SJ WorldNews - шаблон joomla Авто

ကာကွယ်ရေး ကဏ္ဍတွင် သာမက တခြားကဏ္ဍများ တွင်ပါ ဆက်လက် တိုးတက်နေမည့် ရုရှား-တူရကီ ဆက် ဆံရေး

Sunday, 08 December 2019 15:46 font size decrease font size decrease font size increase font size increase font size

ရုရှားနိုင်ငံမှ လက်နက်ပစ္စည်းများ ၀ယ်ယူမည့် အစီအစဉ်နှင့် စပ်လျဉ်း၍    အမေရိကန် အစိုးရက တူရကီနိုင်ငံ အား သတိပေး နေစဉ် ရုရှားနှင့် တူရကီတို့၏ နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ပိုမိုကောင်းမွန်လာမည့် အလား အလာ ရှိနေသည်ကို   တွေ့ရသည်။

တူရကီ နိုင်ငံသည်   အမေရိကန် အစိုးရက သတိပေးနေသည့် ကြားမှ ရုရှားနိုင်ငံမှ S-400 ဒုံးကျည် ကာ ကွယ်ရေး စနစ်အား ယခုနှစ် အစောပိုင်းက၀ယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းသည်  တူရကီ-အမေရိကန် ဆက်ဆံရေး ကို  ထိခိုက်စေခဲ့သည့်အပြင်  တူရကီ၏ အဆိုပါလုပ်ဆောင်ချက်အပေါ် တုံ့ပြန်သည့်အနေဖြင့်  အမေရိကန် အစိုးရက  F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ  ထုတ်လုပ်ရောင်းဝယ်ရေး အစီအစဉ်မှ   တူရကီအား ဖယ် ရှားခဲ့သည်။ ထို့ပြင် တူရကီနိုင်ငံအပေါ် ပိတ်ဆို့မှုများ  ချမှတ်နိုင်သည်ဟု အမေရိကန်က ခြိမ်းခြောက် ပြောကြား ခဲ့သည်။ သို့ရာတွင် ယခုအချိန်ထိ အမေရိကန်က တူရကီနိုင်ငံအပေါ် ပိတ်ဆို့ထားခြင်း မရှိသေးပေ။ 

တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရက တူရကီနိုင်ငံသို့ F-35 တိုက်လေယာဉ်များ ရောင်းချမှု ပိတ်ပင် ထားခြင်းကို ဖယ်ရှားခြင်း မရှိပါက  တူရကီအစိုးရ အနေဖြင့် ရုရှားနှင့် ကာကွယ်ရေးအရ ဆက်ဆံနေမှုကို တိုး မြှင့်မည့် အပြင် ရုရှားလုပ် Su-35 တိုက်လေယာဉ် များကို    ၀ယ်ယူမည်ဟု  တူရကီသမ္မတ ရီဆပ်တေယစ် အာဒိုဂန်က အမေရိကန် အစိုးရအား ခြိမ်းခြောက် ပြောကြားခဲ့သည်။

တူရကီနိုင်ငံသည် ရုရှားနိုင်ငံမှ တိုက်လေယာဉ် ၃၆ စင်းဝယ်ယူရန် စီစဉ်လျက်ရှိပြီး Su-35 အမျိုးအစား တိုက်လေယာဉ် များနှင့်   ပိုမိုအစွမ်းထက်သည့်  Su-57 တိုက်လေယာဉ်များကို  ရုရှားနှင့်  ပူးတွဲထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိသည်။   သို့ရာတွင်   နှစ်နိုင်ငံကြား  လေယာဉ်ပူးတွဲထုတ်လုပ်ရေး အတွက် သဘောတူညီချက် များကို   လက်မှတ်ရေးထိုးရခြင်း မရှိသေးပေ။

တူရကီက  Su-35 တိုက်လေယာဉ်များ ၀ယ်ယူရန်   ဆုံးဖြတ်လိုက်ခြင်းသည် တူရကီ-ရုရှားဆက်ဆံရေးကို   အဆင့် တစ်ဆင့် ထပ်မံတိုးမြှင့်ခြင်း ဖြစ်ပြီး ယင်းဆုံးဖြတ်ချက်သည် တူရကီနှင့်  NATO တပ်ဖွဲ့ကြား ဆက်ဆံရေး ကိုပါ ထိခိုက်စေမည့် အလားအလာ ရှိသည့်အပြင်   အမေရိကန် ပြည်ထောင်စုအတွက်   စိန်ခေါ်မှု တစ်ရပ် အဖြစ် ထွက်ပေါ် လာစေသည်။

