SJ WorldNews - шаблон joomla Авто

  အမေရိကန်က နိုင်ငံပိုင်သတင်းဌာနအပေါ် ကြီးနိုင်ငယ်ညှဉ်းလုပ်မှု တရုတ်လက်တုံ့ပြန်မည်

Wednesday, 04 March 2020 12:04 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံ၌ ဖွင့်လှစ်ထားသော တရုတ်နိုင်ငံပိုင် သတင်းဌာနတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိသည့် တရုတ်နိုင်ငံသား အရေအတွက်ကို အမေရိကန်က လျှော့ချလိုက်ပြီးနောက် အမေရိကန်သည် ၄င်းသတင်းဌာနအပေါ် ကြီးနိုင်ငယ် ညှဉ်းပြုလုပ်သည်ဟု တရုတ်အစိုးရက မတ် ၃ ရက်တွင် စွပ်စွဲကာ ယင်းကိစ္စနှင့် ပတ်သက်၍ လက်တုံ့ပြန်မည်ဟု ပြောကြောင်း သိရသည်။

တရုတ်အစိုးရက ပြီးခဲ့သည့်လကုန်ပိုင်းတွင် Wall Street ဂျာနယ်မှ သတင်းထောက် သုံးဦးကို နှင်ထုတ်လိုက်ပြီးနောက် အမေရိကန်က တရုတ်နိုင်ငံပိုင် သတင်းဌာနတွင် အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား အရေအတွက်ကို လျှော့ချလိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ဆုံးဖြတ်ရခြင်းမှာ လက်တုံ့ပြန်သည်ဆိုခြင်းထက် နှစ်နိုင်ငံအကြား အလုပ်သမား အရေအတွက်ကို တန်းညှိခြင်းဖြစ်ကြောင်း အမေရိကန်က ပြောသည်။

အမေရိကန်၏ ကြေညာချက်နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ပြောသည်။ အမေရိကန်၏ အဆိုပါ လုပ်ရပ်သည် တရုတ်သတင်းထောက်များကို နှင်ထုတ်ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၄င်းတို့နိုင်ငံ၌ အခြေစိုက်ထားသော တရုတ်သတင်းဌာနများကို အခြေအမြစ်မရှိသော အကြောင်းပြချက်များဖြင့် ဖိနှိပ်ချုပ်ချယ်ကြောင်း  ကျောင်လီကျန်းက ပြောသည်။

ထို့ပြင် ယင်းအပြုအမူသည် စာနယ်ဇင်း လွတ်လပ်ခွင့်ရှိသည်ဟူသော အမေရိကန်၏ ကြောင်သူတော်ကြွက်သူခိုး လုပ်ရပ်ဖြစ်ပြီး အခြားနိုင်ငံ၏ သတင်းဌာနများအပေါ် သိသိသာသာ လွှမ်းမိုးရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

အမေရိကန်က စည်းမျဉ်းကို ပထမဆုံး ချိုးဖောက်သူဖြစ်ပြီး တရုတ်က ၄င်းတို့၏ လမ်းစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောင်လီကျန်းက ပြောသည်ဟု သိရသည်။

 Ref: The Straits Times

Read 46 times Last modified on Wednesday, 04 March 2020 12:05