Print this page

ကမ္ဘာ့ကပ်ရောဂါအပေါ်ထုတ်ပြန်မယ့် ဂျပန်အစိုးရရဲ့ အရေးပေါ်အခြေအနေ အကြောင်း တစေ့တစောင်း

Tuesday, 07 April 2020 10:05 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေး

ဧပြီ ၆ ရက်မှာ ဂျပန်နိုင်ငံရဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်က ၁၆၃ ဦး ရှိလာတဲ့အတွက် ဇိမ်ခံသင်္ဘောမှ ဗိုင်းရပ်ကူးစက်ခံရသူ ၇၁၂ ဦးအပါအဝင် ဗိုင်းရပ်ကူးစက် ခံရသူစုစုပေါင်း ၄၇၁၂ ဦးအထိ ရောက်သွားပါပြီ။ သေဆုံးသူ အရေအတွက်ကတော့ ၁ဝ၆ ဦး ရှိလာပါတယ်။

ဒါကြောင့် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမြင့်တက်နေတဲ့ တိုကျိုမြို့အပါအဝင် နိုင်ငံရဲ့ဒေသ အများအပြားမှာ ဧပြီ ၇ ရက်ကစပြီး အရေးပေါ်အခြေအနေ ကြေညာဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စီစဉ်နေပါတယ်။

ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ အရေးပေါ်အခြေအနေဆိုတာ ကျန်ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့  အသွားအလာ တားမြစ်မိန့်ထက် သက်ရောက်မှုနည်းပါးပါတယ်။ ဒီတော့ ကမ္ဘာ့တတိယ မြောက် စီးပွားရေး အင်အားကြီးနိုင်ငံရဲ့ အရေးပေါ် အခြေအနေက ဘာလဲဆိုတာ ဖော်ပြလိုပါ တယ်။

ဘယ်လိုအခြေအနေမှာ ကြေညာရမလဲ အရေးပေါ်အခြေအနေ ကြေညာတယ်ဆိုတာ လက်ရှိ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို လျော့ပါးစေဖို့ ၂ဝ၁၂ ခုနှစ် ဥပဒေပြင်ဆင်ချက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဗိုင်းရပ်က လျင်မြန်စွာပျံ့နှံ့နေတဲ့အပြင် နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်နဲ့ စီးပွားရေးကို အကြီးအကျယ် ခြိမ်းခြောက်လာတဲ့အခါမျိုး အပါအဝင် သတ်မှတ်ထားတဲ့ တချို့အခြေအနေ တွေဖြစ်ပေါ်လာချိန်မှာ အရေးပေါ်အခြေအနေကို ကြေညာနိုင်ပါတယ်။

ဒီလိုမျိုးအရေးပေါ် အခြေအနေ ကြေညာဖို့အတွက် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဟာ ပြီးခဲ့တဲ့ လတုန်းကဖွဲ့စည်းခဲ့တဲ့ အထူးလုပ်ငန်းအဖွဲ့နဲ့ တိုင်ပင်မှုတွေလုပ်ရပါတယ်။ အဲဒီအဖွဲ့ထဲမှာ  တရားရေး ကျွမ်းကျင်ပညာရှင်တွေနဲ့ ကျန်းမာရေးကျွမ်းကျင် ပညာရှင်တွေလည်း ပါဝင်ပါ တယ်။

ဘယ်ဒေသတွေအပေါ် သက်ရောက်မှာလဲ အခုကြေညာချက်က တစ်နိုင်ငံလုံးအပေါ်မှာ မသက်ရောက်ပါဘူး။ သက်ရောက်မယ့် နေရာတွေက ကျန်းမာရေးပညာရှင်တွေ သတ်မှတ် ပေးထားတဲ့ လက်ရှိဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုမြန်ဆန်ပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ်  ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် ဒေသခုနစ်ခုဖြစ်ပါတယ်။

အဲဒီဒေသတွေကတော့ တိုကျို၊ ချီဘာ၊ ကာနာဂါဝါ၊ ဆာအီတာမာ၊ အိုဆာကာပြည်နယ် အနောက်ပိုင်း၊ ရှိုဂို၊ ဖူကူအိုကာပြည်နယ် အနောက်တောင်ပိုင်းတို့ဖြစ်တယ်ဆိုပြီး ရှင်ဇိုအာဘေး က ဧပြီ ၆ ရက်မှာ ပြောပါတယ်။

ဒါကြောင့် အရေးပေါ်အခြေအနေက အထက်ပါဒေသတွေကလွဲပြီး ကျန်နေရာတွေမှာ သက် ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ဖေဖော်ဝါရီလတုန်းကတော့ ဟော့ကိုင်းဒိုးပြည်နယ် အုပ်ချုပ်ရေး မှူးက ပြည်နယ်အတွင်း ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု မြင့်တက်လာတဲ့အတွက် အရေးပေါ်အခြေ အနေကို ပြဋ္ဌာန်းခဲ့ပေမယ့်လည်း သီတင်းပတ် အနည်းငယ်အကြာမှာတော့ အရေးပေါ်အခြေ အနေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ဘာတွေလုပ်ပိုင်ခွင့်ရမလဲ အစိုးရက အရေးပေါ်အခြေအနေ ပြဋ္ဌာန်းလိုက်မယ်ဆိုရင်သက် ရောက်မှုရှိတဲ့ ဒေသများမှ အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေရဲ့သွားလာမှု၊ ရောင်းဝယ် ဖောက်ကားမှုအပေါ်  ကန့်သတ်ချက်တွေ ထုတ်ပြန်နိုင်ပါတယ်။

