SJ WorldNews - шаблон joomla Авто

အကွဲအပြဲဇာတ်လမ်းများ ထပ်မံထွက်ပေါ်လာစေဦးမည့် Brexit အရေး

Thursday, 10 October 2019 09:14 font size decrease font size decrease font size increase font size increase font size

ဥရောပသမဂ္ဂမှ  ဗြိတိန်နုတ်ထွက်မှုဖြစ်သည့် Brexit အရေးသည် တစ်နေ့တခြား ခက်ခဲသည်ထက်   ခက်ခဲ လာနေသည်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အောက်တိုဘာ ၃၁ ရက်တွင် မဖြစ်ဖြစ်သည့်နည်းဖြင့်    ဥရောပသမဂ္ဂမှ နုတ်ထွက်မည်ဟု   အခိုင်အမာပြောသလို အကြိမ်ကြိမ်လည်း ကတိပြုထားသည်။

ထိုသို့မဖြစ်ဖြစ်သည့် နည်းဖြင့် နုတ်ထွက် မည်ဆိုပါက   သဘောတူညီချက်မရဘဲ နုတ်ထွက်ရမည့် ရာခိုင်နှုန်းက ပိုများသည်။

ထိုအခြေအနေကို ဗြိတိန်လွှတ်တော်အမတ်များက လက်မခံ။ အကြောင်းရင်းမှာ ဗြိတိန်နိုင်ငံအတွက် ဆိုးကျိုးများသာ ပိုမိုရရှိစေခြင်းကြောင့် ဖြစ်သည်။

ဗြိတိန်လွှတ်တော်အမတ်များလက်မခံ သည့်နည်းတူ ဘောရစ်ဂျွန်ဆင်၏အစိုးရ အဖွဲ့မှ ဝန်ကြီးများကလည်း ဥရောပသမဂ္ဂမှ သဘောတူညီချက်မရဘဲ ဗြိတိန်နုတ်ထွက်ပါက သူတို့ပါ နုတ်ထွက်မည်ဟု ပြောလာသည်။ ထိုသူများမှာ ယဉ်ကျေးမှုဝန်ကြီးနစ်ကီမော်ဂန်၊ မြောက်အိုင်ယာလန်ဆိုင်ရာ ဗြိတိန်ဝန်ကြီး ဂျူလီယန်စမစ်၊ တရားရေး ဝန်ကြီး ရောဘတ်ဘက္ကလန်း၊ ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့နှင့် ရှေ့နေချုပ် ဂျော်ဖရေးကော့တို့ဖြစ်သည်။

ထို့ပြင်   သဘောတူညီချက်မရဘဲ နုတ်ထွက်မှုဖြစ်ပေါ်ပါက ဘောရစ်ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်ပါတီမှ  လွှတ်တော်အမတ် အများအပြားကလည်း   ပါတီမှနုတ်ထွက်မည်ဟု အမည်မဖော်လိုသူ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောကြောင်း The Times သတင်းစာက ဖော်ပြထားသည်။ ထိုအခြေအနေများသည် ဘောရစ်ဂျွန်ဆင် အတွက် ကောင်းခြင်းတော့မဟုတ်ပေ။

သူ့အတွက် လုပ်စရာတစ်ခုက အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပြုလုပ်မည့် ဥရောသမဂ္ဂထိပ်သီး ညီလာခံ၌ ကျန်ဥရောပ ခေါင်းဆောင်များနှင့် သဘောတူညီချက် အသစ်တစ်ခုရရှိရန် ဖြစ်သည်။

ထိုသို့ မစွမ်းဆောင်နိုင်ပါက ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရမည့် ရက်ကို    ထပ်မံနောက်ဆုတ်ပေးရန်အတွက်   ဘောရစ်ဂျွန်ဆင်အနေဖြင့် မဖြစ်မနေတောင်းဆိုရန် လွှတ်တော်က ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်သည်။

