SJ WorldNews - шаблон joomla Авто

ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့အီတလီမှာ ဘာကြောင့်လူအသေအပျောက်များရတာလဲ

Tuesday, 24 March 2020 10:26 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေး

အီတလီနိုင်ငံဆိုတာ မြေထဲပင်လယ်ထဲက အလွန်လှပတဲ့ နိုင်ငံလေးတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီလိုလှပတဲ့နိုင်ငံလေးဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာ နောက်ထပ် ဗဟိုချက်ဖြစ်နေပါပြီ။

ဒီလိုအခြေအနေမှာ  အီတလီနိုင်ငံက ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို ဘယ်သူမှလည်း စိတ်မဝင်စားသလို ဘယ်သူကမှလည်း အရေးတယူလုပ်ပြီး မစူးစမ်းပါဘူး။ ဒါပေမဲ့ လူပေါင်း သန်း ၇ဝဝဝ ကျော်ရှိတဲ့ ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၂ဝဝဝ ကျော် ရှိပြီး အဲဒီထဲကမှ သုံးပုံတစ်ပုံက အီတလီကဖြစ်နေရတဲ့ အကြောင်းရင်းကိုတော့ ကျန်ကမ္ဘာ့ နိုင်ငံတွေက သိရှိလိုကြမှာပါ။

ဒါကြောင့်လည်း ကျွမ်းကျင်ပညာရှင်တွေဟာ အီတလီမှာ ကိုဗစ်-၁၉ ရောဂါကြောင့် လူအသေ အပျောက်များရတဲ့ အကြောင်းရင်းတွေကို ထုတ်ဖော်ပေးထားပါတယ်။

အဲဒီအကြောင်းရင်းတွေထဲက ပထမဆုံးတစ်ခုကတော့ နိုင်ငံရဲ့လူဦးရေအများစုဟာ သက်ကြီး ရွယ်အိုတွေ များပြားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စာရင်းဇယားတွေအရဆိုရင် အီတလီနိုင်ငံ ရဲ့ ပျမ်းမျှအသက်ဟာ ၄၅ ဒသမ ၄ ဖြစ်တာကိုတွေ့ရပါတယ်။ ဒါဟာ ဥရောပမှာရှိတဲ့   နိုင်ငံတွေ အားလုံးထဲမှာ အီတလီနိုင်ငံက အသက်အကြီးဆုံး ဖြစ်နေပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံရဲ့ ပျမ်းမျှအသက်ထက် ခုနစ်နှစ်ကြီး နေပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ပျမ်းမျှအသက်ထက်လည်း အနည်းငယ် ပိုကြီးနေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြန်ချက်အရဆိုရင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတွေရဲ့ ပျမ်းမျှအသက်ဟာ ၇၈ ဒသမ  ၅ နှစ်ဖြစ်ပါတယ်။ သူတို့ထဲကမှ ၉၉ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ်-၁၉ ရောဂါမဖြစ်ခင်ကတည်းက တခြားရောဂါ အခံရှိနေကြသူတွေပါ။ ဒီအသက် အပိုင်း အခြားမှာ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူများအနက် သေဆုံးမှုနှုန်းကလည်း ၈ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတွေဟာ အသက်ကြီးပိုင်းတွေမှာ ပိုပြီးအဖြစ် များတယ်လို့ အောက်စဖို့ တက္ကသိုလ်မှ ပါမောက္ခ ဂျန်နီဖာဒေါက်က ပြောတာပါ။

ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ ပျမ်းမျှအသက်ဟာ ၄၇ ဒသမ ၃ ရှိတာကြောင့် အီတလီထက်ကို သက်ကြီးရွယ်အိုပိုများတဲ့ နိုင်ငံဖြစ်ပေမယ့်လည်း အဲဒီနိုင်ငံမှာ သေဆုံးသူဦးရေက ၃၅ ဦးသာ ရှိတာကိုတွေ့ရပါတယ်။

ဒါကြောင့် သက်ကြီးရွယ်အိုများပြားမှု တစ်ခုတည်းကြောင့်တော့ အီတလီမှာကိုဗစ်-၁၉ ရောဂါနဲ့ လူသေဆုံးမှုများရတာ မဟုတ်ဘူးလို့ မှတ်ချက်ပြုနိုင်ပါတယ်။

နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခုကိုလည်း ပညာရှင်တွေက ထည့်သွင်း တွက်ချက်ကြပါတယ်။ အဲဒါက တော့  ကံဆိုးမိုးမှောင်ကျမှုပါ။

ဒီလိုလူအစုလိုက် အပြုံလိုက်သေတဲ့ ကံဆိုးမှုက နိုဗယ်ကိုရိုနာ ဗိုင်းရပ်စတင်ဖြစ်ပေါ်ရာ တရုတ် နိုင်ငံအပြင် တခြားဘယ်နိုင်ငံမှာမှ မရှိနိုင်ပါဘူး။

