Print this page

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ဖိတ်ခေါ်နေတဲ့ နှာခေါင်းစည်းများ

Wednesday, 04 March 2020 11:50 font size decrease font size decrease font size increase font size increase font size

ကမ္ဘာကြီးမှာ  ရောဂါအသစ်အဆန်းတစ်ခု၊ ဗိုင်းရပ်အသစ်အဆန်းတစ်ခု ပေါ်လာတာနဲ့   ကူးစက်ခံရမှာကို   လူတိုင်းကြောက်ကြတာဓမ္မတာပါ။

ကြောက်ရွံ့ခြင်းရဲ့   နောက်ဆက်တွဲအကျိုးဆက်ကတော့ လူတွေဟာ ဆင်ခြင်တွေးခေါ်နိုင်စွမ်း နည်းပါးသွားတတ်ကြပါ

တယ်။

ကျန်းမာရေး တာဝန်ရှိသူတွေရဲ့ထုတ်ပြန်ချက်တွေ၊ လမ်းညွှန်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ဖတ်ရှုလေ့လာ မှတ်သားရမယ့်အစား   အရပ်ပြောအတွေးအခေါ်တွေနဲ့ သတင်းအမှားတွေထဲမှာသာ နစ်မွန်းသွားလေ့ရှိပါတယ်။

အခုဆိုရင်  တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေစတင်တဲ့   နိုဗယ်ကိုရိုနာ ဗိုင်းရပ်ဟာ ကမ္ဘာတစ်ဝန်းကို ကူးစက်ပျံ့နှံ့နေပါပြီ။ ကူးစက်ခံရသူတွေလည်း များပြားသလို  သေဆုံးသူတွေလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် အသက်သေမှာကြောက်တဲ့  သာမန်လူတွေအနေနဲ့   ဒီဗိုင်းရပ်ကူးစက်ခံရမှာကိုလည်း ကြောက်လန့်ကြမှာပါ။    သို့သော် အကြောက်မလွန်၊ အစိုးရိမ်မလွန်၊ သတင်းအမှားတွေအပေါ် ယုံကြည်မှုမလွန်ဖို့တော့ လိုပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို တားမြစ်နိုင်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကိုယ်တိုင်က သမားရိုးကျနည်းလမ်းတွေအပြင် တစ်တော့လိုမျိုးလူကြိုက်များထင်ရှားပြီး   သတင်းအမှား ပျံ့နှံ့လွယ်တဲ့ လူမှုကွန်ရက်မှာ အကောင့်ဖွင့် အသိပညာပေးနေပါတယ်။

ဒီဗိုင်းရပ်စတင်ကူးစက်ပျံ့နှံ့တုန်းကဆိုရင် လူတော်တော်များများက နှာခေါင်းစည်းတွေကို  အလုအယက် ပြေးဝယ်ကြပါ

တယ်။ ဈေးကွက်ထဲမှာ နှာခေါင်းစည်းပြတ်လပ်သွားတဲ့ အထိပါပဲ။

စီးပွားရေးသမား တွေကလည်း ကိုယ်ချင်းမစာမနာ နှာခေါင်းစည်းတွေကို မတန်တဆ   အမြတ်တင်ရောင်းကြပါတယ်။ စကားပုံအရ ဆိုရင်တော့ ''မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ''   လို့ ခေါ်ရမယ် ထင်ပါတယ်။ တကယ်တမ်းတော့ ဒီလိုလုပ်တာဟာ ကောင်းတဲ့လုပ်ရပ် မဟုတ်ဘူးဆိုတာ လူလူချင်းကိုယ်ချင်းစာစိတ်ထား ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

အခုတော့ နှာခေါင်းစည်းတပ်လိုက်ရုံနဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို မကာကွယ်နိုင်တဲ့အပြင် ပိုမိုကူးစက်နိုင်ခြေရှိတယ်လို့ ကမ္ဘာ့ကူးစက်ရောဂါကာကွယ်ရေး   အထူးကုဆရာဝန်တွေအပါအဝင်   ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

