SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့အရေးပါတဲ့ နှာခေါင်းစည်းတပ်ခြင်း

Thursday, 09 April 2020 10:29 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေး

နှာခေါင်းစည်းတပ်ခြင်းက လက်ရှိဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ကာကွယ်နိုင် ပါသလား။ အဖြေကတော့ မကာကွယ်နိုင်ဘူးလို့ပြောရမှာပါ။

ဒါဆိုရင် ဘာကြောင့် နှာခေါင်းစည်းတွေကိုမဖြစ်မနေ တပ်ခိုင်းနေရတာလဲဆိုပြီး မေးစရာရှိ လာပါတယ်။ အဲဒီအတွက်အဖြေက သင်ကသင်ကိုယ်တိုင်တောင် ဗိုင်းရပ်ကူးစက်ခံထားရမှန်း မသိဘဲ ဗိုင်းရပ်ကို အသံတိတ်ဖြန့်ဖြူးသူဖြစ်နေနိုင်လို့ပါ။ ဒီလိုအချိန်မှာ ကျန်းမာရေးဝန်ထမ်း တွေနဲ့ ဗိုင်းရပ်ကူးစက်ခံထားရသူတွေကလွဲလို့ ကျန်တဲ့သူတွေအားလုံးက ရရာနှာခေါင်းစည်း ကိုတပ်သွားရမယ့် အချိန်ဖြစ်နေပါပြီ။

အရင်တုန်းကဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ထားတာက ခွဲစိတ်ခန်း သုံးနှာခေါင်း စည်းကိုသာ အသုံးပြုဖို့ဖြစ်ပါတယ်။ အဲဒီလမ်းညွှန်ချက်ကြောင့် တစ်ကမ္ဘာလုံးမှာ ခွဲစိတ်ခန်း သုံးနှာခေါင်းစည်းတွေ ပြတ်လပ်လုနီးပါး ဖြစ်သွားပါတယ်။ တကယ်လို့သာ အဲဒီလိုပြတ်လပ် သွားမယ်ဆိုရင် ကျန်းမာရေး ဝန်ထမ်းတွေအတွက် စိုးရိမ်စရာဖြစ်လာမှာပါ။

ကျန်းမာရေး ဝန်ထမ်းတွေသာ အတုံးအရုံးဖြစ်သွားပြီဆိုရင် ကျန်တဲ့လူတွေအဖို့ ကတော့ ဗိုင်းရပ်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ဖို့ မစဉ်းစားနိုင်အောင် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေး ဝန်ထမ်းနဲ့ဗိုင်းရပ် ကူးစက်ခံထားရသူတွေကလွဲလို့ ကျန်တဲ့သူတွေအားလုံးအနေနဲ့ အဝတ်စနဲ့ချုပ်ထားတဲ့ ပိတ်နှာခေါင်းစည်းတွေကို တပ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သူတို့ရဲ့ လမ်းညွှန် ချက်ကို ပြောင်းလဲ ထုတ်ပြန်လိုက်ပါတယ်။

ဒီနေရာမှာ သတိထားရမှာက ညစ်ပေနေတဲ့ နှာခေါင်းစည်းတွေကို အသုံးပြုခြင်း၊ နှာခေါင်းစည်း တပ်ထားတယ်ဆိုပြီး လက်ကို မကြာခဏဆေးခြင်း၊ လူတွေနဲ့ခပ်ခွာခွာနေခြင်း စတဲ့ဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုမရှိအောင် လိုက်နာရမယ့် တခြားအချက်တွေကို မလိုက်နာလို့မရပါဘူး။

နောက်တစ်ချက်က နှာခေါင်းစည်း တပ်ထားတာကိုယုံစားပြီး ငါတော့ဗိုင်းရပ် မကူးနိုင်ပါဘူးလို့  အရဲမကိုးသင့်ပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာ အကြောင်းပြချက်ရှိပါတယ်။ အရင် ဆုံး ဗိုင်းရပ်ကူးစက်ပုံ နည်းလမ်းကို တင်ပြပါမယ်။

များသောအားဖြင့် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်တွေ၊     တုပ်ကွေးဗိုင်းရပ်တွေက လူ့ခန္ဓာကိုယ်ထဲကထွက်တဲ့အရည် (ဥပမာ- သလိပ်၊ တံတွေး) တွေမှာ ပါဝင်ပါတယ်။