အီတလီနိုင်ငံဟာ ဂျာမနီ၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ကို  နိုဗယ်ကိုရိုနာဗိုင်းရပ် မရောက်မီ ၁ဝ ရက်လောက်ကတည်းက ပြည်တွင်းမှာပဲ ကူးစက်ခံရတဲ့ ဗိုင်းရပ်ကူးစက်ခံရသူနှစ်ဦးကို တွေ့ရှိတာပါ။

အဲဒီနောက်မှာတော့ အသက် ၇၈ နှစ်ရှိတဲ့ အဘိုးအိုတစ်ဦးဟာ ဗိုင်းရပ်ကူးစက်ခံရပြီးနောက်      သေဆုံးသွားရာကနေစပြီး မတ် ၂၃ ရက်အထိ သေဆုံးသူစုစုပေါင်း ၅၄၇၆ ဦးအထိရှိလာပါပြီ။ ပြည်သူတွေကလည်း အိမ်ထဲမှာသာ နေကြရင်းနဲ့ပဲ သေဆုံးသူတွေက တစ်စထက်တစ်စ များပြားလာတာပါ။

အခုဆိုရင် စပိန်နဲ့ပြင်သစ်နိုင်ငံတို့ကလည်း အီတလီရဲ့လမ်းကြောင်းအတိုင်း လိုက်လာတာကို တွေ့ရတာကြောင့် လာမယ့်သီတင်းပတ် အနည်းငယ်အတွင်းမှာ ဗိုင်းရပ်ကူးစက်ခံရသူနဲ့ သေဆုံးသူတွေမြင့်တက်လာဖို့ ရှိနေပါသေးတယ်။

လူသေဆုံးမှုများရတဲ့ နောက်ဆုံးဖြစ်နိုင်ခြေနဲ့ အဖြစ်နိုင်ဆုံး အကြောင်းချင်းရာကတော့ အီတလီနိုင်ငံရဲ့ ကျန်းမာရေးစနစ် ပျက်စီးနေမှုပဲဖြစ်ပါတယ်။ ဘယ်လောက်ထိအောင် ကျန်းမာ ရေးစနစ်ပျက်စီးနေလဲဆိုရင် ဆေးရုံတွေမှာ ခုတင်မလောက်ငမှုနဲ့ အသက်ရှူကိရိယာလိုမျိုး အသက်ကယ် ထောက်ပံ့ပစ္စည်းတွေနည်းပါးမှုကြောင့် ဘယ်လူနာကိုတော့ရှင်စေ၊ ဘယ်လူနာ ကိုတော့ သူ့ထိုက်နဲ့ သူ့ကံသာရှိစေဆိုပြီး ဆရာဝန်တွေက ဆုံးဖြတ်ရတဲ့ အထိပါပဲ။

အသက်ရှင်ဖို့ လမ်းစပိုများတဲ့သူတွေကိုတော့ ဆရာဝန်တွေက အစွမ်းကုန်ကယ် တင်ပေးနိုင် ပေမယ့် အသက်ဆက်ရှင်နိုင်ခြေမရှိတဲ့ သူတွေကိုတော့ ဆရာဝန်တွေက မျက်စိစုံမှိတ်ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ကြရပါတယ်။

ကိုဗစ်-၁၉ ရောဂါကိုစောင့်ကြပ်ကြည့်ရှုဖို့အတွက် အီတလီအစိုးရမှာ လုံလောက်တဲ့ စမ်းသပ် ကိရိယာတွေ မရှိဘူးဆိုတာ ကမ္ဘာ့နိုင်ငံတွေက အခုမှသိရပါတယ်။ သိလျှင်သိချင်းပဲ အီတလီ နိုင်ငံကို ကျန်းမာရေးပစ္စည်းတွေ လှူဒါန်းဖို့ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံအများအပြားက  လုပ်ဆောင်လာပါတယ်။

တစ်ရက်မှာ လူတစ်သိန်းလောက်ကို စမ်းသပ်စစ်ဆေးပြီး စောင့်ကြပ်ကြည့်ရှုနိုင်မှသာ   နိုဗယ် ကိုရိုနာဗိုင်းရပ်ကို ထိန်းချုပ်နိုင်မယ်လို့ ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ မိုက်ကယ်မီနာက  ပြောပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အီတလီမှာ ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုများရ တဲ့ အကြောင်းရင်းက ကျန်းမာရေး စောင့်ရှောက်မှု စနစ်အားနည်းတဲ့ အချိန်မှာ အသက်ကြီး သူတွေက ကံဆိုးစွာ သေဆုံးသွားရတာဖြစ်တယ်လို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

Ref: The Straits Times

Read 18 times Last modified on Tuesday, 24 March 2020 10:29