ရုရှားလုပ် ဒုံးကျည်ကာကွယ်ရေး စနစ်ကို ၀ယ်ယူခြင်းမပြုရန်  တူရကီအား အမေရိကန်က  တားမြစ်ခြင်းမှာ  ရုရှား ဒုံးကျည် ကာကွယ်ရေးစနစ်သည်  NATO တပ်ဖွဲ့တွင်   အသုံးပြုနေသည့်   စစ်လက်နက် ပစ္စည်းများနှင့် တွဲဖက်၍ အသုံးပြုနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်ဟု အမေရိကန်က အကြောင်းပြထားသည်။ စင်စစ် အမေရိကန် အစိုးရသည်    တူရကီက   ရုရှားမှ S-400 ဒုံးကျည်ကာကွယ်ရေး စနစ်ကို ၀ယ်ယူမည့်အစား အ မေရိကန် ပြည်ထောင်စု၏ Patriot ဒုံးကျည် ကာကွယ်ရေး စနစ်များဝယ်ယူရန်   ဆန္ဒရှိနေခြင်းဖြစ်သည်။

ထို့ပြင် NATO တပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် တူရကီအား ရုရှားနှင့် ကာကွယ်ရေးအရ ဆက်ဆံမှု ကောင်းမွန် နေခြင်းကို အမေရိကန် အစိုးရအနေဖြင့် လိုလားမည် မဟုတ်ပေ။ သို့သော် ရုရှားနှင့် တူရကီတို့၏  ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံမှုသည် လက်ရှိတွင် တိုးတက်လျက်ရှိသည်။

ရုရှားနိုင်ငံသည်  တူရကီ ၀ယ်ယူထားသည့်   ဒုံးကျည်ကာကွယ်ရေး စနစ်၏ အစိတ်အပိုင်းများကို    တူရကီ နိုင် ငံသို့ ဇူလိုင်လ ကတည်းက စတင်ပေးပို့ခဲ့ခြင်း ဖြစ်ပြီး တူရကီနိုင်ငံ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလခန့်တွင်    အဆိုပါ ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုလုံးကို ဖြန့်ကြက်နိုင်မည် ဖြစ်သည်။ ထို့ပြင်  ဒုံးကျည်ကာကွယ်ရေး စနစ်များကို တူရကီသို့ ထပ်မံရောင်းချ နိုင်ရေးအတွက် ရုရှားနှင့် တူရကီ အစိုးရတို့ ဆွေးနွေးလျက် ရှိသည်။

နှစ်နိုင်ငံကြား လုပ်ဆောင်နေသည့် ဆွေးနွေးပွဲတွင် ဒုံးကျည်စနစ်များ ထပ်မံဝယ်ယူရာ၌  ငွေကြေးပေးချေမှု အပေါ်  အဓိကထားဆွေးနွေးလျက် ရှိသည်။   ထို့ကြောင့် ရုရှားနိုင်ငံမှ ထုတ်လုပ်သည့်  စစ်လက်နက် ပစ္စည်းများကို မ၀ယ်ယူရန် ကဖျက်ယဖျက် လုပ်ဆောင်နေသည့်     အမေရိကန်၏ ကြိုးပမ်းချက်မှာ ထိရောက်မှု မရှိဟု ဆိုနိုင်သည်။  

ထို့ပြင် အမေရိကန် အစိုးရသည် အိနိ္ဒယနှင့် တရုတ်နိုင်ငံတို့အား ရုရှား လုပ်လက်နက်များ   ၀ယ်ယူခြင်း မပြုရန်    အလားတူ ဟန့်တား ဖူးသည်။ သို့သော် အဆိုပါအာရှ အင်အားကြီး နိုင်ငံများက အမေရိကန်အစိုးရ၏ ပိတ်ဆို့ရေး မူဝါဒကို ပြောင်ပြောင်တင်းတင်း အာခံလျက်ရှိသည်။     အိနိ္ဒယနှင့် တရုတ်နိုင်ငံတို့သည် ရုရှား နိုင်ငံမှ စစ်ရေးနည်းပညာ အကူအညီဖြင့်     ၎င်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့များကို အဆင့်မြှင့် တင်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။

