SJ WorldNews - шаблон joomla Авто

နည်းပညာကြောင့် မိခင်က သေဆုံးပြီးသူ သမီးနှင့် ပြန်လည်ဆုံတွေ့ရ

Thursday, 13 February 2020 09:49 font size decrease font size decrease font size increase font size increase font size

မိမိချစ်ခင်မြတ်နိုးရသူ တစ်ဦးဦး ကွယ်လွန်သွားသည့်အခါ လူတိုင်းက မချိတင်ကဲ ဝမ်းနည်းပူဆွေးရပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ချစ်ခင်မြတ်နိုးရသူနဲ့ တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ ပြန်လည်တွေ့ဆုံပြီး  ခံစားနေရတဲ့ ခံစားချက်တွေကို ရင်ဖွင့်ချင်ကြမှာပါ။

သာမန်အားဖြင့်ဆိုရင်တော့ ဒီဆန္ဒကို ဘယ်သူမှမဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒါပေမဲ့  တိုးတက်လာတဲ့ နည်းပညာကတော့ ကျန်ရစ်သူတွေရဲ့လိုအင်ကို ဖြည့်ဆည်းပေးနေနိုင်ပါပြီ။

တောင်ကိုရီးယားနိုင်ငံမှ MBC ရုပ်မြင်သံကြားဌာနက မိခင်တစ်ဦးကို ၂ဝ၁၆ ခုနှစ်တုန်းက သေဆုံးသွားပြီဖြစ်တဲ့ သူ့ရဲ့သမီးနဲ့ ပြန်လည်ဆုံတွေ့ခွင့် ရအောင် စီစဉ်ပေးလိုက်နိုင်ပါတယ်။

ဒီလိုမျိုးပြန်လည် ဆုံတွေ့ခွင့်ရအောင် အကူအညီပေးလိုက်တဲ့ နည်းပညာကတော့ Virtual Reality (VR) လို့ ခေါ်တဲ့ နည်းပညာပါ။

အတုအယောင်ကမ္ဘာလို့ ပြောလို့ရတဲ့ ဒီနည်းပညာ ထွက်ပေါ်လာတာကတော့ ကြာပါပြီ။ ဒါပေမဲ့ အခုအချိန်မှာတော့ VR နည်းပညာက အဆင့်မြင့်လာပြီး အတုအယောင် ကမ္ဘာမှာတွေ့ရသူနဲ့ အမှန်တကယ်ထိတွေ့ ကိုင်တွယ်စကားပြောလို့ ရတဲ့အထိ ဖြစ်လာပါတယ်။

ဂျန်ဂျီဆန်းဆိုတာကတော့ ၂ဝ၁၆ ခုနှစ်မှာ အသက်ခုနစ်နှစ်နဲ့ မလိုက်အောင် ဝေဒနာတွေ ခံစားရပြီး သေဆုံးသွားရတဲ့ နာယီအွန်ရဲ့အမေပါ။ MBC က နာယီအွန်ရဲ့ မျက်နှာ၊ ကိုယ်နေဟန်ထား၊ အသံစတာတွေကို အစစ်နီးပါး တူညီအောင် ဖန်တီးပေးထားပါတယ်။

MBCက ဖန်တီးပေးထားတဲ့ နာယီအွန်မှာ တောက်ပတဲ့မျက်ဝန်း၊ နက်မှောင်တဲ့ ဆံကေသာနဲ့ အလွန်ချစ်စဖွယ် ကောင်းတဲ့ အသွင်အပြင်ရှိပြီး ခရမ်းရောင်ဝတ်စုံလေးနဲ့ လှပနေပါတယ်။

ဂျန်ဂျီဆန်းတစ်ယောက် VR Headset တပ်ထားပါတယ်။ သူ့ကို MBC  မှကျွမ်းကျင် သူတွေက အတုအယောင် ကမ္ဘာထဲက ပန်းခြံထဲကို ပို့လိုက်ပါတယ်။ ပန်းခြံထဲမှာတော့ နာယီအွန်က ပြုံးပြုံးလေးနဲ့ ရပ်စောင့်နေတာပါ။

အဲဒီနောက်မှာတော့ သားအမိနှစ်ယောက် အလွမ်းသယ်စကားတွေ ပြောကြပါတော့တယ်။ ပထမတော့ နာယီအွန်က ဂျန်ဂျီဆန်းရဲ့ လက်ကိုကိုင်ဖို့   မဝံ့မရဲ ဖြစ်နေပါသေးတယ်။

