SJ WorldNews - шаблон joomla Авто

ညစ်ညမ်းမှုများတဲ့ မြို့များတွင် နေသူများ အရိုးကျိုးလွယ်နိုင်

Tuesday, 14 January 2020 09:53 font size decrease font size decrease font size increase font size increase font size

ယနေ့အချိန်အခါသည် လေထုညစ်ညမ်းမှု၊  ရေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှု စသည့် အလုံးစုံသော ညစ်ညမ်းမှုများ အဆမတန် များပြားလာနေသည့် အချိန်အခါ ဖြစ်မည်ဟု ဆိုရမည် ဖြစ်သည်။

အထူးသဖြင့် စက်မှုလုပ်ငန်းများစွာ တည်ရှိပြီး ညစ်ညမ်းပစ္စည်းများကို စနစ်တကျ စွန့်ပစ်မှုမရှိသည့် မြို့ကြီးများတွင်  လေထုညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းမှု အများဆုံး ဖြစ်ပွားသည်။

ထိုသို့သောညစ်ညမ်းမှုများသည် မြို့နေလူထု၏ ကျန်းမာရေးနှင့်များစွာ ဆက်စပ်နေသည်။ လေထုညစ်ညမ်းပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများအဖြစ် များမည်ဖြစ်ပြီး   တခြားညစ်ညမ်းမှုများသည်လည်း  အမျိုးမျိုးသော နာတာရှည်ရောဂါများကို ဖြစ်ပွားစေနိုင်သည်။

ညစ်ညမ်းသောလေထုများနှင့်ပြည့်နှက်နေသောမြို့များရှိ    ဒေသခံများသည် လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်း၊  ပန်းနာရင်ကျပ်ကဲ့သို့ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ခြင်းနှင့်   ဦးနှောက်ထိခိုက်ဒဏ်ရာရရှိခြင်း တို့ကိုပင် ခံစားရနိုင်သည်။

ထိုနာတာရှည်ရောဂါများထဲမှ လူသိပ်မသိသည့် ရောဂါတစ်မျိုးမှာ   အရိုးကျိုးလွယ်ခြင်း ဖြစ်သည်။   သုတေသီများ၏လေ့လာချက်အရ ဆိုလျှင် ညစ်ညမ်းမှုများသောမြို့များ၌  နေထိုင်ကြသူများ၏ အရိုးများမှာ အားနည်းလာပြီး အလွယ်တကူ ကျိုးနိုင်သည်ဟု တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံ၌ နေထိုင်သူလူ ၄ဝဝဝ နီးပါးကို သုတေသီများက စမ်းသပ်စစ်ဆေးမှုများ လုပ်သည်။ စစ်ဆေးမှုတွင်ပါဝင်သူ များအနေဖြင့် လေထုထဲမှ အဆိပ်အတောက်ဖြစ်စေသော အမှုန်များကို တခြားသူများထက် ပိုမိုရှူရှိုက်မိနေသည့်အတွက် ၄င်းတို့၏ကျောရိုးနှင့် တင်ပါးဆုံရိုးများ ပွလာသည်ကို သုတေသီများက တွေ့ရှိသည်။

ထိုသို့ဖြစ်ရခြင်းမှာ  လူများက ရှူလိုက်သော လေထုထဲတွင် ပါဝင်သည့် အဆိပ်အတောက်ဖြစ်စေသော အမှုန်များသည် သွေးထဲသို့   တစိမ့်စိမ့်စီးဝင်သွားသည့်အတွက် အိုမင်းမှုဖြစ်စဉ်ကို ပိုမိုမြန်ဆန်လာစေခြင်း ဖြစ်သည်ဟု စပိန်သုတေသီများ ယုံကြည်ထားသည်။

ယခုသုတေသနတွင်    ဘာစီလိုနာတစ်ကမ္ဘာလုံးဆိုင်ရာ  ကျန်းမာရေး အဖွဲ့အစည်းမှ သုတေသီများသည် အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုင်ဒရာဘတ်မြို့ပြင်ရှိကျေးရွာ ၂၈ ရွာမှ ဒေသခံ ၃၇ဝဝ ကို  စစ်ဆေးစမ်းသပ်မှုများ လုပ်ဆောင်သည်။

