SJ WorldNews - шаблон joomla Авто

နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးအတွက် WHO ကပြန်ဖြေရှင်းထားတဲ့ ကောလာဟလ (၁၃)ချက်

Friday, 06 March 2020 14:09 font size decrease font size decrease font size increase font size increase font size

အခုဆိုရင် နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ တစ်ကမ္ဘာလုံး နီးပါးကို ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မတ် ၅ ရက်ထုတ်ပြန်ချက်အရဆိုရင် ဗိုင်းရပ်ကူးစက်မှုကို တွေ့ရှိထားတဲ့ နိုင်ငံပေါင်း ၇၉ နိုင်ငံရှိပြီး ကူးစက်ခံရသူ ၉၅၂၇ဝ နဲ့ သေဆုံးသူ ၃၂၈ဝ အထိ မြင့်တက်လာပါပြီ။

တစ်ချိန်တည်းမှာပဲ  ဗိုင်းရပ်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကလည်း တောမီးပမာ ပျံ့နှံ့ လာပါတယ်။ ဒါကြောင့် WHO ဟာ ဗိုင်းရပ်တိုက်ဖျက်ရေးအပြင် ကောလာဟလ တိုက်ဖျက်ရေးကိုပါ အရှိန်အဟုန်မြှင့် လုပ်နေရပါတယ်။

အခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ဗိုင်းရပ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး WHO က ပြန်လည် ဖြေရှင်းပေးထားတဲ့ ကောလာဟလ(၁၃)ချက်ပဲဖြစ်ပါတယ်။

 

၁။ လက်အခြောက်ခံစက်တွေက နိုဗယ်ကိုရိုနာဗိုင်းရပ်ကို သတ်နိုင်သလား

လက်အခြောက်ခံစက်တွေက နိုဗယ်ကိုရိုနာဗိုင်းရပ်ကို မသတ်နိုင်ပါဘူး။ ကိုယ့်ကို ဗိုင်းရပ်မကူးအောင်  ကာကွယ်ဖို့ ဆိုရင်  အယ်ကိုဟောပါတဲ့  လက်သန့်ဆေးရည် သို့မဟုတ် ဆပ်ပြာနဲ့ ရေကိုသုံးပြီး လက်ကို မကြာခဏ ဆေးပေး ရပါမယ်။ လက်ဆေးပြီးပြီဆိုရင် လက်ကိုစက္ကူ   သို့မဟုတ်   အနွေးဓာတ်ပေးတဲ့ လက်အခြောက်ခံစက်နဲ့ ခြောက်သွေ့အောင်လုပ်ရပါမယ်။

 ၂။ ခရမ်းလွန်ရောင်ခြည် ပိုးသတ်ဖန်ချောင်းက ဗိုင်းရပ်ကို သတ်နိုင်သလား

ခရမ်းလွန်ရောင်ခြည်ဆိုတာ ပြင်းထန်တဲ့အပူချိန် ရှိတဲ့အတွက်  လက် သို့မဟုတ်  ခန္ဓာကိုယ်မှာရှိတဲ့ ဘယ်အရေပြား ကိုမှ မထိသင့်ပါဘူး။ ထိမိမယ်ဆိုရင်တော့ အရေပြားယားယံတာကနေ အရေပြားကင်ဆာဖြစ်တဲ့အထိကို အန္တရာယ် ကြီးမားပါတယ်။

၃။ အပူချိန်တိုင်း  ကိရိယာက ဗိုင်းရပ်ကူးစက်ခံစားရသူအပေါ် ဘယ်လောက် အကျိုးသက်ရောက်လဲ

အပူချိန်တိုင်း ကိရိယာတွေက ဗိုင်းရပ်ကူးစက်ခံရလို့ သာမန်အပူချိန်ထက်မြင့်ပြီး    အဖျားရှိတဲ့လူတွေကို ရှာဖွေရာမှာ တကယ်ကိုပဲ အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ အဖျားရှိတဲ့လူတိုင်းဟာ ဗိုင်းရပ်ကူးစက်ခံထားရတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဗိုင်းရပ်ကူးပြီးပါက နာမကျန်းဖြစ်ဖို့နဲ့ အဖျားရှိဖို့ အချိန် ၂ ရက်ကနေ ၁ဝ ရက်အထိကြာလို့ ဖြစ်ပါတယ်။

