SJ WorldNews - шаблон joomla Авто

ထိုင်းနိုင်ငံကို သဘာဝဘေးအန္တရာယ်ကနေ ကယ်တင်ပေးနိုင်မယ့် လျှို့ဝှက်လက်နက်

Tuesday, 03 March 2020 09:37 font size decrease font size decrease font size increase font size increase font size

ပူပြင်းလာတဲ့ရာသီဥတု၊  ရေခဲပြင်များ အရည်ပျော်ကျမှု၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု၊ အတားအဆီးမဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ မြေအောက်ရေထုတ်ယူသုံးစွဲမှု၊  မြို့ပြလူနေထူထပ်မှု  အစရှိတဲ့အမျိုးမျိုးသော အကြောင်းပြချက် များကြောင့် ထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့ဟာ ဒီရာစုနှစ်အတွင်းမှာပဲ ပင်လယ်ရေအောက်ကို ရောက်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးပြီးသားပါ။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ အဆိုးဝါးဆုံးသော အကျိုးဆက်ကို ခံစားရမှာကလည်း ထိုင်းနိုင်ငံဖြစ်တယ်လို့ Nestpick 2050 Climate Change Index  ရဲ့ လေ့လာတွေ့ရှိမှု အသစ်မှာ ဖော်ပြထားပါတယ်။

ပင်လယ်ရေအောက်ရောက်သွားနိုင်တာ ဘန်ကောက်မြို့တစ်မြို့တည်းတော့ မဟုတ်ပါဘူး။ ဗင်းနစ်၊ နယူးအော်လင်းနဲ့ ဂျကာတာမြို့တို့ ဆိုရင်လည်း ၂၁ဝဝ ပြည့်နှစ်အရောက်မှာ ပင်လယ်ရေအောက်ကို ရောက်သွားနိုင်တဲ့ မြို့တွေ ဖြစ်ပါတယ်။

ဒါပေမဲ့  တခြားမြို့တွေထက်စာရင် ဘန်ကောက်မြို့မှာ ရာသီဥတုပြောင်းလဲမှု ဒဏ်ကို အချိန်အနည်းငယ် ပိုပြီး ခံနိုင်ရည် ရှိစေမယ့် လျှို့ဝှက်လက်နက် ရှိနေပါတယ်။ အဲဒီလျှို့ဝှက်လက်နက်ကို ဖန်တီးထားသူကတော့ နာမည်ကျော်ဗိသုကာ ပညာရှင်ဖြစ်တဲ့ ကော့ချာကွန်းဗိုရာခွန်ပါ။

သူဟာ ရေလွှမ်းမိုးမှုနဲ့ မိုးခေါင်ရေရှားမှုလိုမျိုး  သဘာဝဘေးအန္တရာယ်တွေကနေ ဘန်ကောက်မြို့တော်ကို ကယ်တင်ချင်သူလည်း ဖြစ်ပါတယ်။

သူနဲ့သူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ လန်းပရောဆက်တို့က  နိုင်ငံတကာကနေ ချီးကျူးဂုဏ်ပြုရတဲ့ ချူလာလောင်ကွန် တက္ကသိုလ်ရာပြည့်ဥယျာဉ်ကို ဖန်တီးထားပါတယ်။

အဲဒီဥယျာဉ်ဟာ ဘန်ကောက်မြို့လယ်မှာရှိပြီး အကျယ်အဝန်းအားဖြင့် လေးဟက်တာရှိပါတယ်။  ဥယျာဉ်ပုံစံကို  သုံးဒီဂရီစောင်းပြီး  ဆင်ခြေလျှောပုံစံ ဖော်ထားပါတယ်။ ဒါကြောင့် မိုးရေတွေဟာ တောင်ခါးပန်းတစ်လျှောက်မှာ ရှိတဲ့ သစ်ပင်တွေ၊ ရွှံ့မြေတွေကနေတစ်ဆင့် အောက်ကိုဆင်းသွားပါတယ်။

သစ်ပင်တွေက မစုပ်ယူလိုက်နိုင်တဲ့ ရေတွေဟာ   ဥယျာဉ်အောက်ခြေမှာရှိတဲ့ ရေကန်ငယ်တစ်ခုဆီကို ဆက်လက် စီးဆင်းသွားပါတယ်။ ဒီရေကန်ဟာ စီးဆင်းလာတဲ့ရေတွေကို ထိန်းသိမ်းထားပြီး  အနည်စစ်ထုတ်ထားနိုင်တဲ့အတွက်   နွေရာသီမှာ ရေမရှားစေတော့ပါဘူး။

ဆိုးဝါးလှတဲ့ ရေလွှမ်းမိုးမှုတွေဖြစ်တဲ့ အချိန်မှာဆိုရင်လည်း  အဲဒီရေကန်က ရေဂါလန်ပေါင်းတစ်သန်းကျော်လောက်ကို ထိန်းသိမ်းထားနိုင်တဲ့အတွက် ရေလွှမ်းမိုးမှုကို ပြေလျော့စေပါတယ်။