အောက်တိုဘာ ၁၉ ရက်တွင်မူ လွှတ်တော်က အထူးအစည်းအဝေးတစ်ခုကို ပြုလုပ်မည်ဖြစ်ပြီး Brexit  အရေး ရှေ့အလားအလာနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်သည်။ အကယ်၍ ဘောရစ်ဂျွန်ဆင် အနေဖြင့် ဥရောပ ခေါင်းဆောင်များနှင့် သဘောတူညီမှု တစ်ခုမရရှိပါက ဖြစ်လာနိုင်သော လုပ်ဆောင်မှုများအတွက် လွှတ်တော်က မဲခွဲဆုံးဖြတ်မှုများကို ထိုရက်တွင်ပင်လုပ်မည် ဖြစ်သည်။ ထိုလုပ်ဆောင်မှုများတွင် ဘောရစ်ဂျွန်ဆင်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမှုလည်း ပါဝင်လာမည်။

ထို့ကြောင့် ဘောရစ်ဂျွန်ဆင်လုပ်ရမည့် တစ်ခုတည်းသောအရာက     ဥရောပခေါင်းဆောင်များနှင့် သဘောတူညီချက် ရရန်ဖြစ်သည်။ သို့သော် ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်၏ တောင်းဆိုမှုများက လက်ခံနိုင်ဖွယ်ရာ မရှိသည့်အတွက် သဘောတူညီမှုရရန်မှာ မဖြစ်နိုင်ကြောင်း   ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

မာကယ်၏တောင်းဆိုမှုမှာ မြောက်အိုင်ယာလန်ကို ဥရောပသမဂ္ဂ၏ အကောက်ခွန်သမဂ္ဂတွင် ဆက်လက်ထားရှိရန် ဖြစ်သည်ဟု ဝန်ကြီးချုပ်ရုံးကထုတ်ပြန်သည်။ ဘောရစ်ဂျွန်ဆင်ကမူ ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးပါက မြောက်အိုင်ယာလန်ကိုလည်း ထိုအကောက်ခွန်သမဂ္ဂမှ တစ်ပါတည်း နုတ်ထွက်စေရန် လိုလားသည်။

ထို့ပြင် သဘောတူညီမှုရရန်အတွက် ဟန့်တားနေသည့် နောက်ထပ်အတားအဆီးတစ်ခုမှာ ဗြိတိန်အုပ်ချုပ်မှုအောက်ရှိ မြောက်အိုင်ယာလန်နှင့် ဥရောပသမဂ္ဂဝင် နိုင်ငံဖြစ်သည့်     အိုင်ယာလန်တို့ကြား နယ်နိမိတ်ပြဿနာပင် ဖြစ်သည်။ ထို့ကြောင့် ဘောရစ်ဂျွန်ဆင်အနေဖြင့်     ဥရောပခေါင်းဆောင်များနှင့် သဘောတူညီချက် ရရန်မှာ မည်သို့မျှသေချာမှု မရှိသည့် အခြေအနေဖြစ်နေသည်။

ထိုအခြေအနေအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဘောရစ်ဂျွန်ဆင်အနေဖြင့် ရာထူးမှ ဖြုတ်ချခံရသည်အထိ ဖြစ်နိုင်သည်။ သို့မဟုတ်ပါက ကွန်ဆာဗေးတစ်ပါတီအတွင်း စိတ်ဝမ်းကွဲမှုများအပြင် လွှတ်တော်အမတ်များ၊ ဝန်ကြီးများ နုတ်ထွက်လာနိုင်သည်။

ထိုသို့ဖြစ်လာပြီဆိုလျှင်  ဗြိတိန်နိုင်ငံရေးသည် တည်ငြိမ်မှု ပျက်ပြားလာနိုင်ပြီး အကွဲအပြဲ ဇာတ်လမ်းများကို ယခုထက် ပိုမိုမြင်တွေ့လာရမည်ပင် ဖြစ်သည်။

Ref: Reuters

Read 19 times Last modified on Thursday, 10 October 2019 09:15