၎။ ခန္ဓာကိုယ်ကို အယ်ကိုဟော သို့မဟုတ် ကလိုရင်းဖျန်းတာက ဗိုင်းရပ်ကို သတ်နိုင်သလား

ဒီအတွက် အဖြေကတော့ ဗိုင်းရပ်ကို မသတ်နိုင်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ် အတွင်း ရောက်ရှိနေပြီ ဖြစ်တဲ့ ဗိုင်းရပ်ကို အပြင်ကနေ အယ်ကိုဟော  သို့မဟုတ်  ကလိုရင်းဖျန်းရုံဖြင့် မသတ်နိုင်လို့ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အခန့်မသင့်ရင်ကိုယ့်အတွက်ပါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အယ်ကိုဟောတို့ ကလိုရင်းတို့ကို မျက်နှာပြင်တွေ၊ ကြမ်းပြင်တွေလိုမျိုးနေရာတွေမှာ ပိုးသတ်ဖို့အတွက် ဖျန်းနိုင်ပါတယ်။   ဒါပေမဲ့ သတ်မှတ်ချက်နဲ့ အညီပဲ လုပ်ရမှာပါ။

၅။ တရုတ်နိုင်ငံမှ ပါဆယ် သို့မဟုတ် စာကို လက်ခံလို့ ရသလား

တရုတ်နိုင်ငံမှစာတွေ၊ ပါဆယ်တွေကို လက်ခံလို့ ရပါတယ်။ ဘာကြောင့်လဲဆိုရင်   နိုဗယ်ကိုရိုနာ ဗိုင်းရပ်က  အရာဝတ္ထုတွေ အပေါ်မှာ အချိန်ကြာမြင့်စွာ အသက်မရှင်နိုင်ဘူးလို့ ပြီးခဲ့တဲ့သုတေသနတွေမှာ တွေ့ထားလို့ ဖြစ်ပါတယ်။

၆။ အိမ်မွေးတိရစ္ဆာန်တွေက ဗိုင်းရပ်ပျံ့နှံစေသလား

လက်ရှိမှာတော့ ခွေး၊ ကြောင်ကဲ့သို့ အိမ်မွေးတိရစ္ဆာန်တွေဟာ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရနိုင်တယ်လို့ သုတေသနတွေမှာ  မတွေ့ရပါဘူး။    ဒါပေမဲ့လည်း အိမ်မွေးတိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးတဲ့ အခါမှာ လက်ကို ဆပ်ပြာနဲ့ဆေးပေးတာ အကောင်းဆုံးဖြစ်မှာပါ။ ဒီလိုဆေးပေးခြင်းအားဖြင့် အီးကိုလိုင်နဲ့ ဆယ်မိုနယ်လာကဲ့သို့ ဗက်တီးရီးယားတွေ မကူးစက်စေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

 

၇။ အဆုတ်ရောင်ရောဂါအတွက် ဆေးဝါးတွေက ဗိုင်းရပ်ကို ကာကွယ်နိုင်သလား

Pneumococcal  နဲ့ Haemophilus  ကဲ့သို့ အဆုတ်ရောင်ရောဂါနဲ့    တုပ်ကွေးအတွက်သုံးတဲ့ ဆေးဝါးတွေက  နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို မကာကွယ်ပေးနိုင်ပါဘူး။ အခုဗိုင်းရပ်က အသစ်ဖြစ်တဲ့အတွက်  သူ့အတွက် သီးသန့်ဆေးဝါး လိုအပ်ပါတယ်။ သုတေသနပညာရှင်တွေက   နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးထုတ်ဖို့ ကြိုးပမ်းနေပြီး  WHO ကလည်း ပံ့ပိုးပေးလျက်ရှိပါတယ်။

၈။ နှာခေါင်းကို ဆားရည်နဲ့ ပုံမှန်ဆေးပေးခြင်းက ဗိုင်းရပ်ကို ကာကွယ်နိုင်သလား

နှာခေါင်းကိုဆားရည်နဲ့ ပုံမှန်ဆေးပေးခြင်းက နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သက်သေ မတွေ့သေးပါဘူး။ ဒါပေမဲ့  အဲဒီလိုလုပ်ပေးခြင်းက သာမန်အဖျားတွေကိုတော့ အမြန်ဆုံး ပျောက်ကင်းစေပါတယ်။ သို့သော် နှာခေါင်းကိုဆားရည်နဲ့ဆေးပေးခြင်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သက်သေလည်း မရှိသေးပါဘူး။