ဦးစွာ သုတေသီများသည်    ကျေးရွာတစ်ရွာချင်းစီရှိ လေထုအတွင်း၌ PM2.5 အမှုန်နှင့် အမည်းရောင် ကာဗွန်တို့ ပါဝင်မှုကို တိုင်းတာသည်။

PM2.5 သည်  အန္တရာယ်များသည့် အမှုန်အမျိုးအစားဖြစ်ပြီး အမည်းရောင်ကာဗွန်မှာလည်း အဆိပ်အတောက်ဖြစ်စေသည့်အရာဖြစ်သည်။ နှစ်ခုစလုံးက ဓာတ်ဆီယာဉ်နှင့် ဒီဇယ်ယာဉ်တို့မှ ထုတ်လွှတ်သော မီးခိုးများတွင် အများဆုံး ပါဝင်သည်။

ထိုသို့တိုင်းတာရာတွင် လေထုထဲတွင် PM2.5 အမှုန်ပါဝင်မှုသည် ပျမ်းမျှအားဖြင့် ၁ ကုဗမီတာတွင် ၃၃ မိုက်ခရိုဂရမ်ဖြစ်သည်။ ယင်းပမာဏသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘေးကင်းသည်ဟု သတ်မှတ်ထားသည့် အမြင့်ဆုံးပမာဏ ဖြစ်သော    ကုဗမီတာတွင် ၁ဝ မိုက်ခရိုဂရမ်ထက်  ပိုမိုများပြားနေသည်။

ထို့နောက် သုတေသီများက သုတေသနတွင် ပါဝင်သူများ၏   ခါးပိုင်းကျောရိုးနှင့် တင်ပါးဆုံရိုးတို့၏ သိပ်သည်းမှုကို ဓာတ်မှန်ရိုက်ပြီးတိုင်းတာသည်။ ထိုသို့တိုင်းတာပြီး နောက်တွေ့လိုက်ရသည်မှာ ၄င်းတို့၏ အရိုးများပွနေခြင်းပင် ဖြစ်သည်။

ထို့ကြောင့်  လေထုထဲတွင်  PM2.5 အမှုန်က ၁ ကုဗမီတာလျှင် ၃ မိုက်ခရိုဂရမ် ပိုမိုများပြားလာလေ ကျောရိုးသိပ်သည်းမှု သုည  ဒသမ ၅၇ ဂရမ်နှင့်  တင်ပါးဆုံရိုး သိပ်သည်းမှု  သုည ဒသမ ၁၃ ဂရမ် နည်းပါးလာလေ ဖြစ်မည် ဖြစ်သည်။

PM2.5 ထက် အမည်းရောင်ကာဗွန်၏ သက်ရောက်မှုက ပိုမိုပြင်းထန်သည်။ လေထု ၁  ကုဗမီတာတွင် အမည်းရောင်ကာဗွန် ၁ မိုက်ခရိုဂရမ် တိုးလာလေ ကျောရိုး၏ သိပ်သည်းမှုက  ၁ ဒသမ ၁၃ ဂရမ်နှင့် တင်ပါးဆုံရိုး သိပ်သည်းမှုက  သုည ဒသမ ၃၅ ဂရမ် လျော့ကျလာလေဖြစ်မည်ဟု သုတေသီများက ယူဆထားသည်။

ယခင်သုတေသနများကမူ ယခုကဲ့သို့ ညစ်ညမ်းမှုများသည်   ပါရာသိုင်းရွိုက် ဟော်မုန်းကျဆင်းမှုကို ဖြစ်ပေါ်စေမှု ဆက်စပ်နေကြောင်း တွေ့ရှိထားသည်။    အဆိုပါဟော်မုန်းသည်   ထုံးဓာတ်ထုတ်လုပ်မှုကို ထိန်းချုပ်ထားခြင်း ဖြစ်သည့်အတွက်   ထိုဟော်မုန်းကျဆင်းမှုက အရိုးများကို ပိုမိုကျိုးလွယ်စေခြင်း ဖြစ်သည်။

Ref: Mail Online

Read 31 times Last modified on Tuesday, 14 January 2020 09:54