SJ WorldNews - шаблон joomla Авто

အမေရိကန်နှင့် မဟာမိတ်များ၏ စစ်အခြေစိုက် စခန်းများဖွင့်လှစ် ခွင့်ပြုထားသည့် ဒေသတွင်းနိုင်ငံများကို အီရန်သတိပေး

Wednesday, 06 November 2019 09:03 font size decrease font size decrease font size increase font size increase font size

နိုင်ငံ၏ပိုင်နက်အတွင်း၌ အမေရိကန် သို့မဟုတ်   ၄င်း၏ မဟာမိတ်နိုင်ငံများအား စစ်အခြေစိုက် စခန်းများ ဖွင့်လှစ်ခွင့်ပြုထားသည့် အရှေ့အလယ်ပိုင်းဒေသတွင်းရှိ နိုင်ငံများကို အီရန်စစ်ဘက်က သတိပေးပြောကြားသည်။

ဒေသတွင်း၌  စစ်မက်ဖြစ်ပွား လာမည်ဆိုပါက အီရန်လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် အမေရိကန်  သို့မဟုတ် ၄င်း၏မဟာမိတ်နိုင်ငံများက စစ်စခန်းများ ဖွင့်လှစ်ထားသည့် နယ်မြေပိုင်နက်များကို  ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်းနှင့် ထိုသို့တိုက်ခိုက်နိုင်ကြောင်းကို   လက်တွေ့ပြသခဲ့ပြီး ဖြစ်ကြောင်း အီရန်စစ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်အာဘိုဖက်ဇယ်ရှီကာချီက ပြောကြားခြင်းဖြစ်သည်။ အီရန်အနေဖြင့် စစ်မက်ဖြစ်ပွားမှု   သို့မဟုတ် ရန်စကျူးကျော်မှု လုပ်ဆောင်မည် မဟုတ်သော်လည်း နိုင်ငံအပေါ် ကျူးကျော်ရန်စလာမည့် မည်သည့်နိုင်ငံမျိုးမဆို   အမှားကြီးတစ်ရပ်ကို ကျူးလွန်မိခြင်းသာ ဖြစ်မည်ဖြစ်ကြောင်း၊ အီရန်အနေဖြင့် ကျူးကျော်ရန်စလာသူအား   အပြင်းထန်ဆုံး ခုခံသွားမည် ဖြစ်ကြောင်း   ၄င်းကဆက်ပြောသည်။

ဆော်ဒီအာရေဗျရှိ ရေနံချက်စက်ရုံများအား စက်တင်ဘာလအတွင်း  ဟူသီသူပုန်များက တိုက်ခိုက်ခဲ့ခြင်းသည် ဒေသတွင်း၌ ဖြန့်ကြက်ထားသည့် အမေရိကန်ရေဒါစနစ်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များမှာ  ထိရောက်မှု မရှိကြောင်းကို သက်သေပြသခဲ့ပြီးဖြစ်ကြောင်း၊  ထို့ပြင်အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခြင်းသည် ဒေသတစ်ခုလုံးအား  မီးလောင်တိုက်သွင်းမည့် အခြေအနေကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ရှီကာချီက ဆက်ပြောသည်။

အမေရိကန်ပြည်ထောင်စုသည်  အီရန်နိုင်ငံ၏  ပတ်ပတ်လည်တွင် စစ်အခြေစိုက်စခန်း အတော်များများကို  ဖွင့်လှစ်ထားပြီး ဆော်ဒီရေနံချက်စက်ရုံများ တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင်     ယင်းနိုင်ငံအား အကာအကွယ်ပေးရန် အတွက်ဟု ဆိုကာ အမေရိကန်စစ်သည်  ၃ဝဝဝ၊  တိုက်လေယာဉ်အုပ်နှစ်အုပ်၊ Patriot နှင့် THAAD ဒုံးကျည်ကာကွယ်ရေးစနစ်များ၏ ပစ်စင်များကို ဆော်ဒီအာရေဗျသို့ ပို့ဆောင်ဖြန့်ကြက်ရန် စီစဉ်ခဲ့သည်။    စင်စစ်တွင် အဆိုပါ လက်နက်ပစ္စည်းများအား ဖြန့်ကြက်ခြင်းသည် အီရန်၏အန္တရာယ်ကို တန်ပြန်ရန်ဖြစ်သည်။

ထို့ပြင်ဒေသတွင်းရှိ    အမေရိကန်စစ်အခြေစိုက်စခန်းများအား  အိမ်ရှင်အဖြစ် လက်ခံထားသည့်နိုင်ငံများတွင်   ဘာရိန်းနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ ဘာရိန်းနိုင်ငံသည် အမေရိကန်ရေတပ်မှ  အမှတ်(၅)ရေယာဉ်စုကို နိုင်ငံ၏ပိုင်နက်အတွင်း၌ ဖြန့်ကြက်ခွင့်ပြုထားသည်။   အလားတူ အမေရိကန်စစ်ဘက်သည် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ Al Dhafra လေတပ်အခြေစိုက် စခန်းတွင်လည်း တပ်ဖွဲ့ဝင် ၅ဝဝဝ ခန့်ကို ဖြန့်ကြက်ထားသည်ဟု ယူဆရသည်။ထို့ပြင်ဒေသတွင်း မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့်ကာတာရှိ Al Udeid လေတပ်အခြေစိုက် စခန်းတွင်လည်း အမေရိကန်တပ်ဖွဲ့ဝင် ၁ဝဝဝဝ ခန့်ကို  ဖြန့်ကြက်ထားသည်။

အမေရိကန်စစ်ဘက်သည်  အဆိုပါ စစ်အခြေစိုက် စခန်းများအပြင် ယီမင်နှင့်ဆီးရီးယားနိုင်ငံ တို့တွင်လည်း အထူးတပ်ဖွဲ့များကို ဖြန့်ကြက်ထားသည်။ အမေရိကန်က ဖွင့်လှစ်ထားသော အဆိုပါ စစ်အခြေစိုက်စခန်းများနှင့်  အမေရိကန် စစ်ဘက်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးအရပါဝင်မှု တိုးမြှင့်လုပ်ဆောင်လာခြင်းသည် နိုင်ငံအား တန်ပြန်မှုတစ်ရပ်အဖြစ် အီရန်က ရှုမြင်ထားသည်။ ဒေသတွင်း၌ ဖြန့်ကြက်ထားသည့် အမေရိကန် တပ်ဖွဲ့များအား အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ယင်းတပ်ဖွဲ့များအနေဖြင့် အမှားအယွင်း တစ်စုံတစ်ရာ လုပ်ဆောင်လာမည်ဆိုပါက ဒေသတွင်း၌  ရေကုန်ရေခန်းတိုက်ခိုက်မည့် စစ်ပွဲတစ်ရပ်ကို  ဖြစ်ပေါ်စေမည်ဟု အမေရိကန်စစ်ဘက်ကို အီရန်က အစောပိုင်းတွင် သတိပေးထားသည်။

Ref: Sputnik,Reuters

 

မောင်ယုယ

Read 42 times Last modified on Wednesday, 06 November 2019 09:15