Print this page

ဆီးရီးယား၌ အကြမ်းဖက် အဖွဲ့က ဓာတုလက်နက်ဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းဟု ရုရှားထုတ်ပြန်

Thursday, 05 March 2020 09:27 font size decrease font size decrease font size increase font size increase font size

အကြမ်းဖက်သမား ၁၅ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ပြည်နယ်၌ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ရန်ကြိုးပမ်းကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ ရုရှားစေ့စပ်ညှိနှိုင်းရေးဌာနက မတ် ၄ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ဖော်ပြသည်။

မတ် ၂ ရက်တွင်  အကြမ်းဖက်အဖွဲ့တစ်ဖွဲ့သည် အဆိပ်ဖြစ်စေသော ဓာတုပစ္စည်း အပြည့်ထည့်ထားသည့်  ပုလင်းများနှင့်အတူ ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းများကို ဖောက်ခွဲရန် ကြိုးပမ်းသည်။ ၄င်းတို့၏ ရည်ရွယ်ချက်မှာ ဆာရာကစ်မြို့အနောက်ပိုင်း၌ ဆီးရီးယားအစိုးရ တပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဟန့်တားရန်ဖြစ်ပြီး နောက်ပိုင်းတွင် ဆီးရီးယားအစိုးရက ဓာတုလက်နက် အသုံးပြု၍ တိုက်ခိုက်မှုများ ပြုလုပ်သည်ဟု  စွပ်စွဲရန်ဖြစ်ကြောင်း  အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အဖွဲ့သည် ဓာတုပစ္စည်းများ အပြည့်ထည့်ထားသော ပုလင်းများအနက် တစ်လုံးကို မပိတ်မိသဖြင့် အဆိပ်ရှိသော ဓာတုဓာတ်ငွေ့များ ယိုစိမ့်ကာ အဆိပ်သင့် ဝေဒနာခံစားရပြီး ၄င်းတို့ ရည်ရွယ်ထားသည့် တိုက်ခိုက်မှုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း ၄င်းအစီရင်ခံစာ၌ ဖော်ပြချက်အရ သိရသည်။

အကြမ်းဖက်အဖွဲ့၏ အောင်မြင်မှုမရှိသော   ဓာတုလက်နက်ဖြင့် တိုက်ခိုက်ရန် ကြံစည်မှုနှင့် ပတ်သက်၍    သက်သေအထောက်အထားများကို မကြာမီဖော်ပြသွားမည်ဟု ရုရှားစစ်ဘက်က ပြောသည်။

ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ပြည်နယ်သို့ ဓာတုဆေးအရည် လီတာ ၄ဝဝ ပေးပို့ပြီးနောက် ဆီးရီးယားအရပ်ဘက် ကာကွယ်ရေးအဖွဲ့က ရိုက်ကူးထားသော ကျူးကျော်ရန်စသည့် ဗီဒီယိုဖိုင်ကို ရုရှားစေ့စပ်ညှိနှိုင်းရေး ဌာနက မတ် ၄ ရက် နံနက်ပိုင်းတွင် ဖော်ပြသည်။

ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ပြည်နယ် ဆာရာကစ်မြို့၌ တင်းမာမှုများ မြင့်တက်နေစဉ် လုံခြုံရေးအတွက် အဆိုပါ မြို့တစ်ဝန်းတွင် ရုရှားတပ်ရဲအဖွဲ့ကို တပ်ဖြန့်ချထားပြီး နောက်ရက်ပိုင်းအတွင်း   အကြမ်းဖက် အဖွဲ့နှင့် ပတ်သက်သော   အစီရင်ခံစာများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Ref: Sputnik

Read 80 times Last modified on Thursday, 05 March 2020 09:28