SJ WorldNews - шаблон joomla Авто

အီရန်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အကျဉ်းသား ၇ဝဝဝဝ နီးပါးကိုပြန်လွှတ်

Tuesday, 10 March 2020 09:18 font size decrease font size decrease font size increase font size increase font size

အီရန်နိုင်ငံ၌  နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးပမ်းချက် တစ်ရပ်အနေဖြင့် အကျဉ်းသား ၇ဝဝဝဝ  နီးပါးကို ပြန်လွှတ်ပေးကြောင်း တရားစီရင်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်ကိုကိုးကား ၍ Reuter သတင်းဌာနက မတ် ၉ ရက် တွင် ဖော်ပြသည်။

အဆိုပါ အကျဉ်းသားများကို ပြန်လည် အကျဉ်းချခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိပေ။ ပြန်လွှတ်ပေးလိုက်သော အကျဉ်းသား ၇ဝဝဝဝ နီးပါးတွင် ထောင်ဒဏ် ငါးနှစ်အထက် အကျဉ်းသားများ မပါဝင်ကြောင်း တရားစီရင်ရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

မတ် ၉ ရက် အစောပိုင်းတွင် စစ်တမ်းကောက်ယူမှုအရ လွန်ခဲ့သော၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုကြောင့်    နောက်ထပ် သေဆုံးသူ ၄၃ ဦးရှိပြီး ဗိုင်းရပ်ကူးစက်ခံရ သူ ၅၉၅ ဦးရှိသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူ ၂၃၇ ဦးအထိ ရှိလာပြီး ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်မှာ ၇၁၆၁ ဦး ရှိကြောင်း သိရသည်။

ထို့ပြင် အီရန်ဒုတိယသမ္မတ၊ ထိပ်တန်း အစိုးရအရာရှိများစွာနှင့် လွှတ်တော်အမတ် ၂၃ ဦးသည်လည်း နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံထားရကြောင်း သိရသည်။

အဆိုပါ စစ်တမ်းအရ အီရန်နိုင်ငံသည် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံပြီးနောက် ကမ္ဘာတွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှု အဆိုးဆုံးနိုင်ငံ ဖြစ်လာသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် ဗိုင်းရပ်ကူးစက်ခံရသူ ၁၁ဝဝဝဝ ကျော်နှင့် သေဆုံးသူ ၃၈ဝဝ ကျော်ရှိကာ အများစုမှာ တရုတ်ပြည်မကြီးမှ ဖြစ်သည်။

အီရန်နိုင်ငံ၌ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ဟန့်တားနိုင်ရန် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို ဧပြီလအထိ ယာယီပိတ်ထားပြီး ပွဲတော်များကိုလည်း ရပ်ဆိုင်းထားသည်။ ထို့ပြင် နိုင်ငံအတွင်း ခရီးသွားလာမှုနှင့် ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှုများကိုပါ ထိန်းချုပ်ထားကြောင်း သိရသည်။

Ref: Sputnik

Read 30 times Last modified on Tuesday, 10 March 2020 09:19