အဲဒီကျွမ်းကျင် ပညာရှင်တွေထဲမှာ အိုင်အိုဝါဆေးဝါးကောလိပ်မှ  ကူးစက်ရောဂါ ကာကွယ်ရေးပါမောက္ခ   အီလိုင်းပယ်ရန် စီဗစ်လည်း အပါအဝင် ဖြစ်ပါတယ်။ သူပြောတာကတော့ အကယ်၍ ကိုယ့်ပတ်ဝန်းကျင်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ဖြစ်ပွားနေတယ်ဆိုရင်တောင်မှ လူအများစုအနေနဲ့ နှာခေါင်းစည်းတွေကို မတပ်သင့်ဘူးဆိုတာပါပဲ။

သာမန်လူတွေအနေနဲ့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေနဲ့ N95   လိုမျိုးနှာခေါင်းစည်းတွေအပါအဝင် ဘာကြောင့် နှာခေါင်းစည်းတွေကို မတပ်ခိုင်းရတာလဲ။ အဲဒီအတွက်အဖြေကတော့ ဒီလိုမျိုးနှာခေါင်းစည်းတွေ တပ်လိုက်ရုံနဲ့    နိုဗယ်ကိုရိုနာဗိုင်းရပ်ရန်ကနေ   ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ တိကျတဲ့ သက်သေပြမှုမရှိလို့ပါပဲ။

နှာခေါင်းစည်းတွေက နိုဗယ်ကိုရိုနာဗိုင်းရပ်ရန်ကနေ မကာကွယ်ပေးနိုင်ရုံတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ နှာခေါင်းစည်းတပ်ထားသူတွေကို ဗိုင်းရပ်ကူးစက်နိုင်စေဖို့ အကူအညီပေးနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့  ပါမောက္ခ  အီလိုင်းပယ်ရန်စီဗစ်က အခုလိုပြောထားပါတယ်။

''သာမန်အားဖြင့် ကျန်းမာနေတဲ့သူတွေက နှာခေါင်းစည်းတပ်ဖို့ မလိုပါဘူး။ တပ်လည်းမတပ်သင့်ပါဘူး။ နှာခေါင်းစည်းက ကျန်းမာနေတဲ့သူကို   ဗိုင်းရပ်ရန်ကနေကာကွယ်ပေးနိုင်တယ်ဆိုတဲ့  သက်သေလည်း မရှိပါဘူး။ အကယ်၍ နှာခေါင်းစည်းကို မှားယွင်းပြီး တပ်မိတယ်ဆိုရင်   အဲဒီနှာခေါင်းစည်းတွေက   တပ်ထားသူရဲ့မျက်နှာနဲ့   အမြဲထိတွေ့နေရတဲ့အတွက် ဗိုင်းရပ်ကူးစက်နိုင်ခြေကိုတောင်မှ  ပိုမိုမြင့်တက်စေပါတယ်။''

ပထမဆုံး လူအများစုတပ်နေကြတဲ့ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း အကြောင်း ပြောချင်ပါတယ်။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းဆိုတာ   နာမကျန်းဖြစ်နေတဲ့သူက တခြားသူတွေကို ရောဂါမကူးစက်စေဖို့ အဓိကအသုံးပြုတာပါ။    ပါးစပ်၊ နှာခေါင်းကနေထွက်တဲ့ အရည်တွေကို အတိုင်းအတာတစ်ခုအထိသာ ထိန်းသိမ်းပေးနိုင်ပါတယ်။

နောက်တစ်ခု N95  နှာခေါင်းစည်းကတော့ တပ်ထားသူကိုရောဂါပိုးမွှားတွေ မကူးစက်စေဖို့ အသုံးပြုတာဖြစ်ပါတယ်။ ဒါပေမဲ့  ဒါဟာလည်း ရာနှုန်းပြည့်လုံခြုံစိတ်ချမှု ရှိတယ်လို့   မဆိုနိုင်သေးပါဘူး။ ဆေးဝန်ထမ်းတွေတောင်မှ N95  နှာခေါင်းစည်း အသုံးပြုနည်းကို သေချာလေ့ကျင့်ပြီးမှ အသုံးပြုရတာပါ။

