SJ WorldNews - шаблон joomla Авто

အမေရိကန်၏လုပ်ရပ်များအတွက် အပြန်အလှန်အနေဖြင့် ရုရှားက ယခင်တားမြစ် ဒုံးကျည်များ ထုတ်လုပ်မည်

Saturday, 09 November 2019 11:44 font size decrease font size decrease font size increase font size increase font size

မော်စကို၊ စစ်ရေး

ပျက်စီးသွားပြီဖြစ်သော တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့ (INF) သဘောတူညီ စာချုပ်တွင် တားမြစ်ထားသည့် ဒုံးကျည်များကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်မှုသည်   အမေရိကန်၏ လုပ်ရပ်များအတွက် အပြန်အလှန်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က မော်စကိုမြို့ ၌ ကျင်းပသော လက်နက်မပြန့်ပွားရေး ဆွေးနွေးပွဲတွင် ပြောသည်။

NATO တပ်ဖွဲ့အနေဖြင့် ဥရောပ၌ တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကြက်မှု တရားဝင် ဆိုင်းငံ့ထားမှုကို သဘောတူမည် မဟုတ်ကြောင်း ဖော်ပြထားသည်ဟု ဆာဂျီလက်ရော့က ပြောသည်။

ဥရောပနှင့် အခြားဒေသများ၌ ယင်းဒုံးကျည်များ ဖြန့်ကြက်မှု တရားဝင်ဆိုင်းငံ့ရေးကို   ရုရှားသမ္မတ ဗလာဒီမာပူတင်က အစောပိုင်းတွင် အဆိုပြုထားသည်။ သို့သော် ယင်း အဆိုပြုချက်ကို မယုံကြည်ရမှုအဖြစ် NATO တပ်ဖွဲ့က တုံ့ပြန်သည့်အတွက် ယင်းအဖွဲ့ ၏တုံ့ပြန်ချက်ကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နောက်ပိုင်းတွင် ကန့်ကွက်ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား ချုပ်ဆိုထားသော INF စာချုပ်သည် အကွာအဝေး ကီလိုမီတာ ၅ဝဝ မှ ၅၅ဝဝ အထိရောက်ရှိနိုင်သော ပဲ့ထိန်းနှင့်ခရု(စ်) ဒုံးကျည်များကို တားမြစ်ထားပြီး အမေရိကန်အစိုးရက ပြီးခဲ့သည့် ခြောက်လခန့်က သဘောတူစာချုပ်ပါ ကတိကဝတ်များကို တရားဝင်ဆိုင်းငံ့ကာ သြဂုတ် ၂ ရက်တွင် စာချုပ်မှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန်သည် မဟာဗျူဟာမြောက် လက်နက်များ လျှော့ချရေး သဘောတူ စာချုပ် (New START) နှင့်ပတ်သက်၍ ရုရှားအစိုးရနှင့် ဆွေးနွေးရာတွင်လည်း ထို ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံပါဝင်မှသာ ဆွေးနွေးပွဲ ကျင်းပမည်ဟု ပြောထားကြောင်း ဆာဂျီလက်ရော့က ဆိုသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် ချုပ်ဆိုထားသော အဆိုပါ သဘောတူစာချုပ်သည် လက်ရှိတွင် ရုရှားနှင့် အမေရိကန် နိုင်ငံတို့ကြားသာ ချုပ်ဆိုထားဆဲဖြစ်ပြီး ၂ဝ၂၁ ခုနှစ်တွင် သက်တမ်း ကုန်မည်ဖြစ်သည်။ သို့သော် အမေရိကန်က ယင်းသဘောတူစာချုပ်ကို သက်တမ်းတိုးမည့် အစီအစဉ်များကို မကြေညာဘဲ သုံးနိုင်ငံပါဝင်သော သဘောတူ စာချုပ်ချုပ်ဆိုရန်အတွက် ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံကို  ပါဝင်စေရန် ဆန္ဒရှိသည်ဟု ပြောထားသည်။        

Ref: Sputnik

Read 17 times Last modified on Saturday, 09 November 2019 11:45