တစ်ကယ်တမ်းတော့ ကော့ချာကွန်းဗိုရာခွန်ရဲ့ဖန်တီးမှုဟာ ထူးခြားဆန်းပြားလှတဲ့ ဖန်တီးမှုကြီးတော့ မဟုတ်ပါဘူး။ သဘာဝကို အကျိုးရှိရှိ အသုံးချခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း    ဒီလိုအသုံးချလို့ရတယ် ဆိုတာကို လူတိုင်းက မေ့လျော့နေတတ်ပါတယ်။ ဒါကိုကော့ချာကွန်းဗိုရာခွန်က ဖော်ထုတ်ပေးတာပါ။

နောက်တစ်ချက်က မိမိတို့လူသားတွေဟာ မိုးမျှော်တိုက်ကြီးတွေ၊  စက်ရုံတွေ၊ ကုန်တိုက်ကြီးတွေနဲ့ ဟိုတယ်တွေကို နေ့စဉ်နဲ့အမျှ တိုးတိုးပြီး ဆောက်လာပါတယ်။

ဒီလိုအတားအဆီးမဲ့ ဆောက်လုပ်နေမှုတွေဟာ တစ်ဖက်ကကြည့်ရင် ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ခေါင်းစဉ်နဲ့    အံဝင်ခွင်ကျ ပေမယ့်လည်း ကျန်တဲ့တစ်ဖက်က ကြည့်ရင်တော့ သဘာဝဘေးအန္တရာယ်ကို လက်ယပ်ခေါ်နေသလို ဖြစ်နေပါတယ်။

အတားအဆီးမဲ့တည်ဆောက်မှုတွေရဲ့ရလဒ်က လေထုညစ်ညမ်းမှု လျင်မြန်စွာ မြင့်တက်လာပြီး   ပိုးသတ်ဆေးတွေကြောင့် အစားအစာတွေရဲ့ အရည်အသွေးနဲ့ ဖူလုံမှုကလည်း ကျဆင်းလာပါတယ်။

ဒါကြောင့်  ကော့ချာကွန်းဗိုရာခွန်ဟာ ၂ဝ၁၈ ခုနှစ်မှာ  အာရှရဲ့အကြီးဆုံး အိမ်ခေါင်မိုးစိုက်ပျိုးရေးခြံကို ဖန်တီးခဲ့ပါတယ်။ အဲဒီစိုက်ပျိုးမွေးမြူရေး ခြံကလည်း ရေနဲ့မြေကို ထိန်းသိမ်းပေးနိုင်စွမ်းရှိတဲ့ လှေကားထစ် စိုက်ခင်းပုံစံကို တုပထားတာပါ။

စတုရန်းမီတာ ၂၂၄ဝဝ ရှိတဲ့ အိမ်ခေါင်မိုးစိုက်ပျိုးရေးခြံဟာ သမ်မာဆက်တက္ကသိုလ် ခေါင်မိုးအပေါ်မှာရှိပြီး ပြေးလမ်းလေးတစ်ခုနဲ့ မြက်ခင်းပြင်တွေလည်း ရှိပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာဆိုရင် ကော့ချာကွန်းဗိုရာခွန်ဟာ ချောင်ဖရာယာမြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားဟောင်း တစ်ခုကို စက်ဘီးစီးလမ်းတွေပါတဲ့ ပန်းခြံတစ်ခုအဖြစ် ပြောင်းလဲဦးမှာပါ။ ဒါဟာ တန်ဖိုးမဲ့လုနီးပါး ဖြစ်နေတဲ့ နေရာတစ်ခုကို    တန်ဖိုးရှိတဲ့ အစိမ်းရောင်နေရာလေးအဖြစ် ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင်  ကော့ချာကွန်းဗိုရာခွန်ဟာ ဘန်ကောက်မြို့အောက်မှာ လက်ရှိရေဆိုးစွန့်ရာအဖြစ် အသုံးပြုထားတဲ့ တူးမြောင်းပေါင်း ၁ဝဝဝ ကျော်ကိုလည်း ပြန်ဖော်ဖို့ လုပ်နေပါသေးတယ်။ တူးမြောင်းတွေ ပြန်ဖော်ခြင်းအားဖြင့် ရေစီးရေလာတွေကောင်းမွန်ပြီး ရေလွှမ်းမိုးနိုင်မှုကနေ အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။

ကော့ချာကွန်းဗိုရာခွန် အနေနဲ့ အခုလိုလုပ်ဖို့အတွက် သူ့မိခင်ဆီကနေ အကြံဉာဏ်တွေ ရရှိပြီး အသက် ၁၁ နှစ်သာရှိသေးတဲ့ သူ့သမီးလေးကတော့ သူ့အတွက်စိတ်ဓာတ်လှုံ့ဆော်မှုဖြစ်ကြောင်းနဲ့ မျိုးဆက်သစ်တွေအတွက်   ဖန်တီးပေးခဲ့တဲ့ ကောင်းမွန်တဲ့ အရာတွေဟာ နှစ်ပေါင်းများစွာ တိုင်အောင် တည်ရှိနေမှာ ဖြစ်တယ်လို့ မှတ်ချက်ပြုပြောထားပါတယ်။

Ref: CNA

Read 59 times Last modified on Tuesday, 03 March 2020 09:38