SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားနှင့် ဂျပန်တို့ကြား မပြေလည်နိုင်သေးသည့် ဒုတိယကမ္ဘာစစ်၏ အမွေဆိုးများ

Thursday, 14 November 2019 09:21 font size decrease font size decrease font size increase font size increase font size

ဒုတိယကမ္ဘာစစ်ကာလသည် ကမ္ဘာပေါ် တွင် ရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးမှုများ သာမက စိတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ အများဆုံးဖြစ်ပွားသည့် ကာလဖြစ်သည်။

ထိုကာလအတွင်း ဂျပန်တို့ ကျူးလွန်သောပြစ်မှုများ အများအပြားရှိသည်။ အထူးသဖြင့် အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံသားများ အပေါ် ကျူးလွန်သည့် အဓမ္မလုပ် အားပေးခိုင်းစေမှုနှင့် လိင်ကျွန်ပြုမှုတို့ဖြစ်သည်။ ဂျပန်စီးပွားရေး ကုမ္ပဏီများက တောင်ကိုရီးယား နိုင်ငံသားများကို အဓမ္မလုပ်အား ပေးခိုင်းစေသည်။ တောင်ကိုရီးယားသူများကို ဂျပန်စစ်သည်များအတွက် လိင်ကျွန်အဖြစ် အသုံးပြုသည်။

စစ်အတွင်း ဂျပန်တို့၏လိင်ကျွန်ပြုခြင်းခံရသူ အမျိုးသမီးနှစ်သိန်းအထိရှိသည်။ အများစုမှာ တောင်ကိုရီးယားမှဖြစ်ပြီး ကျန်အမျိုးသမီးများမှာ တရုတ်နိုင်ငံ အပါအဝင် အာရှနိုင်ငံများမှဖြစ်သည်။ ထိုသို့လိင်ကျွန်ပြုခြင်း ခံရသူများကို ဇိမ်မယ်ဟု အမည်ပေးထားသည်။ ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့၏ လက်နက်ချမှုနှင့်အတူ စစ်ကြီးပြီးဆုံးသွားပြီးနောက် အဆိုပါ စစ်ပွဲ၏ အမွေဆိုးများက  သမိုင်းတွင်ကျန်ရစ်ခဲ့သည်။

ဂျပန်တို့သည် ၁၉၆၅ ခုနှစ်တွင် တောင်ကိုရီးယားနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သင့်မြတ်စေရေးအတွက် အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် လိင်ကျွန်ပြုမှုတို့ကို ကျေအေးပေးရန် သဘောတူစာချုပ်နှင့်အတူ လျော်ကြေးငွေများ ပေးအပ်လိုက်သည်။ ၂ဝ၁၅ ခုနှစ်တွင်လည်း လိင်ကျွန်ပြုမှုကိစ္စနှင့် ပတ်သက်၍ ကျေအေးစေရန် တရားဝင် တောင်းပန်မှုနှင့်အတူ လျော်ကြေးငွေယန်း ၁ ဘီလီယံကိုပါ ပေးအပ်သည်။

သို့သော် ဂျပန်တို့၏စစ်အတွင်းညှဉ်းပန်း နှိပ်စက်မှုများကိုခံရသည့် တောင်ကိုရီးယား နိုင်ငံသားများကမူ အဓမ္မ လုပ်အားပေးခိုင်း စေမှုအတွက် ဂျပန်ကုမ္ပဏီများကိုလည်းကောင်း၊ လိင်ကျွန်ပြုမှုအတွက် ဂျပန်အစိုးရကို လည်းကောင်း တရားစွဲဆိုမှုများပြုလုပ်ကာ နစ်နာကြေးများ တောင်းခံသည်။ လိင်ကျွန်ပြုမှုအတွက် တရားစွဲဆိုမှုတွင် လိင်ကျွန်ပြု ခံရသူတစ်ဦးစီအား ဂျပန်အစိုးရက ဝမ်သန်း  ၂ဝဝ စီပေးရန် တောင်ကိုရီးယားနိုင်ငံသား  တရားလိုအယောက် ၂ဝ က ပြီးခဲ့သည့်သုံး နှစ်မှစ၍ တရားရုံးမှတစ်ဆင့် တောင်းခံသည်။