၉။ ကြက်သွန်ဖြူစားခြင်းက ဗိုင်းရပ်ကို ကာကွယ်နိုင်သလား

ကြက်သွန်ဖြူဆိုတာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်တဲ့အတွက် စားသုံးပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။  ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ကြက်သွန်ဖြူစားရုံနဲ့ ကာကွယ် နိုင်တယ်ဆိုတဲ့  သုတေသနနဲ့ သက်သေမရှိသေးပါဘူး။

၁၀။ နှမ်းဆီလိမ်းတာက ခန္ဓာကိုယ်ထဲ ဗိုင်းရပ်မ၀င်အောင် ကာကွယ်ပေးသလား

မကာကွယ်ပေးနိုင်ပါဘူး။ နှမ်းဆီက နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကို မသတ်နိုင်ပါဘူး။ မျက်နှာပြင်ပေါ်မှာရှိတဲ့ ဗိုင်းရပ်ကို သတ်ဖို့အတွက် ဓာတုပိုးသတ်ဆေးတချို့ရှိပါတယ်။ အဲဒီထဲမှာ အရောင်ချွတ်ဆေး သို့မဟုတ် ကလိုရင်းအခြေခံတဲ့    ပိုးသတ်ဆေးတွေ၊  အီသာဖျော်ရည်၊ အီသနော ၇၅ ရာခိုင်နှုန်း၊ ကလိုရိုဖောင်းတို့ ပါဝင်ပါတယ်။

ဒါပေမဲ့ အဲဒီပိုးသတ်ဆေးတွေကို နှာခေါင်းအောက် သို့မဟုတ် အရေပြားမှာ  လိမ်းတာက ဗိုင်းရပ်အပေါ် သက်ရောက်မှုမရှိပါဘူး။  အခန့်မသင့်ရင်  အရေပြား အတွက်တောင်မှ အန္တရာယ်ရှိစေပါတယ်။

၁၁။ ဗိုင်းရပ်က လူကြီးတွေကိုပဲ ကူးစက်စေတာလား

နိုဗယ်ကိုရိုနာဗိုင်းရပ်က  အသက်အရွယ်မရွေး   ကူးစက်စေနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊      ကျန်းမာရေး မကောင်းတဲ့သူတွေကတော့   ဗိုင်းရပ်ကြောင့်  နာမကျန်းပိုဖြစ်စေပါတယ်။ ဒါကြောင့် လူကြီးလူငယ်မရွေး လူသားအားလုံးအနေဖြင့် ဗိုင်းရပ်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမယ့် အဆင့်တွေကို မဖြစ်မနေ လုပ်ဆောင်ဖို့ WHO  က အကြံပြုထားပါတယ်။

၁၂။ ပဋိဇီဝဆေးတွေက ဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ကုသနိုင်သလား

ပဋိဇီဝဆေးတွေက  ဗက်တီးရီးယားတွေကိုသာ ချေမှုန်းနိုင်ပြီး   ဗိုင်းရပ်တွေအပေါ်တော့ အကျိုးသက်ရောက်မှု မရှိပါဘူး။ နိုဗယ်ကိုရိုနာဗိုင်းရပ်ဆိုတာ ဗိုင်းရပ်အမျိုးအစား ဖြစ်တဲ့အတွက်   အဲဒီဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ရေးနဲ့ ကုသရေးအတွက် ပဋိဇီဝဆေးတွေကို အသုံးမပြုသင့်ပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်ကြောင့် ဆေးရုံတက်နေရတဲ့ အချိန်မှာ တခြားဗက်တီးရီးယားတွေ မကူးစက်နိုင်အောင်တော့ ပဋိဇီဝဆေးကို သောက်ရပါမယ်။

၁၃။ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ကာကွယ်ကုသဖို့ ဆေးဝါးရှိပြီလား

ဒီနေ့ဒီအချိန်အထိကတော့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ကာကွယ်ကုသဖို့အတွက် အကြံပြုထောက်ခံထားတဲ့ သီးခြားဆေးဝါးတွေ မရှိသေးပါဘူး။  ဒါပေမဲ့ ဗိုင်းရပ် ကူးစက်ခံထားရသူတွေကိုတော့    သင့်လျော်တဲ့ပြုစု စောင့်ရှောက်မှုတွေ ပေးနိုင်ပါတယ်။   

Ref: WHO

Read 51 times Last modified on Friday, 06 March 2020 14:11