SJ WorldNews - шаблон joomla Авто

အနံ့ခံလို့မရတာ၊ အရသာခံလို့မရတာတွေကလည်း နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုရဲ့ လက္ခဏာ တစ်ခုဖြစ်လာ

Wednesday, 25 March 2020 09:52 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေး

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့ ကလေးအမေတစ်ယောက်က သူ့ကလေးရဲ့သေးခံ ထဲမှာ အညစ်အကြေးတွေနဲ့ ပြည့်နေတာတောင်မှ ဘာအနံ့မှမရဘူးလို့ ဆိုပါတယ်။

စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ဟင်းပွဲထဲမှာပါတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ အားလုံးကို   အမည်တပ်ပြီးပြောနိုင်တဲ့ စားဖိုမှူးတွေကလည်း ဟင်းနံ့လား၊ ကြက်သွန်ဖြူနံ့လား ဆိုတာကို အနံ့မခံနိုင်တဲ့အပြင် သူတို့မြည်းကြည့်လိုက်တဲ့ ဟင်းတွေအားလုံးက ဖွယ်တယ်တယ်ဖြစ်နေပြီး အရသာခံလို့ မရဘူးလို့ ပြောလာပါတယ်။

တခြားသူတွေကတော့ သူတို့အနေနဲ့ မွှေးပျံ့တဲ့ ခေါင်းလျှော်ရည်နံ့ကိုလည်း အနံ့ခံလို့မရသလို အနံ့ဆိုးဝါးလှတဲ့  ကြောင်ရဲ့ အညစ်အကြေးအနံ့ကိုလည်း အနံ့ခံလို့ မရဘူးလို့ ဆိုပြန်ပါတယ်။

နှာခေါင်းပိတ်တာလိုမျိုး တိကျတဲ့ အကြောင်းခြင်းရာမရှိဘဲနဲ့ ဒီလိုမျိုးတွေဖြစ်လာတာဟာ ကောင်းတဲ့အရာတွေတော့ မဟုတ်ပါဘူး။

ဘာကြောင့် ကောင်းတဲ့အရာတွေ မဟုတ်ဘူးလို့ ပြောရလဲဆိုရင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကြောင့် ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါရဲ့ လက္ခဏာတွေထဲမှာ ဒီလိုမျိုးအနံ့ခံလို့မရတာ၊ အရသာခံလို့မရတာ တွေလည်းပါဝင်တယ်လို့ ဗြိတိန်နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းမှ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန် တွေက ပြောဆိုသတိပေးထားလို့ဖြစ်ပါတယ်။

ဒါကြောင့် အရွယ်ရောက်ပြီးသူတွေအနေနဲ့ သီးခြားအကြောင်းအရာမရှိဘဲနဲ့ အထက်မှာပြောခဲ့ သလို အနံ့ခံလို့မရတာ၊ အရသာခံလို့ မရတာတွေဖြစ်လာပြီဆိုရင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှု လက္ခဏာ တစ်စုံတစ်ရာမပြသတောင်မှ ခုနစ်ရက်လောက် သီးသန့်ခွဲနေဖို့အတွက်   ဗြိတိန်ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

ဒါမှသာ ဗိုင်းရပ်ပျံ့နှံ့မှုက နှေးသွားမှာပါ။ ''အနံ့ခံလို့မရတာက ဗိုင်းရပ်ကူးစက်ခံရမှု လက္ခဏာ တစ်ခုဖြစ်တယ်ဆိုတာ မိမိတို့အနေနဲ့ သတိပေးလိုပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ အနံ့ခံလို့ မရဘူးဆိုရင် သီးသန့်ခွဲနေတာဟာ ဗိုင်းရပ်ပျံ့နှံ့မှုကို နှေးကွေးစေပြီး လူ့အသက်တွေကို ကယ်ဆယ်ရာလည်း ရောက်ပါတယ်''လို့ ဗြိတိန်နှာခေါင်း ဆေးပညာအဖွဲ့ဥက္ကဋ္ဌ ကလဲဟော့ ကင်က ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ တစ်ကိုယ်ရေသုံး အကာအကွယ် ဝတ်စုံတွေကို ဝတ်ပြီးမှသာ အနံ့ခံလို့မရတဲ့ လူနာတွေကို ပြုစုကုသပေးဖို့ တိုက်တွန်းကြောင်း ဗြိတိန် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များအဖွဲ့ဥက္ကဋ္ဌ နာမယ်ကူးမားနဲ့ ကလဲဟော့ကင်တို့က ပူးတွဲ ထုတ်ပြန်ထားပါတယ်။

