SJ WorldNews - шаблон joomla Авто

မဟာသီယာမိုဟာမတ် ဝန်ကြီးချုပ်ရာထူးမှ ရုတ်တရက် နုတ်ထွက်မှု၏ နောက်ကွယ်မှ အမှန်တရား

Tuesday, 25 February 2020 10:41 font size decrease font size decrease font size increase font size increase font size

မလေးရှားနိုင်ငံရဲ့ သက်တော်ရှည်ဝန်ကြီးချုပ်ဖြစ်တဲ့ မဟာသီယာမိုဟာမတ်ကတော့ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီမှာ  ဘုရင်ထံနုတ်ထွက်စာတင်ပြီး   ရုတ်တရက် နုတ်ထွက်လိုက်ပါပြီ။          

ဘုရင်ကလည်း မဟာသီယာမိုဟာမတ်ရဲ့နုတ်ထွက်မှုကို လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်အသစ်ကို မရွေးချယ်ရသေးမီ အတောအတွင်း ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။

မဟာသီယာမိုဟာမတ်ဟာ ဒီနှစ်နိုဝင်ဘာလမှာ မလေးရှားနိုင်ငံက လက်ခံကျင်းပရမယ့် အေပက်ထိပ်သီး ဆွေးနွေးပွဲပြီးရင်   ဝန်ကြီးချုပ်ရာထူးကို အီဘရာဟင်မိုဟာမတ်ကို လွှဲပြောင်းပေးမယ်လို့ ကတိပြုထားသူပါ။

ဒါပေမဲ့ ဘာကြောင့်အခုလိုမျိုး ဝန်ကြီးချုပ်ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားရတာလဲ။

သူနုတ်ထွက်ရခြင်းရဲ့နောက်ကွယ်မှာ   ဘယ်လိုအကြောင်းအရာတွေ ရှိနေမလဲ။

မဟာသီယာမိုဟာမတ်က ၁၉၈၁ ခုနှစ်ကနေ၂ဝဝ၃ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။

အဲဒီအချိန်တုန်းက  အန်နဝါအီဘရာဟင်ဆိုတာ မဟာသီယာမိုဟာမတ်ရဲ့   လက်အောက်မှာပါ။

ဒါပေမဲ့   နိုင်ငံရဲ့ဘဏ္ဍာရေး အကျပ်အတည်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မဟာသီယာ မိုဟာမတ်က အန်ဝါအီဘရာဟင်ကို ၁၉၉၈ ခုနှစ်မှာ ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

ပြီးတဲ့အခါမှာတော့ အန်နဝါအီဘရာဟင်ဟာ လာဘ်စားမှု အပါအဝင် စွပ်စွဲမှုများစွာနဲ့ ထောင်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။

 ၂ဝ၁၈ ခုနှစ်မှာ မဟာသီယာမိုဟာမတ်ဟာ PPBM ပါတီကို ခေါင်းဆောင်ပြီး အန်နဝါအီဘရာဟင်ရဲ့ PKR ပါတီနဲ့ ပူးပေါင်းကာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

အဲဒီနောက် PH ပါတီအဖြစ် ညွန့်ပေါင်းပါတီဖွဲ့ပြီး ညွန့်ပေါင်း အစိုးရအနေနဲ့ မလေးရှားနိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။ ညွန့်ပေါင်းအဖွဲ့မှာ နိုင်ငံရေး ပါတီလေးခုဖြစ်တဲ့ မဟာသီယာမိုဟာမတ် ဦးဆောင်တဲ့ PPBM ပါတီ၊ အန်နဝါအီဘရာဟင် ဦးဆောင်တဲ့ PKR ပါတီအပြင် UMNO ပါတီနဲ့ PAS  ပါတီတို့ ပါဝင်ပါတယ်။ အခုတော့ မဟာသီယာ မိုဟာမတ်နဲ့အတူ ညွန့်ပေါင်းအဖွဲ့မှာ အကွဲအပြဲဇာတ်လမ်းတွေ  ထွက်ပေါ်လာပါတယ်။

လွှတ်တော်မှာ အမတ်နေရာ ၂၆ နေရာကို ရရှိထားတဲ့ မဟာသီယာမိုဟာမတ်ရဲ့ PPBM ပါတီက  ညွန့်ပေါင်း အဖွဲ့ကနေ ခွဲထွက်ပါတယ်။ မဟာသီယာမိုဟာမတ်ကိုယ်တိုင်ကလည်း PPBM  ပါတီရဲ့ ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ပါတယ်။  ပါတီကနေ နုတ်ထွက်ရတဲ့ အကြောင်းရင်းက     အဲဒီပါတီအတွင်းမှာပဲ အကျင့်ပျက်ခြစားမှုတွေ ရှိနေလို့ဖြစ်ပါတယ်။

အန်နဝါအီဘရာဟင်ရဲ့ PKR ပါတီမှ လွှတ်တော်အမတ် ၁၁ ဦးကလည်း ပါတီနဲ့ လမ်းခွဲလိုက်ပါတယ်။

PKR  ပါတီမှ လွှတ်တော်အမတ် ၁ဝ ဦးကို ဦးဆောင်ခေါ်သွားသူကတော့ လက်ရှိပါတီ ဒုတိယဥက္ကဋ္ဌအပြင် အစိုးရအဖွဲ့မှ စီးပွားရေးဝန်ကြီးဖြစ်တဲ့ အက်ဇမင်အလီပါ။

ဒါကြောင့် PH ပါတီဟာ လွှတ်တော်မှာ အင်အားအများဆုံး မဟုတ်တော့တဲ့အတွက် လက်ရှိအစိုးရ အဖွဲ့ဟာ လုံးဝပြိုလဲသွားပါပြီ။