ဒါပေမဲ့ နာယီအွန်ရဲ့လက်ကလေးနဲ့ ထိတွေ့ပြီးတဲ့ အချိန်မှာတော့ ဂျန်ဂျီဆန်း တစ်ယောက် မျက်ရည်မဆည် နိုင်တော့ဘဲ မျက်ရည်တွေက ပါးပြင်ထက်ကို စီးကျလာပါတော့တယ်။

MBC ရဲ့ ဖျော်ဖြေပွဲကို လာကြည့်တဲ့ ပရိသတ်တွေထဲမှာ နာယီအွန်ရဲ့ အဖေ၊ အစ်ကိုနဲ့  အစ်မတို့လည်း ပါဝင်ပါတယ်။ သူတို့ကလည်း နာယီအွန်ကိုမမြင်ရ၊ မထိတွေ့ရပေမယ့်လည်း ဂျန်ဂျီဆန်းရဲ့အပြုအမူနဲ့ ထွက်လာတဲ့ အသံတွေကြောင့် ဂျန်ဂျီဆန်းနဲ့အတူ မျက်ရည်ကျရပါတယ်။

တစ်နေရာအရောက်မှာတော့ နာယီအွန်က သူ့အမေဆီကို ပြေးသွားပြီး ပန်းလေးတစ်ပွင့်ပေးကာ ''မေမေ သမီးနာကျင်မှု ဝေဒနာတွေကို မခံစားရတော့ဘူးနော်'' လို့ ပြောလိုက်ပါတော့တယ်။

သားအမိနှစ်ယောက် အလွမ်းသယ်ပြီးတဲ့ အချိန်မှာတော့ နာယီအွန်လေးက ပင်ပန်းနေပြီဖြစ်ကြောင်းနဲ့ အိပ်ချင်နေပြီ ဖြစ်ကြောင်းပြောပြီး သူ့အိပ်ရာထက်ကိုတက်ပြီး ဝင်အိပ်လိုက်ပါတယ်။ ဂျန်ဂျီဆန်းကလည်း နာယီအွန်  လေးကို နှုတ်ဆက်ပြီး ပြန်လာပါတယ်။

နာယီအွန်ရဲ့ အရိုးပြာကို အဆောင်အဖြစ်နဲ့ လည်ပင်းမှာဆွဲထားတဲ့ ဂျန်ဂျီဆန်းက သူ့အနေနဲ့ သူ့လိုမျိုးပဲ ချစ်ခင်ရတဲ့တစ်ယောက်ယောက်ကို ဆုံးရှုံးဖူးသူတွေကို တစ်ဖက်တစ်လမ်းက အကူအညီဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဉ်မှာ ပါဝင်ရတာဖြစ်တယ်လို့ ပြောပါတယ်။

MBC ရဲ့ရုပ်သံအစီအစဉ်နဲ့ ပတ်သက်ပြီး လူတချို့ကတော့ ဝေဖန်ထားပါတယ်။ သူတို့ကတော့ စိတ်ကျန်းမာရေး ပညာရှင်တွေပါ။ ဒီလိုမျိုးလုပ်တာဟာ ကျန်ရစ်သူတွေကို စိတ်ဒဏ်ရာတွေ ရစေတယ်လို့ ဆိုပါတယ်။

နောက်ထပ်ဝေဖန်သူ တစ်ဦးကတော့ ကွန်ပျူတာနည်းပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာဆာရာဂျုံးပါ။ သူကတော့ နည်းပညာကို အသုံးပြုပြီး အတုအယောင်ကမ္ဘာမှာ သေသူကို အသက်ပြန်သွင်းတာဟာ ဖြစ်နိုင်ပေမယ့်လည်း ဒီလိုမျိုးမလုပ်သင့်ကြောင်း ပြောပါတယ်။

သို့သော် နည်းပညာ အဆင့်မြင့်လာတာနဲ့အမျှ တီထွင်ကြံဆ ဖန်တီးနိုင်စွမ်းတွေလည်း မြင့်တက်လာတာဖြစ်တဲ့အတွက် တစ်ဖက်ကကြည့်ရင် ကျန်းမာရေးအရ၊ လူ့အခွင့်အရေးအရ မလုပ်သင့်ဟု  ပြောနေပေမယ့်လည်း ဆုံးရှုံးလိုက်ရတဲ့ ကိုယ့်ရဲ့ချစ်ခင်သူတွေကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ပြန်တွေ့ချင်လိုသူတွေ အတွက်တော့ အကျိုးကျေးဇူး  များစွာရရှိစေမှာပဲ ဖြစ်ပါတယ်။

Ref: MO

Read 30 times Last modified on Thursday, 13 February 2020 09:49