ဒါတင်မကသေးပါဘူး။ နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဦးခေါင်းခွံအတွင်း လေလမ်း ကြောင်းထဲ မှန်ပြောင်းထည့်ပြီး ကြည့်တာမျိုးတွေကိုလည်း အရေးမကြီးရင် ရှောင်ကြဉ်ဖို့ကို  သူတို့က အကြံပြုထားပါ သေးတယ်။

ဘာကြောင့်လဲဆိုရင် ဗိုင်းရပ်က နှာခေါင်းနဲ့လည်ချောင်းထဲမှာ ပွားများလာတာဖြစ်တဲ့အတွက်  အဲဒီလို မှန်ပြောင်းကြည့်ခြင်းက ချောင်းဆိုးခြင်း ဒါမှမဟုတ် နှာချေခြင်းကိုဖြစ်စေတာကြောင့် မှန်ပြောင်းကြည့်တဲ့ ဆရာဝန်အနေနဲ့  ပြင်းထန်တဲ့ ဗိုင်းရပ်ကူးစက်ခံရနိုင်ခြေ အလွန်များလို့ ဖြစ်ပါတယ်။

အခုဆိုရင် ဗြိတိန်နိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နှစ်ဦးက အဲဒီလိုနည်းနဲ့ ဗိုင်းရပ်ကူးစက်ခံထားရပြီး အရေးပေါ်အခြေအနေ ဖြစ်နေတယ်လို့ ကလဲဟော့ကင်က ပြောပါ တယ်။

ဒါ့အပြင် နိုဗယ်ကိုရိုနာဗိုင်းရပ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာဆိုရင်လည်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုတွေအပြင် မျက်စိဆရာဝန်တွေ အများအပြားကလည်း အဲဒီဗိုင်းရပ်ကူး စက်ခံရပြီးနောက် သေဆုံးမှုတွေရှိတယ်လို့ အစောပိုင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာဆိုရင်လည်း ဗိုင်းရပ်ကူးစက်ခံရတဲ့လူနာ အယောက် ၂ဝဝဝ အနက် ၃ဝ ရာခိုင်နှုန်းက အနံ့ခံလို့မရတဲ့ ဝေဒနာကို ခံစားရတယ်ဆိုတာ ဗြိတိန်ဆရာဝန်တွေက သက်သေ အထောက်အထားတွေနဲ့ တွေ့ရှိထားပါသေးတယ်။

ဒါ့အပြင် စစ်ဆေးကြည့်လို့ ဗိုင်းရပ်ကူးစက်ခံထားရတယ်ဆိုတာ သိရတဲ့လူနာတွေမှာလည်း ဗိုင်းရပ်ကူးစက်မှုနဲ့ ပတ်သက်ပြီး ဘာလက္ခဏာမှမပြပေမယ့် သူတို့ဟာ အနံ့ခံလို့မရတဲ့  ဒါမှမဟုတ် အရသာခံလို့မရတဲ့ ဝေဒနာတွေ ခံစားရတာသေချာတယ်လို့ အမေရိကန်နိုင်ငံမှ  နားနှင့်လေပြွန် ရောဂါဆိုင်ရာ အကယ်ဒမီကလည်း သူတို့ရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဓာတ်မတည့်တာ ဒါမှမဟုတ် နှာခေါင်းပိတ်တာကြောင့်မဟုတ်ဘဲ အနံ့ခံလို့ မရတော့ ဘူးဆိုရင် အဲဒီလူနာကို ဗိုင်းရပ်ကူးစက်မှု သံသယလူနာအဖြစ် ဆရာဝန်တွေက စောင့်ကြည့် သင့်ပြီး သူတို့ကိုသီးသန့်ခွဲကာ ဗိုင်းရပ်ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးရမယ်လို့   နားနှင့် လေပြွန်ရောဂါဆိုင်ရာ အကယ်ဒမီက အကြံပြုထားပါတယ်။

ဘာကြောင့် ဒီလိုအကြံပြုရလဲဆိုရင် လေလမ်းကြောင်းခွဲစိတ်မှုနဲ့ စစ်ဆေးမှုတွေလုပ်တဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေက ဗိုင်းရပ်ကူးစက်ခံရမှု အများဆုံးအုပ်စုဖြစ်နေလို့ ဖြစ်ပါတယ်။

