SJ WorldNews - шаблон joomla Авто

သကြားကြမ်းတွေ ပိုဝယ်ပြီး အိန္ဒိယကို အမျက်ဖြေနေရတဲ့ မလေးရှား

Friday, 24 January 2020 11:02 font size decrease font size decrease font size increase font size increase font size

အိန္ဒိယအစိုးရက   သတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသား ဖြစ်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး ဒီဥပဒေဟာ  မူဆလင်တွေကို  ဖိနှိပ်ချုပ်ချယ်ပြီး ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က အပြစ်တင် ရှုတ်ချဖူးပါတယ်။

ခေါင်းဆောင်တစ်ယောက်ရဲ့ မဆင်မခြင် ပြောဆိုမှုတစ်ခုက ဘယ်လောက်အထိတာ သွားလဲဆိုတာ အိန္ဒိယက လက်တွေ့ပြလိုက်ပါတယ်။ အဲဒါကတော့ မလေးရှားနိုင်ငံမှ စားအုန်းဆီတွေကို မဝယ်ဖို့ အိန္ဒိယကုန်သည်တွေကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယကုန်သည်တွေကလည်း အစိုးရရဲ့ တိုက်တွန်းမှုကို လိုက်နာပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီလို မလိုက်နာဘူးဆိုရင် အစိုးရက  မလေးရှားက တင်သွင်းတဲ့ စားအုန်းဆီတွေကို နိုင်ငံအတွင်း တင်သွင်းခွင့်မပြုတာတွေ ဒါမှမဟုတ် အခွန်တိုးမြှင့်ကောက်ခံတာတွေ လုပ်လာနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်   အိန္ဒိယကုန်သည်တွေက မလေးရှားကနေ စားအုန်းဆီမဝယ်ဘဲ အင်ဒိုနီးရှားကနေ စားအုန်းဆီတွေကို ပြောင်းလဲ ဝယ်ယူဖို့ ပြင်ဆင်လာပါတယ်။    ဒါဟာ မလေးရှားနိုင်ငံအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သွားပါတယ်။

မလေးရှားနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ စားအုန်းဆီ ဒုတိယအများဆုံး ထုတ်လုပ်တဲ့နိုင်ငံပါ။ အိန္ဒိယနိုင်ငံ ဆိုတာကတော့ စားအုန်းဆီ အများဆုံး ဝယ်ယူတဲ့နိုင်ငံ ဖြစ်ပါတယ်။ အထူးသဖြင့် မလေးရှားနိုင်ငံကနေ ဝယ်ယူတာပါ။

တကယ်လို့  အိန္ဒိယကသာ မလေးရှားကနေ  စားအုန်းဆီမဝယ်တော့ဘူးဆိုရင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုးရှိတဲ့ စားအုန်းဆီတွေအတွက် မလေးရှားက ဝယ်လက်အသစ်ရှာရတော့မှာပါ။ ဒါပေမဲ့ ဒီလောက်များပြားတဲ့ ပမာဏရှိတဲ့ စားအုန်းဆီတွေ ဝယ်မယ့် တစ်ဦးတည်းသော ဝယ်လက်ကိုတော့    ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ပါဘူး။

ဒီလိုမျိုးအခြေအနေတွေကနေ  ပိုဆိုးမသွားစေဖို့အတွက် မလေးရှားက အိန္ဒိယကို  သံတမန်လမ်းကြောင်း ကနေတစ်ဆင့် ဆွေးနွေးဖို့ကြိုးပမ်းနေတယ်လို့ မလေးရှား စက်မှုဝန်ကြီး     တီရီဆာကော့က ပြောပါတယ်။

ဒါပေမဲ့လည်း ဒါဗို့မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အိန္ဒိယတာဝန်ရှိသူတွေနဲ့ ဆွေးနွေးလိုတယ်ဆိုတဲ့ မလေးရှားရဲ့ပြောဆိုမှုကိုတော့  အိန္ဒိယက  အလိမ္မာသုံးပြီး ငြင်းပယ်လိုက်ပါတယ်။

အခုတော့ မလေးရှားနိုင်ငံရဲ့ အကြီးဆုံး သကြားချက် ကုမ္ပဏီဟာဆိုရင် ဒီနှစ်ပထမ သုံးလအတွင်းမှာ အိန္ဒိယမှ သကြားကြမ်း တန်ချိန်  ၁၃ဝဝဝဝ  ဝယ်ယူမယ်လို့ပြောလိုက်ပါပြီ။ အဲဒီကုမ္ပဏီကတော့ အမ်အက်(စ်)အမ်   မလေးရှားဦးပိုင်ကုမ္ပဏီပဲ ဖြစ်ပါတယ်။