ဒါပေမဲ့ ကန့်သတ်ချက်တွေ စိုးမိုးမှုရှိအောင် လုပ်ဆောင်ဖို့တော့ အင်အားနည်းပါးပါတယ်။ ပြည်သူတွေအနေနဲ့ အိမ်ထဲက အိမ်အပြင်မထွက်ဖို့ အုပ်ချုပ်ရေးမှူးတွေက တောင်းဆိုနိုင်ပါ တယ်။ တိုကျိုမြို့ အုပ်ချုပ်ရေးမှူးဆိုရင် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်အပြင်မထွက်ဖို့နဲ့ ကိုယ့်အိမ်မှာ ကိုယ်နေပြီးတော့ အလုပ်လုပ်ဖို့တိုက်တွန်း တောင်းဆိုထားပြီးပါပြီ။

ဖျော်ဖြေပွဲကျင်းပရာနေရာတွေ၊ ကုန်တိုက်ကြီးတွေလိုမျိုး လူစုလူဝေးဖြစ်ပေါ်စေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ဖို့ အုပ်ချုပ်ရေးမှူးတွေက တောင်းဆိုနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီတောင်းဆိုချက်ကို မလိုက်နာသူတွေကို အပြစ်ပေးဖို့မရှိပါဘူး။ ဒါ့အပြင် စိုးမိုးရေး အတွက်လည်း လုပ်ဆောင်မယ့်အဖွဲ့တွေမရှိပါဘူး။

အုပ်ချုပ်ရေးမှူးတွေက ဘာကိုအမိန့်ပေးနိုင်မလဲ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားချိန်မှာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အာဏာအရအမိန့်ပေး နိုင်တာကတော့ အဆောက်အအုံတွေ  ဒါမှမဟုတ် မြေနေရာတွေကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအတွက် သိမ်းယူနိုင်တာဖြစ် ပါတယ်။

ဒီလိုအမိန့်ပေးခံရတဲ့ မြေပိုင်ရှင်တွေအနေနဲ့ သူတို့မြေပေါ်မှာ ယာယီကျန်းမာရေးစောင့်ရှောက် မှုအဆောက်အအုံတွေ တည်ဆောက်ဖို့ ခွင့်ပြုပေးရမှာဖြစ်သလို လူနာတွေကိုထားရှိဖို့အတွက် စီးပွားရေး လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ နေရာတွေကို ဖယ်ရှားရှင်းလင်းပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေက စာသင်ကျောင်းတွေလိုမျိုး ပြည်သူပိုင်နေရာတွေကို ပိတ်ဖို့ အမိန့်ပေးနိုင်ပါတယ်။  လက်ရှိမှာတော့  စာသင်ကျောင်း အများအပြားဟာ ဖေဖော်ဝါရီလက တည်းက ပိတ်ထားပြီးဖြစ်ပါတယ်။

ပြည်သူလူထုက ဘယ်လိုတုံ့ပြန်မလဲ အရေးပေါ် အခြေအနေ ထုတ်ပြန်တဲ့နေရာမှာ ခိုင်မာတဲ့ စိုးမိုးရေးလုပ်ငန်းစဉ်တွေ မပါပေမယ့်လည်း ပြည်သူအများအပြားနဲ့   စီးပွားရေးလုပ်ငန်းရှင်တွေ ကအုပ်ချုပ်ရေးမှူးတွေရဲ့တောင်းဆိုချက်တွေကို လိုက်နာမယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိမှာဆိုရင် ကိုယ့်အိမ်မှာပဲကိုယ်နေပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူးတချို့ရဲ့ ညွှန်ကြားချက်တွေကို လူအများအပြားက လိုက်နာတာတွေ့ရပါတယ်။ လူစည်ကားလွန်းတဲ့   တိုကျိုမြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်မှာဆိုရင်လည်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ သိသိသာသာကို လူနည်းလာတာတွေ့ရပါတယ်။

ကိုယ့်အိမ်မှာပဲ ကိုယ်နေပြီး အလုပ်လုပ်ဖို့ ညွှန်ကြားထားတဲ့ တိုကျိုမြို့အုပ်ချုပ်ရေးမှူးရဲ့ တောင်းဆိုချက်ကြောင့်လည်း လမ်းမတွေပေါ်မှာ အခုလိုမျိုး လူရှင်းလာတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ရဲ့ အကျိုးဆက်ကြောင့် ပြည်သူတွေအပေါ် ကျင့်သုံးနိုင်တဲ့ ဂျပန်အစိုးရရဲ့ အာဏာဟာ အကန့်အသတ်ရှိနေပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ညွှန်ကြားချက် တွေကိုလိုက်နာစေဖို့ တောင်းဆိုလို့ပဲရပြီး အမိန့်ပေးလို့မရဘူးလို့ တရားရေးဝန်ကြီးက ပြောပါတယ်။

ပုဂ္ဂလိကသတင်းဌာနဖြစ်တဲ့ TBS ရဲ့ ဧပြီ ၆ ရက်စစ်တမ်းအရဆိုရင် ပြည်သူ ၈ဝ ရာခိုင်နှုန်းက အစိုးရရဲ့ တောင်းဆိုချက်တွေကို လိုက်နာတယ် ဆိုတာတွေ့ရပါတယ်။

Ref: CAN

Read 60 times Last modified on Tuesday, 07 April 2020 10:09