ရုရှားနှင့် တူရကီတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြည့်မည်ဆိုပါက တူရကီက ၂၀၁၅ ခုနှစ် နိုဝင်ဘာ၂၃ ရက်တွင် ရုရှား Su-35 စစ်လေယာဉ် တစ်စင်းကို ဆီးရီးယားနယ်စပ်၌ ပစ်ချခဲ့ပြီး နောက်ပိုင်း  အဆိုးဆုံး အဆင့်သို့ ရောက်ရှိလာသည်။ ရုရှား စစ်လေယာဉ်အား တူရကီက ပစ်ချခဲ့ခြင်းသည် နောက်ကျောကို ဓားဖြင့် ထိုးခြင်းဖြစ်သည်ဟု ရုရှားသမ္မတ  ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး တူရကီအပေါ် ပိတ်ဆို့မှုများ ချ မှတ် မည်ဟု ကြေညာသည် အထိ ဆက်ဆံရေး တင်းမာခဲ့သည်။ အကယ်၍ ရုရှားအစိုးရက တူရကီအပေါ် ပိတ် ဆို့မှုများ ချမှတ်ခဲ့ပါက  တူရကီသို့  အစားအစာ တင်ပို့မှုကို  ရုရှားက  တားမြစ်မည်ဖြစ်ပြီး   ရုရှားနိုင်ငံ အတွင်းရှိ   တူရကီ ဆောက်လုပ်ရေး စီမံကိန်းများ ရပ်ဆိုင်းခံရမည် ဖြစ်သည်။

ထို့ပြင် ရုရှားနှင့် တူရကီနှစ်နိုင်ငံကြား ကုန်သွယ်ရေး ဖြေလျှော့မှုများ လုပ်ဆောင်ရေး   ဆွေးနွေးပွဲများကို    ရုရှား အစိုးရဘက်မှ တစ်ဖက်သတ် ရပ်ဆိုင်းဖွယ်ရှိသည်။ သို့ရာတွင် ရုရှားစစ်လေယာဉ် ပစ်ချခံရမှုနှင့် ပတ် သက်၍ တူရကီသမ္မတ အာဒိုဂန်က ရုရှားနိုင်ငံအား တရားဝင်တောင်းပန်ခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် နွေးထွေးလာသည်။

ရုရှားနှင့် တူရကီတို့ကြား ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်လာခြင်းသည်  သမ္မတပူတင်က တူရကီအား အ နောက် နိုင်ငံများနှင့်  ဆက်ဆံရေး  တဖြည်းဖြည်း ဝေးကွာစေရန်  လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တူရကီ ၀ါရင့် သံတမန်  အေဒင်ဆယ်ဆန်က ပြောကြားခဲ့သည်။ ရုရှားနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းသည်   တူရကီ ၏ အကျိုးစီးပွား အတွက်   အရေးပါသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ    ရုရှား နိုင်ငံသည်   တူရကီအတွက် ကာကွယ်ရေးအရ လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ်  ရပ်တည်နေသည့် အပြင်   အရေးပါသည့်     ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သောကြောင့် ပင်ဖြစ်သည်။

နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၆  ဘီလီယံရှိသည်။   တူရကီ၌ အသုံးပြု နေသည့်  ရေနံနှင့်   သဘာဝဓာတ်ငွေ့ အရင်းအမြစ် အများအပြားကို   ရုရှားနိုင်ငံမှ  ထောက်ပံ့ပေးလျက် ရှိ သောကြောင့်    ရုရှား-တူရကီ ဆက်ဆံရေးသည် ကာကွယ်ရေး ကဏ္ဍတွင် သာမက   တခြားကဏ္ဍများတွင်ပါ   ဆက်လက် တိုးတက်နေမည် ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။  

Ref: Reuters,

The Washington Post

ဇေယျာဘုန်း

Read 40 times Last modified on Sunday, 08 December 2019 16:35