SJ WorldNews - шаблон joomla Авто

တရုတ်၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ထပ်မံကူးစက်ခံရသူ အရေအတွက် ကျဆင်းလာ

Thursday, 20 February 2020 10:35 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၁၉ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂ဝဝဝ ကျော်အထိ မြင့်တက်လာသော်လည်း ဗိုင်းရပ်ထပ်မံကူးစက်ခံရသူ အရေအတွက်မှာ ဒုတိယနေ့အဖြစ် ဆက်လက် ကျဆင်းလာကြောင်း တာဝန်ရှိသူများက ထုတ်ပြန်သည်။

ဗိုင်းရပ်ထပ်မံ ကူးစက်ခံရသူ အရေအတွက်မှာ ၁၇၄၉ ဦးရှိသည့်အတွက် ယင်းအရေအတွက်မှာ ဇန်နဝါရီ ၂၉ ရက်မှစ၍ နေ့စဉ်မြင့်တက်မှု အနည်းဆုံးဖြစ်ပြီး    ဟူဘေးပြည်နယ်၌မူ ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ ထပ်မံကူးစက်မှု အနည်းဆုံး ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်က ထုတ်ပြန်သည်။

နောက်ဆုံးရ တရားဝင် စာရင်းများအရ တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း ၇၄ဝဝဝ ကျော်နှင့် သေဆုံးသူစုစုပေါင်း ၂ဝဝ၄ ဦးရှိကြောင်း၊ ၄င်းတို့အနက် လေးပုံသုံးပုံမှာ ဟူဘေးပြည်နယ်မှဖြစ်ပြီး လူဦးရေ ၁၁ သန်းခန့်ရှိသော ဝူဟန်မြို့ကိုမူ  လုံးဝနီးပါး ပိတ်ထားကြောင်း သိရသည်။

အဆိုပါ ကူးစက်မှုနှုန်း သိသာစွာ လျော့ကျလာမှုသည် ယင်းဗိုင်းရပ်ကို ထိန်းချုပ်နိုင်နေပြီဟူသော သက်သေပင်ဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက ပြောသော်လည်း ယင်းရောဂါကို ထိန်းချုပ်နိုင်သည်ဟု ခန့်မှန်းရန် စောလွန်းနေဆဲ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

ထို့ပြင် ဝူဟန်မြို့ရှိ ဆေးရုံတစ်ရုံမှ အကြီးအကဲ တစ်ဦးသည်လည်း ထိုဗိုင်းရပ်ကြောင့် ဖေဖော်ဝါရီ ၁၈ ရက်တွင် သေဆုံးပြီးနောက် ၄င်းသည် အဆိုပါ ဗိုင်းရပ်ကြောင့် သေဆုံးသည့် ခုနစ်ဦးမြောက် ကျန်းမာရေးဝန်ထမ်း ဖြစ်လာသည်။

ဟူဘေးပြည်နယ်အနေဖြင့် ယင်းဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးကူညီရန် ဖျားနာနေသော လူနာများကို ရှာဖွေစစ်ဆေးမှု အရှိန်အဟုန် မြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထားသည်။

Ref: The Straits Times

Read 47 times Last modified on Thursday, 20 February 2020 10:35