ဒါတွေအားလုံး ဖြစ်ပွားလာတာကတော့ ဖေဖော်ဝါရီ ၂၃ ရက်မှာ မဟာသီယာမိုဟာမတ်နဲ့ PPBM ပါတီ ဟာသစ္စာဖောက်တွေ ဖြစ်တယ်၊ သူမပါဘဲ အစိုးရအဖွဲ့အသစ်ကိုဖွဲ့ဖို့ ကြံစည်နေတယ်လို့ အန်နဝါအီဘရာဟင်က စွပ်စွဲပြီးနောက်မှာ ဖြစ်ပါတယ်။

မဟာသီယာမိုဟာမတ်ဟာ မလေးရှားနိုင်ငံရဲ့ နိုင်ငံရေးကို နောက်ကွယ်ကတစ်မျိုး၊ ရှေ့မှတစ်ဖုံ နှစ်ပေါင်း များစွာ ကြိုးကိုင်ခဲ့သူပါ။  ဒါကြောင့် ပါတီကနေရော၊ ဝန်ကြီးချုပ်ရာထူးကနေရာ နုတ်ထွက်မှုဟာ အန်နဝါအီဘရာဟင် စွပ်စွဲသလို     ဖြစ်လာနိုင်စရာရှိပါတယ်။

မလေးရှားနိုင်ငံရဲ့ လွှတ်တော်မှာ   အမတ်နေရာ စုစုပေါင်း ၂၂၂ နေရာရှိပါတယ်။ အဲဒီထဲကမှ အမတ်နေရာ ၁၁၂ နေရာရတဲ့ပါတီက အစိုးရဖွဲ့နိုင်မှာပါ။

PH ညွန့်ပေါင်းပါတီဝင်ဖြစ်တဲ့ PAS နဲ့ DAP ပါတီတို့အပြင် ပါတီအများအပြားကလည်း မဟာသီယာမိုဟာမတ်ကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ဖို့ ထောက်ခံထားပါတယ်။

အကယ်၍သာ မဟာသီယာမိုဟာမတ်က ညွန့်ပေါင်း အဖွဲ့တစ်ဖွဲ့ကိုပြန်ဖွဲ့မယ်ဆိုရင် BN ပါတီမှ အမတ် ၄၁ ဦး၊ PPBM ပါတီမှ ၂၆ ဦး၊ PAS  ပါတီမှ ၁၈ ဦး၊ WARISAN ပါတီမှ ကိုးဦး၊ GPS ပါတီမှ ၁၉ ဦး၊ PKR ပါတီမှ ၁ဝ ဦးပါဝင်ပြီး စုစုပေါင်းလွှတ်တော်အမတ် ၁၂၃ ဦးဖြစ်လာမယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

လက်ရှိအချိန်မှာဆိုရင် နိုင်ငံရေးမှာ အောင်မြင်မှု ရနေတာက မဟာသီယာမိုဟာမတ် ဖြစ်ပါတယ်။  ဘာကြောင့်လဲဆိုရင် သူ့အစိုးရလက်ထက်မှာ ယခင်ဝန်ကြီးချုပ်ဟောင်း  နာဂျစ်ရာဇက်ရဲ့ အကျင့်ပျက်ခြစားမှု ငွေကြေးအရှုပ်တော်ပုံကို ဖော်ထုတ်နိုင်ခဲ့လို့ဖြစ်ပါတယ်။

ဒါပေမဲ့ အသက် ၉၄ နှစ်ကျော်နေပြီ ဖြစ်တဲ့ မဟာသီယာမိုဟာမတ်ဟာ ဝန်ကြီးချုပ်နေရာကို အက်ဇမင် အလီကို ပေးနိုင်ဖွယ် ရှိပါတယ်။ အက်ဇမင်အလီကလည်း မဟာသီယာမိုဟာမတ်ရဲ့နေရာကို ဆက်ခံရဖွယ် ရှိနေတယ်လို့  သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။

မဟာသီယာမိုဟာမတ်ရဲ့   လုပ်ရပ်ဟာ သူကတိပြုထားတဲ့အတိုင်း အန်နဝါအီဘရာဟင်ကို ဝန်ကြီးချုပ် နေရာ မပေးချင်တော့လို့ ဒါမှမဟုတ် ညွန့်ပေါင်းအဖွဲ့ဝင် ပါတီတွေနဲ့ အတိုက်အခံပါတီတချို့က မဟာသီယာမိုဟာမတ်ကိုပဲ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေစေချင်လို့လားဆိုတာ  တွေးစရာဖြစ်လာပါတယ်။

ဒါကြောင့် လက်ရှိ မလေးရှားနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ရှုပ်ထွေးနေပါပြီ။ အစိုးရအဖွဲ့ အသစ်ဖွဲ့နိုင်ဖို့ အတွက်ကလည်း ဖြစ်လာနိုင်စရာ အခြေအနေနှစ်ခု ရှိပါတယ်။

ပထမအခြေအနေက အမတ် ၂၂၂ ဦးပါဝင်တဲ့ လွှတ်တော်က အထူးအစည်းအဝေး ကျင်းပပြီး အစိုးရဖွဲ့ဖို့နဲ့ ဒုတိယအခြေအနေကတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်ပါတယ်။

ဒီအခြေအနေ နှစ်ရပ်စလုံးကလည်း မလေးရှားနိုင်ငံရေးသမိုင်းမှာ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးတဲ့ အခြေအနေတွေ ဖြစ်နေတာကြောင့်   မလေးရှားနိုင်ငံရေး အခြေအနေဟာ ခန့်မှန်းရခက်တဲ့ အခြေအနေဖြစ်နေပြီး ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Read 74 times Last modified on Tuesday, 25 February 2020 10:42