SJ WorldNews - шаблон joomla Авто

ရုရှားပစိဖိတ် ရေယာဉ်စုက ရေငုပ်သင်္ဘောဖျက် တိုက်ခိုက်ရေးအုပ် နှစ်အုပ်ဖွဲ့စည်း

Tuesday, 10 March 2020 09:21 font size decrease font size decrease font size increase font size increase font size

ရုရှားပစိဖိတ်ရေယာဉ်စုသည်  ရေငုပ်သင်္ဘောဖျက်တိုက်ခိုက်ရေး အုပ်နှစ်အုပ်ကို ဖွဲ့စည်းလိုက်ပြီး ထိုတိုက်ခိုက်ရေး အုပ်ပါရေယာဉ်များက ရန်သူ့ရေငုပ်သင်္ဘောများကို ရှာဖွေသွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ပင်လယ်ပြင်၌ သင်္ဘောတပ်လက်နက် အမျိုးအစားအားလုံးကို   ပစ်ခတ်လေ့ကျင့်မှု အပါအဝင်  တိုက်ပွဲတာဝန်များ အောင်မြင်စွာ ပြီးဆုံးပြီးနောက်   အဆိုပါရေငုပ်သင်္ဘောဖျက်တိုက်ခိုက်ရေး အုပ်များကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံအရှေ့မြောက်ပိုင်းတွင် တာဝန်ပေးသွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်ရေးအုပ်များကို ဖွဲ့စည်းရသည့် အဓိကအကြောင်းရင်းကို သေချာစွာ မသိရသော်လည်း  ထိုစစ်ရေယာဉ် များသည်  ရုရှားနိုင်ငံ၏ ဝေးကွာသော အရှေ့ပိုင်းဒေသရှိ ပင်လယ်ရေလမ်းကြောင်းကို ကာကွယ်ရန်၊ သတ်မှတ်ဒေသများကို ကင်းလှည့်ရန်နှင့် ပြည်ပစစ်ဆင်ရေးများတွင် ပါဝင်သွားမည်ဟု မျှော်မှန်းရသည်။

အဆိုပါ ပစိဖိတ်ရေယာဉ်စုတွင် ဖျက်သင်္ဘောငါးစင်း၊ ကော်ဗတ်စစ်ရေယာဉ်နှစ်စင်း၊   Slava  အမျိုးအစား  ခရူဆာ တစ်စင်း၊ ပဲ့ထိန်းဒုံးကျည်နှင့် ခရု(စ်)ဒုံးကျည်တင်ရေငုပ်သင်္ဘောရှစ်စင်း၊ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၁ဝ စင်းကျော်၊ စစ်ရေယာဉ်ငယ် အများအပြား၊ စစ်လေယာဉ်များနှင့် ကမ်းတက်ခြေလျင် တပ်ဖွဲ့များ ပါဝင်သည်။

ရုရှား၏ ပစိဖိတ်ရေယာဉ်စုသည်  မကြာသေးမီနှစ်များအတွင်း  ၄င်းတို့၏ စွမ်းရည်များကို ခေတ်မီစေရေး ကြိုးပမ်းလာကြောင်း သိရသည်။  

Ref: Sputnik

Read 54 times Last modified on Tuesday, 10 March 2020 09:22