SJ WorldNews - шаблон joomla Авто

ဝူဟန်မြို့ခံပြည်သူများ လုပ်ငန်းခွင်ပြန်ဝင်နိုင်ပြီ

Tuesday, 24 March 2020 10:29 font size decrease font size decrease font size increase font size increase font size

ပေကျင်း၊ ပြည်တွင်းရေး

နိုဗယ်ကိုရိုနာ ဗိုင်းရပ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ ပြည်သူ များသည် ယခုအခါ လုပ်ငန်းခွင်ပြန်ဝင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သယ်ယူပို့ဆောင်ရေး စနစ်များလည်း ပြန်လည်စတင် နေပြီဖြစ်သည်။

တရုတ်နိုင်ငံအတွင်း၌ နောက်ထပ် ဗိုင်းရပ်ကူးစက်မှုများမရှိတော့ဘဲ ပြည်ပမှ ပြန်လာသည့် ဗိုင်းရပ်ကူးစက်ခံရသူများသာ ရှိတော့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက မတ် ၂၃ ရက် တွင်ထုတ်ပြန်ပြီးနောက်  ဝူဟန်မြို့၌ ကန့်သတ်မှုများကို ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်သည်။

ကျန်းမာရေးကောင်းသည့် ဝူဟန်မြို့ခံ ပြည်သူများအနေဖြင့် တို့၏ မှတ်ပုံတင်များကိုပြပြီး ဘတ်စကား သို့မဟုတ် မြေအောက်မီးရထားကို စီးနိုင်ကာ မြို့အတွင်း သွားလာနိုင်ပြီဖြစ် ကြောင်း တာဝန်ရှိသူများ ကပြောသည်။

အလားတူ အလုပ်ရှင်များလက်ခံပါက လုပ်ငန်းခွင်ပြန်ဝင် နိုင်မည်ဖြစ်သည့်အပြင် ဗိုင်းရပ်ကူး စက်ခံရမှုရှိ၊ မရှိစစ်ဆေးမှုခံယူကာ ကျန်းမာကြောင်းထောက်ခံချက်ရရှိပါက ဝူဟန်မြို့မှထွက်ပြီး ဟူဘေးပြည်နယ် တစ်ဝန်းသွားလာနိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဝူဟန်မြို့ရှိ တရားမဝင် တောရိုင်းတိရစ္ဆာန်ဈေးမှ စတင်ဖြစ်ပွားသည့် နိုဗယ်ကိုရိုနာဗိုင်းရပ် ကြောင့် ဇန်နဝါရီ ၂၃ ရက်မှစ၍ မြို့ကို အဝင်အထွက် ပိတ်လိုက်ရခြင်းဖြစ်သည်။

ယင်းနောက်တွင် လူဦးရေသန်း ၆ဝ ရှိသည့် ဟူဘေးပြည်နယ် တစ်ခုလုံးကိုပါအဝင် အထွက် ပိတ်လိုက်ရသည်။ ထိုအချိန်မှစ၍ ဗိုင်းရပ်ကူးစက်မှုမှာ သိသိသာသာ ကျဆင်းလာကာ ဟူဘေးပြည်နယ်၌ ပြီးခဲ့သည့်ငါးရက်ဆက်တိုက် ဗိုင်းရပ်ကူးစက်ခံရသူ နောက်ထပ်မရှိတော့ ကြောင်း သိရသည်။

သို့သော် ပြည်ပမှပြန်လာသည့် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်းမှာမူ ၃၅ဝ ကျော် သွားပြီဖြစ် သည်။ မြို့ကြီးအချို့ကမူ အဆိုပါ ဗိုင်းရပ်ကူးစက်ခံရသူများကို တင်းကျပ်သော စည်းမျဉ်း များဖြင့် သီးသန့်ခွဲထားသည်။

လက်ရှိအချိန်တွင် ဗိုင်းရပ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူ သိသိသာသာ ကျဆင်းလာသော်လည်း ကျန်ကမ္ဘာ့နိုင်ငံများတွင်မူ အဆိုပါဗိုင်းရပ်ကို ထိန်းချုပ်နိုင်ရေးအတွက် အသည်းအသန် ကြိုးပမ်းနေရဆဲဖြစ်သည်။

မတ် ၂၃ ရက်ထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူ ၈၁ဝဝဝ ကျော်၊ သေဆုံးသူ ၃၂၇ဝ နှင့် နေပြန်ကောင်းလာသူ ၇၂၇ဝ၃ ဦးရှိကြောင်း သိရသည်။                     

Ref: C

Read 23 times Last modified on Tuesday, 24 March 2020 10:31