ဗိုင်းရပ်ကူးစက်ခံထားရသူ တစ်ယောက်က နှာချေမယ်၊ ချောင်းဆိုးမယ်ဆိုရင် သူ့ပါးစပ်၊ နှာခေါင်းထဲကထွက်လာတဲ့ အရည်အစက်ကလေးတွေက တခြားမျက်နှာပြင်တွေ အပေါ်ကိုကျ မယ်။ အဲဒီမျက်နှာပြင်ကို တခြားလူက ထိမိ၊ ကိုင်မိပြီး အဲဒီလက်နဲ့ပဲ သူ့မျက်နှာကိုထိမိ လိုက်မယ်ဆိုရင် အဲဒီလူဟာလည်း ဗိုင်းရပ်ကူးစက်ခံရမှာပါ။ တကယ်လို့ ဗိုင်းရပ်ကူးစက်ခံထား ရတဲ့ လူတစ်ယောက်က နှာချေ၊ ချောင်းဆိုးပေမယ့် နှာခေါင်းစည်းတပ်ထားတယ်ဆိုရင် သူ့ ပါးစပ်၊ နှာခေါင်းထဲက ထွက်လာမယ့် အရည်အစက်ကလေးတွေကို နှာခေါင်းစည်းကထိန်းထား နိုင်ပါတယ်။

ဒါ့အပြင် ကျန်းမာနေတဲ့ သူတွေအနေနဲ့လည်း နှာခေါင်းစည်း တပ်ထားမယ်ဆိုရင် သူတို့ရဲ့ မျက်နှာတွေကို မကြာခဏ အလွယ်တကူ ထိတွေ့မှုတွေကနေလည်း ကာကွယ်ပြီးသားဖြစ် သွားပါလိမ့်မယ်။ အခုလိုအချိန်မျိုးမှာဆိုရင် အပြင်ထွက်သူတိုင်း နှာခေါင်းစည်းကို မဖြစ်မနေ တပ်သင့်ပါတယ်။ လက်ရှိကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာတခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်တွေနဲ့မတူပါဘူး။

သာမန်အားဖြင့်ဆိုရင် တခြားဗိုင်းရပ်တွေ ကူးစက်ခံရပြီဆိုတာနဲ့ ကူးစက်ခံရသူမှာ ရောဂါ လက္ခဏာတွေပြပါတယ်။ ဒါပေမဲ့ သူကတော့ ရောဂါလက္ခဏာပြချင်မှပြတာပါ။ ဒါကြောင့် ကိုယ်ကိုယ်၌ကလည်း ကိုယ်တိုင်တောင်မသိလိုက်ရဘဲ ဗိုင်းရပ်ကူးစက်ခံနေရသူဖြစ်နိုင်တယ် ဆိုတာကို သတိချပ်စေလိုပါတယ်။

လက်ရှိဗိုင်းရပ်ရဲ့ အခြေအနေက အထက်မှာတင်ပြထားသလိုဖြစ်တဲ့အတွက် အိမ်အပြင်ထွက် တဲ့အယောက်စီတိုင်းအနေနဲ့ နှာခေါင်းစည်းကို မဖြစ်မနေတပ်ကို တပ်ရမှာဖြစ်ပါတယ်။ ဒီလို တပ်လိုက်ခြင်းအားဖြင့် ကိုယ်တောင်မသိလိုက်ရဘဲ ကူးစက်ခံထားရတဲ့ ဗိုင်းရပ်က တခြားသူ ဆီကိုဆက်လက် မပျံ့နှံ့သွားမှာ ဖြစ်ပါတယ်။

ဟောင်ကောင်ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ ပါမောက္ခဘန်ကောင်းလင်းက နှာခေါင်းစည်း တွေရဲ့အကျိုးသက်ရောက်မှုကို သုတေသန လုပ်ထားပါတယ်။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း တွေကတော့ ကိုရိုနာဗိုင်းရပ်တွေနဲ့ တုပ်ကွေးဗိုင်းရပ်တွေကို တခြားသူတွေဆီ မကူးစက်စေဖို့ ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ သူတို့ရဲ့သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

အဝတ်စနဲ့ လုပ်ထားတဲ့ ပိတ်နှာခေါင်းစည်းတွေကတော့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေ လောက် ကာကွယ်ပေးနိုင်စွမ်းမရှိပေမယ့် အသုံးပြုထားတဲ့ အဝတ်စအမျိုးအစားပေါ်မူတည်ပြီး     ဗိုင်းရပ်တွေကို သူများဆီမကူးစက်စေဖို့ အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။

ဒီအတွက်ကြောင့် ကျန်းမာမှုရှိပြီး အိမ်အပြင်ကို မဖြစ်မနေထွက်ရတဲ့သူတွေအနေနဲ့ ဗိုင်းရပ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မယ်လို့ ထင်ရတဲ့ နှာခေါင်းစည်းကိုတပ်ပြီး အပြင်ထွက် သင့်ပါတယ်။ ဒါပေမဲ့ နှာခေါင်းစည်းတပ်ထားတယ်ဆိုပြီး လူကြားထဲမှာ အချိန်အကြာကြီး ဖြုန်းလို့မရပါဘူး။