ဆေးဝန်ထမ်းတွေ အနေနဲ့ အဲဒီလိုမျိုး နှာခေါင်းစည်းတွေကို မျက်နှာမှာ ဘယ်လိုတပ်ရမယ်။ နှာခေါင်းစည်းကို ဖြုတ်တဲ့အခါမှာလည်း နှာခေါင်းစည်းရဲ့လေစစ်မှာ ကပ်ငြိနေတဲ့   ပိုးမွှားတွေ မကူးစက်နိုင်အောင် ဘယ်လိုဖြုတ်ရမယ် ဆိုတာတွေကို လေ့ကျင့်ပြီးသားပါ။  သာမန်လူတွေကတော့  အဲဒီနည်းလမ်းတွေကို မသိရှိနိုင်ပါဘူး။

ဒါကြောင့် မလိုအပ်ဘဲနှာခေါင်းစည်းတွေ တပ်တာက ဗိုင်းရပ်ကူးစက်မှုကို ပိုဆိုးစေတယ်လို့ ပြောရတာ ဖြစ်ပါတယ်။   ဗိုင်းရပ်မကူးစက်စေနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ လက်ကိုမကြာခဏဆေးမယ်။   မျက်နှာကိုလက်နဲ့   ခဏခဏ ထိတွေ့နေတာကို    ရှောင်ရှားမယ်ဆိုရင် ထိရောက်ပါတယ်လို့  ပါမောက္ခအီလိုင်းပယ်ရန်စီဗစ်က အကြံပြုထားပါတယ်။

အကယ်၍  သာမန်လူတစ်ယောက်က နှာခေါင်းစည်းတပ်ထားမယ်ဆိုရင် အဲဒီသူဟာမျက်နှာကို မဆေးကြောထားတဲ့ လက်နဲ့ မကြာခဏဆိုသလို ထိတွေ့မိမှာပါ။ အဲဒီလိုထိတွေ့မိရင်    လက်မှာကပ်ငြိ နေနိုင်တဲ့ ဗိုင်းရပ်က အသက်ရှူလမ်းကြောင်း ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ပြီး ကူးစက်စေနိုင်ပါတယ်။ ဒါဆိုရင်တော့ အဲဒီလူဟာ ဗိုင်းရပ်ကူးစက်ခံရဖို့ လုံးဝနီးပါး သေချာနေပါပြီ။

နိုဗယ်ကိုရိုနာဗိုင်းရပ်က ဘယ်လိုနည်းနဲ့ပျံ့တယ်ဆိုတာ   လူတွေကတော်ရုံမသိတဲ့အတွက် ကြောက်လန့်တကြားနဲ့ နှာခေါင်းစည်းတွေကို ပြေးဝယ်ကြတာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ တင်ထားတဲ့ ဓာတ်ပုံတွေမှာ လူတွေက နှာခေါင်းစည်းတပ်ထားတာ မြင်ရင် ငါတို့လည်း နှာခေါင်းစည်းတပ်ရမယ်။ ဒါမှသာ ဗိုင်းရပ်ကူးစက်မှုကိုကာကွယ်နိုင် မယ်ဆိုတဲ့ တလွဲအသိနဲ့ နှာခေါင်းစည်းတွေကို အလုအယက်ဝယ်ကြတာပါ။

ဒီလိုတွေမဖြစ်ရအောင် နိုဗယ်ကိုရိုနာဗိုင်းရပ်က ဘယ်လိုနည်းနဲ့ပျံ့တယ်ဆိုတာကို အဓိကသိထားရမှာ ဖြစ်ပါတယ်။ တကယ်တမ်းတော့ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ လေထဲကနေပျံ့တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကနေ ထွက်တဲ့ ဗိုင်းရပ်ပါတဲ့ အရည်တွေကို တခြားသူတွေက ထိတွေ့မိလို့ ကူးစက်တာဖြစ်ပါတယ်။

ဘယ်လိုအရည်တွေလဲဆိုရင်  ဗိုင်းရပ်ကူးစက်ခံထားရသူက    နှာချေလိုက်တာဖြစ်ဖြစ်၊   ချောင်းဆိုးလိုက်တာဖြစ်ဖြစ် အဲဒီကနေမှထွက်လာတဲ့ အရည်တွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဗိုင်းရပ်ကူးစက်ခံထားရမှန်းမသိဘူး။    နှာချေ၊ ချောင်းဆိုးရင်လည်း လက်နဲ့အုပ်တာမျိုး၊ လက်ကိုင်ပဝါနဲ့ အုပ်တာမျိုး အကာအကွယ်မရှိဘူး။ အဲဒီလက်တွေ၊ လက်ကိုင်ပဝါတွေကိုလည်း စနစ်တကျ မဆေးကြောဘူးဆိုရင် နောက်လူတွေကို ဗိုင်းရပ်ကူးစက်ဖို့ ရာနှုန်းပြည့်သေချာပါတယ်။

