အစိုးရက တရုတ်နည်းပညာ ကုမ္ပဏီအသစ်တချို့ကို အောက်တိုဘာ ၇ ရက်တွင် နာမည်ပျက် စာရင်းသွင်းလိုက်သည်။ အမေရိကန်သည်  မကြာမီတွင် ဝါရှင်တန်မြို့၌   အဆင့်မြင့်အရာရှိကြီး အဆင့် ကုန်သွယ်ရေးဆွေးနွေးပွဲ ကျင်းပခါနီးတွင်  ယခုကဲ့သို့လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၈ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်လိုက်သည်။ တရုတ်အစိုးရအနေဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ရေးအတွက် ခိုင်ခိုင်မာမာနှင့် ယတိပြတ် လုပ်ဆောင်သွားမည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆိုလိုသည်မှာ    အမေရိကန်၏ လုပ်ရပ်အပေါ် လက်တုံ့ပြန်သွားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန်အစိုးရက ကျင့်သုံးနေသည့် မှားယွင်းသောလမ်းကြောင်းများကို ပြင်ဆင်ပြောင်းလဲသင့်ကြောင်းနှင့် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေမှုများကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ ဂန်ရှောင်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

နာမည်ပျက်စာရင်း အသွင်းခံလိုက်ရသော ကုမ္ပဏီများတွင် တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့ ၂ဝ နှင့်  ဗီဒီယိုဖြင့်စောင့်ကြည့်မှု ကုမ္ပဏီဖြစ်သော  Hikvision၊ မျက်နှာပြင်အသိအမှတ်ပြု နည်းပညာထိပ်တန်းကုမ္ပဏီ များဖြစ်သော  Sense Time နှင့် Megvii Technology ကုမ္ပဏီတို့ အပါအဝင် နည်းပညာကုမ္ပဏီရှစ်ခုတို့ ပါဝင်သည်။ ထို့ပြင် ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ပြည်သူ့အစိုးရ၏ ပြည်သူ့လုံခြုံရေးဗျူရိုသာမက မြူနီစီပယ်နှင့် စီရင်စုလုံခြုံရေး ဗျူရိုများသည်လည်း အမေရိကန်၏ နာမည်ပျက်စာရင်းတွင် ထည့်သွင်းခံရသည်။

အမေရိကန်၏   အကြောင်းပြချက်မှာ တရုတ်အစိုးရ၏ နိုင်ငံအတွင်းရှိ မူဆလင်များအပေါ် ဆက်ဆံမှုကို တုံ့ပြန်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အလားတူ မကြာမီကျင်းပမည့် နှစ်နိုင်ငံကြားကုန်သွယ်ရေး ဆွေးနွေးပွဲနှင့်လည်း   မည်သို့မျှသက်ဆိုင်ခြင်း မရှိဟုပြောသည်။ ယခုကဲ့သို့ နာမည်ပျက်စာရင်း အသွင်းခံရသည့် ကုမ္ပဏီများ အနေဖြင့် အမေရိကန်မှ   သက်ဆိုင်ရာစက်ပစ္စည်း အစိတ်အပိုင်းများကို အမေရိကန်အစိုးရ၏ ခွင့်ပြုချက်မရဘဲ ဝယ်ယူခွင့်ရှိမည် မဟုတ်ပေ။

နာမည်ပျက်စာရင်းအသွင်းခံရသော ကုမ္ပဏီများဖြစ်သည့် Hikvision နှင့် Meg-vii တို့က အမေရိကန်အစိုးရ၏ လုပ်ရပ်ကို  ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် အခြေအမြစ်မရှိဘဲ  အကြောင်းမဲ့နာမည်ပျက် စာရင်းသွင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ Sense  Time ကလည်း အမေရိကန်၏ လုပ်ရပ်အပေါ် အလွန်စိတ်ပျက်သည်ဟု ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ တရုတ်အစိုးရဘက်က မည်သို့တုံ့ပြန်မည်နှင့် ပတ်သက်၍ သတင်းထောက်များက    ဂန်ရှောင်ကို မေးမြန်းရာ တရုတ်အစိုးရအနေဖြင့် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို နားစွင့်နေရန်နှင့် သေချာသည်မှာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ခိုင်ခိုင်မာမာ ကာကွယ်သွားမည်သာ ဖြစ်သည်ဟု ၄င်းက အတိအလင်းပြောထားသည်။ Ref: Reuters, Bloomberg

ထက်မြက်

Read 25 times Last modified on Wednesday, 09 October 2019 09:18