အမ်အက်(စ်)အမ်   မလေးရှားဦးပိုင်ကုမ္ပဏီဟာ  ကမ္ဘာ့အကြီးဆုံးစားအုန်းဆီ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ အက်(ဖ်)ဂျီဗီ ဦးပိုင်ကုမ္ပဏီရဲ့ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် အက်(ဖ်)ဂျီဗီဦးပိုင်ကုမ္ပဏီ ဆိုတာကလည်း မလေးရှားနိုင်ငံပိုင် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

အမ်အက်(စ်)အမ်ကုမ္ပဏီက  မနှစ်က အိန္ဒိယကနေ သကြားကြမ်းတန်ချိန် ၈၈ဝဝဝ ခန့်သာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ပထမသုံးလမှာတင် တန်ချိန် ၁၃ဝဝဝဝ ဝယ်မယ်ဆိုတော့ ၂ဝ၁၉ ခုနှစ်တစ်နှစ်လုံးရဲ့ ဝယ်ယူမှုထက် နှစ်ဆနီးပါးရှိပါတယ်။

ဒီလိုဝယ်ယူတာဟာ   အိန္ဒိယနိုင်ငံက မလေးရှားနိုင်ငံအပေါ် ဖြစ်ပေါ်နေတဲ့ အမျက်ကို   ဖြေပေးဖို့ကြိုးစားတာလား ဆိုတာကိုတော့ အမ်အက်(စ်)အမ်ကုမ္ပဏီနဲ့ မလေးရှားအစိုးရတို့က တရားဝင်ပြောထားတာတော့ မရှိပါဘူး။

ဒါပေမဲ့ ဒီလိုဝယ်ယူဖို့အတွက် ကုမ္ပဏီနဲ့ အစိုးရတို့ကြား ဆွေးနွေးမှုကိုသိရှိတဲ့ အမည်မဖော်လိုတဲ့    သတင်းအရင်းအမြစ် နှစ်ခုကတော့ ဒါဟာ အိန္ဒိယကို အလျှော့ပေးပြီး အမျက်ဖြေပေးဖို့အတွက် ကမ်းလှမ်းမှုတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။ 

အရင်ကဆိုရင်    မလေးရှားနိုင်ငံဟာ သကြားကို ဘရာဇီးနဲ့ထိုင်းနိုင်ငံတို့ကနေသာ အဓိကတင်သွင်းတာ ဖြစ်ပါတယ်။  ၂ဝ၁၉ ခုနှစ်တစ်နှစ်လုံးစာ သကြားကြမ်းတင်သွင်းမှု   စုစုပေါင်းက တန်ချိန် ၁ ဒသမ ၉၅ သန်း ရှိပါတယ်။

အိန္ဒိယနိုင်ငံကတော့     ကမ္ဘာပေါ်မှာ သကြားထုတ်လုပ်မှု အများဆုံးနိုင်ငံပါ။

ဒါပေမဲ့     ပြည်ပကိုတင်ပို့ရမှု နည်းနေတဲ့အတွက် ပြည်တွင်းမှာ သကြားပိုလျှံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ၂ဝ၁၉-၂ဝ၂ဝ ရာသီမှာ သကြားတန်ချိန် ၅ သန်းအထိ တင်ပို့နိုင်ဖို့ မျှော်မှန်းထားပါတယ်။

အခုတော့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ အတွင်းမှာတင်  မလေးရှားက  အိန္ဒိယမှ သကြားကြမ်းတင်ပို့မှု သုံးကြိမ်လက်ခံရရှိမှာ ဖြစ်တယ်လို့ အမ်အက်(စ်)အမ်ကုမ္ပဏီက ပြောပါတယ်။  ဇန်နဝါရီလ အတွင်းပို့မယ့် သကြားကြမ်း တင်ပို့မှုမှာတင်   တန်ချိန် ၅ဝဝဝဝ  ခန့်ရှိတယ်လို့  အိန္ဒိယ သကြားကုန်သည်တွေဆီက သိရပါတယ်။

ဒါကြောင့်    ခေါင်းဆောင်တစ်ဦးရဲ့ နှုတ်ထွက်စကားလုံး တစ်လုံးက ဘယ်လောက်အထိ တာသွားလဲ ဆိုတာကို    အိန္ဒိယက သက်သေပြလိုက်တာ ဖြစ်ပြီး   အခုတော့ မလေးရှားက အိန္ဒိယကို အမျက်ပြေအောင် တစ်နည်းနည်းနဲ့ လုပ်နေရပြီ ဖြစ်ပါတယ်။

Ref: Reuters, Bloomberg

Read 55 times Last modified on Friday, 24 January 2020 11:03