လက်ရှိမှာဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက လည်း အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းကို မဖြစ်မနေတပ်ဖို့ တိုက်တွန်းမှုတွေ၊ တွန်းအားပေးမှုတွေ၊ စည်းကမ်းသတ်မှတ် အမိန့်ပေးမှုတွေ၊ မလိုက်နာသူတွေကို ပြစ်ဒဏ် ချမှတ်မှုတွေ လုပ်လာပါပြီ။

လူဦးရေ ၂၆၄ သန်းနဲ့ ကမ္ဘာ့လူဦးရေ အများဆုံး တစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့အစိုးရက သူ့နိုင်ငံအတွင်းမှာ ဗိုင်းရပ်ကူးစက်ခံရသူ ၉၅ဝဝဝ အထိရှိလာနိုင်တယ်လို့ သုံးသပ်ပြီးတဲ့နောက် အိမ်ထဲကနေ အိမ်အပြင်ထွက်သူ အယောက်စီတိုင်း နှာခေါင်းစည်းကို မဖြစ်မနေတပ်ရမယ် ဆိုပြီး အမိန့်ထုတ်လိုက်ပါတယ်။

တာဝန်ရှိသူတွေအနေနဲ့လည်း အိမ်တိုင်းအိမ်တိုင်းမှာ နှာခေါင်းစည်းတွေရှိစေဖို့အတွက် တာဝန် ယူပေးဖို့နဲ့ နေ့စဉ်အလုပ် သွားနေရသူတွေအနေနဲ့ နှာခေါင်းစည်း မတပ်ထားဘူးဆိုရင်  သူတို့ ကိုအများပိုင် သယ်ယူပို့ဆောင်ရေးစနစ်နဲ့ စီးနင်းခွင့်မပြုဖို့ သမ္မတဂျိုကိုဝီဒိုဒိုက ညွှန်ကြားထား ပါတယ်။

ဗီယက်နမ်မှာဆိုရင်လည်း နှာခေါင်းစည်း မတပ်သူတွေကို ဒဏ်ငွေတွေ ရိုက်နေပါတယ်။ ဖိလစ်ပိုင်မှာတော့ လူဦးရေသန်း ၅ဝ ကျော်ရှိတဲ့ လူဇွန်ကျွန်းမှာ အပြင်ထွက်တဲ့သူတိုင်း   နှာခေါင်းစည်း ဒါမှမဟုတ် ဒေသန္တရမျက်နှာကာတွေတပ်ခိုင်းနေပါပြီ။ မတပ်တဲ့သူတွေကိုလည်း   ပြစ်ဒဏ်တွေ ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။

ဧပြီ ၈ ရက်မှာဆိုရင် အိန္ဒိယအစိုးရက မွမ်ဘိုင်းမြို့မှာ နေထိုင်သူအားလုံး အိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများကို မဖြစ်မနေတပ်ဖို့ အမိန့်ထုတ်ထားပါတယ်။ အဲဒီညွှန်ကြားချက်ကို ချိုးဖောက်သူတွေအနေနဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေကျခံ ရမှာပါ။

အစိုးရအဖွဲ့တွေအနေနဲ့ ဒီလိုလုပ်ရတာဟာ သူတို့ရဲ့နိုင်ငံအတွင်း၊ နယ်မြေအတွင်းမှာ ဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်လာတာကို ထိန်းချုပ်ဖို့နဲ့ ကျန်းမာနေသေးတဲ့ ပြည်သူတွေ  ဗိုင်းရပ်ကူးစက်မှု မခံရစေဖို့ အတွက်သာဖြစ်ပါတယ်။

ဒါကြောင့် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းကို မဖြစ်မနေတပ်မယ်၊ လူတွေနဲ့ခပ်ခွာခွာ နေမယ်၊ လက်ကို မကြာခဏ ဆေးမယ်ဆိုရင် သူများဆီက ဗိုင်းရပ်ကိုယ့်ဆီ ကူးစက်ဖို့ အခွင့်အလမ်းနည်းစေသလို ကိုယ့်ဆီကဗိုင်းရပ်ကလည်း သူများဆီကိုပျံ့နှံ့ဖို့ အခွင့်အလမ်း နည်းစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဖြစ်နိုင်ရင်ဘယ်မှ မထွက်ဘဲ ကိုယ့်အိမ်မှာပဲ ကိုယ်နေတာဖြစ်ပါတယ်။

Ref: Bloomberg

Read 50 times Last modified on Thursday, 09 April 2020 11:35