မက္ကဆီကို စီးတီး၊ ပစ်ခတ်မှု
အမေရိကန်နိုင်ငံနှင့် နယ်စပ်အနီး မက္ကဆီကိုနိုင်ငံရှိ ဗယ်လာယူနီယံမြို့၌ နိုဝင်ဘာ ၃၀ ရက်တွင် သေနတ်သမားများ နှင့် ရဲတပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာ ၁၄ ဦးသေဆုံးကြောင်း သိရသည်။
ယင်းပစ်ခတ်မှုသည် အဆိုပါသေနတ် သမားများကို အကြမ်းဖက် သမားများအဖြစ် သတ်မှတ်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကပြောပြီးနောက် ရက်များစွာအကြာတွင် ဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူများတွင် သေနတ် သမား ၁၀ ဦး နှင့်ရဲတပ်ဖွဲ့ဝင် လေးဦး ပါဝင်သည်။
ကွာဟိုင်လာပြည်နယ်မြောက်ပိုင်း ပီးဒရက်နီကရက်နယ်စပ်မြို့ အနောက်တောင်ဘက် ၆၅ ကီလိုမီတာ အကွာရှိ ဗယ်လာ ယူနီယံမြို့ငယ်လေး၌ မွန်းတည့်ချိန်တွင် အမိုးပွင့် ထရပ်ကားများကို စီးနင်းလာသော သေနတ်သမားများ နှင့်ရဲတပ်ဖွဲ့ ၀င်များကြား တိုက်ခိုက်မှုဖြစ်ပွားကြောင်း ပြည်နယ်အစိုးရက ပြောသည်။
ပြည်နယ်အစိုးရအနေဖြင့် ယင်းသေနတ် သမားများကို ကိုင်တွယ်ရန် ပြတ်သားစွာ လုပ်ဆောင်ကြောင်း ကွာဟိုင်လာ ပြည်နယ် အုပ်ချုပ်ရေးမှူး မီဂယ်အန်ဂယ် ရစ်ကွင်းက သတင်းထောက်များကို ပြောသည်။ တစ်နာရီ ကျော်ကြာမြင့်သော ယင်းတိုက်ခိုက်မှုတွင် ခြောက်ဦး ဒဏ်ရာရရှိကြောင်း ၎င်းင်းကဆက် ပြောသည်။
Ref: Reuters