SJ WorldNews - шаблон joomla Авто

အိနိ္ဒယနှင့် အမေရိကန်တို့ကြား သဘောထား ကွဲလွဲမှုတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည့် လေကြောင်း ကာကွယ်ရေးစနစ် ၀ယ်ယူမှု

Sunday, 19 January 2020 13:04 font size decrease font size decrease font size increase font size increase font size

အိနိ္ဒယအစိုးရ အနေဖြင့် ရုရှားမှလက်နက် ပစ္စည်းများ ၀ယ်ယူမည်ဆိုပါက ပိတ်ဆို့ခံရမည်ဟု အမေရိကန် အစိုးရက ပြီးခဲ့သည့် ရက်သတ္စပတ်အတွင်း     အိနိ္ဒယအား သတိပေးပြောကြားခဲ့သည်။
အမေရိကန်အစိုးရသည် ၎င်း၏ပြိုင်ဘက်နိုင်ငံအဖြစ် ရှုမြင်နေသည့်  ရုရှားနိုင်ငံမှ လက်နက်ပစ္စည်းများကို မဟာမိတ်နိုင်ငံများက ၀ယ်ယူခြင်းကို ဟန့်တားနိုင်ရေးအတွက် ပိတ်ဆို့မှု ချမှတ်ခြင်းအားဖြင့် အမေရိကန်၏ ပြိုင်ဘက်များကို   တန်ပြန်ရေးဆိုင်ရာ အက်ဥပဒေ(CAATSA) တစ်ရပ်ကို  ချမှတ်ကျင့်သုံးလျက် ရှိသောကြောင့် အကယ်၍ အိနိ္ဒယအနေဖြင့် ရုရှားနိုင်ငံမှ လေကြောင်းကာကွယ်ရေး စနစ်များကို ၀ယ်ယူမည်ဆိုပါက ပိတ်ဆို့မှု ချမှတ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဆိုနိုင်သည်။
အမေရိကန် ကွန်ဂရက် လွှတ်တော်က အိနိ္ဒယနိုင်ငံအား စစ်ရေးအရ အထူးအခွင့် အရေးပေး ခံထားရသည့်    နိုင်ငံအဆင့် သတ်မှတ်ခြင်း ခံထားရသော်လည်း  အမေရိကန်၏ ပိတ်ဆို့မှုခံရခြင်းမှ လွတ်မြောက်နိုင်ခြင်းမရှိဟု  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
တစ်နည်းအားဖြင့် ဆိုရပါမူ အမေရိကန် ကွန်ဂရက်က  အိနိ္ဒယအား  အထူးအခွင့်အရေး ပေးထားသော်လည်း   အကယ်၍ ယင်းနိုင်ငံက  ရုရှားလုပ် လက်နက်ပစ္စည်းများကို ၀ယ်ယူပါက ပိတ်ဆို့မှု ခံရမည်ဖြစ်သည်။
စင်စစ်တွင်    အမေရိကန်အစိုးရ၏ CAATSA   သည်  ကမ့နိုင်ငံများအား ရုရှားနိုင်ငံမှ လက်နက်ပစ္စည်းများ ၀ယ်ယူခွင့် မရစေရေးအတွက် ပိတ်ပင်နေသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပြီး အဆိုပါနိုင်ငံများအား   အမေရိကန်လုပ် လက်နက်ပစ္စည်းများကိုသာ ၀ယ်ယူရန် ဖိအားပေးနေသကဲ့သို့ဖြစ်နေသည်။
အထူးသဖြင့် တခြားနိုင်ငံများက ၀ယ်ယူမည့် ရုရှားလုပ် လက်နက်ပစ္စည်းများသည် အမေရိကန် စစ်ရေးနည်းပညာများ၊ လက်နက်စနစ်များ အတွက် ခြိမ်းခြောက်နေခြင်း ရှိ၊မရှိဟူသော   အချက်ပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။
အိနိ္ဒယအစိုးရသည် ရုရုားနိုင်ငံမှ လေကြောင်း ကာကွယ်ရေးစနစ်များ ၀ယ်ယူရန် အစောပိုင်းကတည်းက    စီစဉ်ခဲ့ခြင်းဖြစ်သည်။ S-400 လေကြောင်းကာကွယ်ရေးစနစ် ၀ယ်ယူရေးကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အိနိ္ဒယ၀န်ကြီးချုပ်  နာရန်ဒရာမိုဒီတို့  တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလက လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