နိုဝင်ဘာ ၁၃ ရက်တွင်မူ ထိုအမှုများနှင့် ပတ်သက်၍ တရားရုံးက ကြားနာစစ်ဆေးမှု ပြုလုပ်ရာ သက်ရှိထင်ရှား ရှိနေသေးသည့် လိင်ကျွန်ပြုခံရသူများနှင့် ၄င်းတို့၏ မိသားစုများက  တရားခွင်သို့ တက်ရောက်သည်။ သို့သော်  ဂျပန်အစိုးရဘက်က မည်သူမျှ တက်ရောက်ခြင်း မရှိပေ။

ထိုသို့ တရားစွဲဆိုမှုများနှင့် ပတ်သက်၍  ၁၉၆၅ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်သဘောတူ ညီချက်များအရ ဖြေရှင်းပြီး ဖြစ်ကြောင်း ဂျပန်အစိုးရက  အကြိမ်ကြိမ်ပြောသည်။ သို့သော်  ထိုသဘောတူစာချုပ်များသည် နစ်နာသူတစ်ဦးချင်း အနေဖြင့် နစ်နာကြေး တောင်းဆိုပိုင်ခွင့်ကို တားမြစ်ပိတ်ပင်ထားခြင်း မရှိကြောင်း တောင်ကိုရီးယားရှေ့နေ တစ်ဦးဖြစ်သည့် ရူကွမ်းအုတ်က ပြောသည်။

ယခုကဲ့သို့ ဂျပန်အစိုးရဘက်က တရားခွင် သို့မတက်ခြင်းသည် ဂျပန်၏ ဂုဏ်သိက္ခာမရှိသည့် လုပ်ရပ်ဖြစ်သည်ဟု သက်ရှိထင်ရှား လိင်ကျွန်တစ်ဦးဖြစ်သည့် အသက် ၉၁ နှစ်ရှိ  လီယောင်ဆူးက ပြောသည်။ ထို့ပြင် ယခုတရားခွင်သည် စစ်အတွင်းလိင်ကျွန်ပြု ခံရသူများအနက် သက်ရှိထင်ရှားရှိသူများ ကိုယ်တိုင် တက်ရောက်သော တရားခွင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အစိုးရများသည် နစ်နာသူများ၏ သဘောထားမပါဘဲ သဘောတူညီ ချက်များကို ချမှတ်ထားခြင်းသာ ဖြစ်ကြောင်း ရှေ့နေ လီဆန်ဟီးက ပြောသည်။

ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီဟိုက်ဆူဂါကမူ ထိုပြဿနာများကို အပြည့်အဝ ဖြေရှင်းပြီး ဖြစ်ကြောင်းနှင့် နိုင်ငံတကာ တရားဥပဒေအရ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအနေဖြင့် တောင်ကိုရီးယား တရားစီရင်ရေးအပေါ် လိုက်နာရန် မလိုကြောင်း   အကြိမ်ကြိမ်ထပ်ပြောသည်။

အိမ်နီးချင်းနိုင်ငံများလည်းဖြစ်၊ စီးပွားရေး အင်အားကြီး နိုင်ငံများလည်းဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကြား ဆက်ဆံရေးသည် အဓမ္မလုပ်အားပေးအခိုင်း ခံရသူများကိစ္စနှင့် ပတ်သက်၍ စီးပွားရေးမှသည် ကာကွယ်ရေးအထိ တင်းမာမှုများ မြင့်တက်နေသည်။ ထိုအချိန်တွင် လိင်ကျွန်ပြုမှု ကိစ္စတရားစွဲဆိုမှုက အဆိုပါ နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေမည်သာ ဖြစ်သည်။

ထို့ကြောင့် စစ်ပွဲ၏ အမွေဆိုးများသည် တောင်ကိုရီးယားနှင့်  ဂျပန်နိုင်ငံတို့၏ ဆက်ဆံရေးကို ပြေလည်စေမည့် လမ်းစထွက်ပေါ်လာရေးကို အလှမ်းဝေးနေစေဦး မည်ဖြစ်ပေသည်။

Ref: Reuters, The Straits Times

Read 38 times Last modified on Thursday, 14 November 2019 09:21