အဲဒါကိုဘယ်မှာတွေ့ရလဲဆိုရင် တရုတ်၊ အီတလီနဲ့ အီရန်နိုင်ငံတို့မှာ တွေ့ရပါတယ်။ ဗိုင်းရပ် ကူးစက်ခံရတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်အများစုကလည်း သေဆုံးသွားကြပါ တယ်။

ဗိုင်းရပ်ကူးစက်မှု ပြင်းထန်စွာဖြစ်ပွားနေတဲ့ အီတလီနိုင်ငံရဲ့ ဒေသအများအပြားမှာဆိုရင် အနံ့မခံနိုင်တာ သို့မဟုတ် အရသာ မခံနိုင်တာကလွဲလို့ ကျန်တာအားလုံးက လူကောင်းပကတိ အတိုင်းဖြစ်တဲ့ လူနာတွေကို စစ်ဆေးကြည့်လိုက်ရင် ဗိုင်းရပ်ကူးစက် ခံထားရတာကိုတွေ့ရပြီး သူတို့တွေက သူတို့ကိုယ်တိုင်တောင် မသိလိုက်ရဘဲ ဗိုင်းရပ်ဖြန့်ဖြူးသူတွေဖြစ်နေတယ်လို့ ဆရာဝန်တွေက မှတ်ချက်ပေးထားကြပါတယ်။

ဂျာမနီနိုင်ငံ ဟိန်းစဘာ့ခရိုင်မှာ ဗိုင်းရပ်ကူးစက်ခံထားရသူတွေကို တစ်အိမ် တက်ဆင်းလိုက်ပြီး မေးမြန်းစုံစမ်းတဲ့ ရောဂါပိုးမွှားဗေဒပညာရှင် ဒေါက်တာဟန်ဒရစ်စထရိရဲ့ တွေ့ရှိမှုကလည်း အလားတူပါပဲ။

သူမေးမြန်းစုံစမ်းခဲ့တဲ့ ဗိုင်းရပ်ကူးစက်ခံထားရသူ ၁ဝဝ ကျော်ထဲက အနည်းဆုံးသုံးပုံနှစ်ပုံဟာ   ရက်ပေါင်းများစွာကြာအောင် အနံ့မခံနိုင်တာနဲ့ အရသာမခံ နိုင်တာကိုခံစားရတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာဆိုရင်လည်း နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရတဲ့ လက္ခဏာတွေရှိနေပေ မယ့် အတိအကျ မစစ်ဆေးရသေးသူတွေ ဒါမှမဟုတ် စစ်ဆေးပြီးရလဒ်ကို စောင့်နေသူတွေ အားလုံးဟာ သူတို့ရဲ့နှာခေါင်းမှာ ဘယ်လိုပိတ်ဆို့မှုမျှမရှိပေမယ့်လည်း အနံ့ခံလို့မရတာ၊  အရသာခံလို့ မရတာတွေကို  ခံစားနေရတာတွေ့ရပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရပြီဆိုရင် ခံစားရမယ့်ရောဂါလက္ခဏာတွေက ဖျားခြင်း၊ ချောင်း ခြောက်ဆိုးခြင်း၊ မောပန်းခြင်း၊ အခြေအနေဆိုးရင် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပါတယ်။  တချို့ဆိုရင် ဒီလိုရောဂါလက္ခဏာတွေ မပြဘဲနဲ့လည်း ဗိုင်းရပ်ကူးစက်ခံထားရတာတွေကို တွေ့ရပါတယ်။

ဒီလိုရောဂါလက္ခဏာတွေ မပြပေမယ့်လည်း မိမိနှာခေါင်းက အသက်ရှူလို့ကောင်း ပါလျက်နဲ့ အနံ့ခံလို့မရတာ၊ အစားအသောက် မပျက်ပါဘဲနဲ့ အရသာခံလို့မရတာတွေ ဖြစ်လာရင် ပေါ့ဆမနေသင့်ဘဲ ဗိုင်းရပ်ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးမှုကို အမြန်ဆုံး ခံယူသင့်ပါ တယ်။

ဒါ့အပြင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေအနေနဲ့လည်း သီးခြားအကြောင်း အရာမရှိပါဘဲလျက် အထက်ပါရောဂါလက္ခဏာရှိနေတဲ့ လူနာတွေကို ကုသရာမှာ ဗိုင်းရပ်ကူး စက်မခံရရေး သေချာဂရုစိုက်ဖို့ မဖြစ်မနေလိုအပ်လှပါတယ်။               

Ref: New York Times

Read 9 times Last modified on Wednesday, 25 March 2020 09:54