ဒါဆိုရင် ဘယ်လိုလူတွေက နှာခေါင်းစည်းတပ်သင့်လဲဆိုတာ မေးစရာရှိလာပါပြီ။ ကိုယ့်ကိုယ်ကိုယ်  နေမကောင်းဘူးဆိုတာ သိနေသူတွေ၊ တုပ်ကွေးမိနေသူတွေဟာ အိမ်ထဲမှာနေရင်ပဲ ဖြစ်ဖြစ်၊ အပြင်ထွက်ရင်ပဲဖြစ်ဖြစ် ကိုယ့်မိသားစုဝင်တွေ၊ တခြားသူတွေကို ရောဂါပိုး မကူးစက်စေဖို့ နှာခေါင်းစည်း မဖြစ်မနေ တပ်ရပါမယ်။

ဒါ့အပြင်   နေမကောင်းတဲ့သူတွေ၊ ဗိုင်းရပ်ကူးစက် ခံထားရသူတွေနဲ့ အနီးကပ်ထိတွေ့ ဆက်ဆံနေရသူတွေ ဆိုရင်လည်း ရောဂါပိုးအလွယ်တကူ ကူးစက်နိုင်တာကြောင့် သူ့ဆီကနေ တခြားသူတွေဆီကို ဗိုင်းရပ်ထပ်မပျံ့စေဖို့ နှာခေါင်းစည်းတပ်ရပါမယ်။

နှာခေါင်းစည်းတပ်တဲ့ နေရာမှာလည်း စနစ်တကျတပ်ပြီး မှန်ကန်စွာ စွန့်ပစ်ရပါမယ်။ နှာခေါင်းစည်း မတပ်ခင်နဲ့ နှာခေါင်းစည်းကို စွန့်ပစ်ပြီး ချိန်တွေမှာလည်း လက်ကိုစင်ကြယ်စွာ ဆေးကြောရပါမယ်။ ဘာကြောင့် လက်ဆေးခိုင်းရတာလဲ ဆိုတဲ့နေရာမှာလည်း အကြောင်းပြချက်ရှိပါတယ်။  အဲဒီအကြောင်းပြချက်နဲ့ ပတ်သက်ပြီး ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ဇီဝရူပပညာရှင်ပါမောက္ခ ကာရန်ဖလီးမင်းက အခုလို ပြောထားပါသေးတယ်။

''နိုဗယ်ကိုရိုနာဗိုင်းရပ်ဆိုတာ အပေါ်ကနေ အရေခြုံထားတဲ့ ဗိုင်းရပ်ဖြစ်ပါတယ်။ ဆိုလိုတာက အဲဒီဗိုင်းရပ်ကို အပြင်ကနေအမြှေးပါးလေးတစ်ခုက ကာကွယ်ပေးထားတာပါ။ ဒါကြောင့် လက်ကိုဆပ်ပြာနဲ့ရေနဲ့ အသုံးပြုပြီး ဒါမှမဟုတ် အယ်ကိုဟောပါတဲ့ လက်ဆေးရည်တွေနဲ့ ဆေးလိုက်မယ်ဆိုရင် အဲဒီအမြှေးပါးလေးက    ပျက်စီးသွားပြီး ဗိုင်းရပ်လည်း သေဆုံးသွားပါတယ်။''

ဒါကြောင့်    နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ကာကွယ်ဖို့ဆိုရင် တတ်ကျွမ်းတဲ့ ကျန်းမာရေး တာဝန်ရှိသူတွေရဲ့  အကြံပြုချက် တွေကို လိုက်နာပါ။ လက်ကိုမကြာခဏ ဆေးကြောပါ။ မျက်နှာကိုလက်နဲ့ ခဏခဏမထိပါနဲ့။

Read 51 times Last modified on Wednesday, 04 March 2020 11:52