အိနိ္ဒယက အဆိုပါလေကြောင်း ကာကွယ်ရေးစနစ် ၀ယ်ယူခြင်းအပေါ် အမေရိကန် အစိုးရက    ပိတ်ဆို့မှုချမှတ်မည် မဟုတ်ဟု အိနိ္ဒယ မူဝါဒချမှတ်သူများက မျှော်လင့်ခဲ့ကြသည်။ သို့သော်  ၎င်းတို့၏ အထင်နှင့်အမြင်မှာ ကွဲပြားလှသည်ကို  အိနိ္ဒယအရာရှိများ မျက်ဝါးထင်ထင် တွေ့ခဲ့ရသည်။ အကယ်၍ ရုရှားနိုင်ငံမှ ဒေါ်လာ ၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ လေကြောင်း ကာကွယ်ရေးစနစ် ၀ယ်ယူမည့် အစီအစဉ်ကို အိနိ္ဒယအစိုးရက စွန့်လွှတ်မည်ဆိုပါက အမေရိကန် ပြည်ထောင်စုအနေဖြင့် အိနိ္ဒယလေတပ်နှင့် ရေတပ်တို့တွင် အသုံးပြုရန် ပဉ္စမမျိုးဆက်သစ်  F-35 တိုက်လေယာဉ်များ ရောင်းချပေးမည်ဟု  အမေရိကန်အစိုးရက ဖျောင်းဖျခဲ့သည်။
သို့သော် အိနိ္ဒယအစိုးရက အမေရိကန်၏ ဖျောင်းဖျမှုကိုလက်မခံဘဲ လက်နက်ရောင်းဝယ်ရေးအတွက် ရုရုားအား ငွေကြေးပေးချေမှု တစ်စိတ်တစ်ဒေသကိုပင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။  အိနိ္ဒယအစိုးရသည်  ရုရှားမှ လေကြောင်းကာကွယ်ရေးစနစ် ၀ယ်ယူရေး သဘောတူညီချက်ကို လက်မှတ်မရေးထိုးမီ အမေရိကန်မှ ဒေါ်လာတစ်ဘီလီယံ တန်ဖိုးရှိ NASAMS II မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်ကို ၀ယ်ယူရန် ကြိုးပမ်းခဲ့သည်။
အဆိုပါ  လက်နက်ရောင်းဝယ်ရေးကို အိနိ္ဒယကာကွယ်ရေး ပစ္စည်းဝယ်ယူရေး ကောင်စီက အတည်ပြုခဲ့သော်လည်း ရုရှားမှ လေကြောင်းကာကွယ်ရေး စနစ်များအား အိနိ္ဒယက ၀ယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် အိနိ္ဒယတို့ကြားဖြစ်ပွားနေသည့် သံတမန်ရေး တင်းမာမှုများမှာ အဆုံးသတ်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် အချုပ်အားဖြင့် ဆိုရပါမူ ရုရှားနိုင်ငံလုပ် S-400 လေကြောင်း ကာကွယ်ရေး စနစ်များကို ၀ယ်ယူရန် အိနိ္ဒယက ဆုံးဖြတ်ခဲ့ခြင်းသည် ယင်းနိုင်ငံနှင့် အမေရိကန်တို့ကြား သဘောထား ကွဲလွဲမှုတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သော်လည်း အိနိ္ဒယနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာတွင် အရေးပါသည့်  နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသည့်အပြင် အမေရိကန်နှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်နေသည့် နိုင်ငံဖြစ်သောကြောင့် အမေရိကန် အစိုးရအနေဖြင့် အိနိ္ဒယ၏ ဆုံးဖြတ်ချက်အပေါ်  တုံ့ပြန်ရာတွင်  ထင်သလောက် ပြင်းထန်မည်မဟုတ်ဟု ယူဆရပါကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။
Ref: Sputnik, Economic Times, aa.com
Read 74 times Last modified on Sunday, 19 January 2020 13:05