SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ကူးစက်မှုမှအမြန်ဆုံးစီးပွားရေးနာလန်ထူမယ့် ဗီယက်နမ်ရဲ့လုပ်ဆောင်မှု(၂)

Wednesday, 29 April 2020 19:48 font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

အခန်းတစ်ခန်းကို လူခြောက်ယောက်ကနေ ရှစ်ယောက်အထိထားပြီး နှစ်ထပ်ခုတင်တွေ စီစဉ် ပေးထားပါတယ်။ စောင့်ကြည့်ခံရမယ့်သူတွေကို သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင် စတဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကိုလည်း ထုတ်ပေးထားပါတယ်။

ဒီလိုနေရတာဟာ စိတ်သက်သာရာမရပေမယ့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ဆိုရင် အခု လိုလုပ်ဖို့မဖြစ်မနေ လိုအပ်တယ်လို့ထင်ကြောင်း အသက် ၂၂ နှစ်ရှိကျောင်းသား ငုယင်ဒက် ဟူကပြောပါတယ်။

အခုလိုမျိုးနည်းလမ်းတွေနဲ့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့ ဗီယက်နမ်အစိုးရရဲ့လုပ် ဆောင်ချက်က အောင်မြင်တယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် ဗိုင်းရပ်ကူးစက်ခံရသူ အယောက် ၂၇ဝ သာရှိပြီး သေဆုံးသူတစ်ယောက်မှမရှိလို့ ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရဟာနိုင်ငံအတွင်းမှာရှိတဲ့ ဒေသတချို့အပေါ်ချမှတ်ထားတဲ့ အသွားအလာတား မြစ်မှုစည်းမျဉ်းတွေကို ဖြေလျှော့ပေးပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ခွင့်ပြုလိုက်ပါပြီ။

ဒါပေမဲ့လည်း ကူးစက်မြန်ပြင်းထန်တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ရဲ့ သဘောသဘာဝကြောင့် ဗီယက် နမ်နိုင်ငံမှာ ကူးစက်ခံရသူနည်းတာကို တချို့ကသံသယရှိနေပါတယ်။ ဧပြီ ၂၁ ရက်အထိ စာရင်းအရ ဗီယက်နမ်အစိုးရဟာ လူတစ်သန်းမှာ လူဦးရေ ၁၈၈၁ ဦးနှုန်းနဲ့ပဲ ဗိုင်းရပ်စစ်ဆေး ထားတာကြောင့်ဖြစ်ပါတယ်။

သို့သော် ဗီယက်နမ်အစိုးရရဲ့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ဖို့အတွက် ကိုင်တွယ်လုပ်ဆောင် ပုံကိုတော့ အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့လိုမျိုး ကျန်းမာရေး အဖွဲ့အစည်းကြီးတွေက ချီးကျူးအသိအမှတ်ပြုထားပါတယ်။

ဒါ့အပြင် ဗီယက်နမ်ရဲ့လုပ်ဆောင်မှုက အောင်မြင်လား၊ မအောင်မြင်ဘူးလားဆိုတာကို အရှေ့ တောင်အာရှဒေသမှာရှိတဲ့ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

စင်ကာပူနိုင်ငံမှာဆိုရင် ဧပြီ ၂၈ ရက်အထိ ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၁၅ဝဝဝ နီးပါးရှိပြီး အင်ဒိုနီးရှားနိုင်ငံမှာ တော့ ၉ဝဝဝ ကျော်ရှိပါတယ်။ အဲဒီနှစ်နိုင်ငံဟာ အရှေ့တောင်အာရှမှာ ဗိုင်းရပ်ကူးစက်မှုအများဆုံးနိုင်ငံတွေပါ။ ဒါကြောင့် သူတို့ဟာလက်ရှိချမှတ်ထားတဲ့ ကန့်သတ် ချက်တွေကို သက်တမ်းတိုးထားရပါတယ်။

ဗီယက်နမ်နိုင်ငံကတော့ ၂ဝဝ၃ ခုနှစ်မှာ ဆား(စ်)ရောဂါကူးစက်မှုအပြင် ကြက်၊ ငှက်တုပ်ကွေး ရောဂါနဲ့ တခြားဘဏ္ဍာရေး အကျပ်အတည်းတွေကို ရင်ဆိုင်ဖူးပြီး အောင်မြင်စွာ ကိုင်တွယ် နိုင်ခဲ့ပါတယ်။

ဒါကြောင့် အခုဖြစ်တဲ့ကပ်ရောဂါမှာလည်း အရင်အခြေအနေတွေကို နမူနာယူပြီး အမြန်ဆုံးနဲ့ အပြည့်စုံဆုံးကိုင်တွယ် ဖြေရှင်းနိုင်တာဖြစ်တယ်လို့ ပြည်ပရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းတွေနဲ့ ပတ် သက်ပြီး အစိုးရကို အကြံဉာဏ်တွေပေးနေတဲ့ဥပဒေကုမ္ပဏီတစ်ခုမှ ဖရတ်ဘာ့ကပြောပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားပြီးနောက် ပြည်ပရင်းနှီး မြှုပ်နှံသူတွေ သဘောကျလာတဲ့နေရာက ဗီယက်နမ်နိုင်ငံဖြစ်ပါတယ်။ အခုဗီယက်နမ်အစိုးရရဲ့ ပြည်ပရင်းနှီး မြှုပ်နှံမှုရည်မှန်းချက်ကလည်း ကပ်ရောဂါ မဖြစ်ခင်အချိန်ကရှိခဲ့တဲ့ အရှိန်အဟုန် အတိုင်းဆက်သွားဖို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်နိုင်ငံအတွင်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက ၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၆ ဘီလီယံစီးဝင်ခဲ့ပါ တယ်။ ဒီလိုစီးဝင်မှုကြောင့်ပဲ ဗီယက်နမ်နိုင်ငံရဲ့စီးပွားရေးက ၇ ဒသမ ဝ၂ ရာခိုင်နှုန်းတိုး တက်လာတာပါ။

ဒါ့အပြင် အခုလိုမျိုး တရုတ်နိုင်ငံကနေ ဗိုင်းရပ်စတင်ကူးစက်မှုကြောင့် ပြည်ပကုမ္ပဏီ အများ အပြားက စီးပွားရေးရင်းနှီးမြှုပ်နှံဖို့ ဗီယက်နမ်နိုင်ငံကို မျက်စိကျလာတယ်လို့ အမေရိကန်-အာဆီယံစီးပွားရေး ကောင်စီမှ ဗီယက်နမ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဗူတူသန်းက ပြောပါ တယ်။

ပထမသုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ  ၈၄၈  သန်းနဲ့  ဗီယက်နမ်ရဲ့ ဒုတိယအကြီးဆုံး  ပြည်ပရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ ဂျပန်နိုင်ငံက ယခုလအစောပိုင်းမှာ ကြေညာချက်တစ်ခု ထုတ်ပြန် လိုက်ပါတယ်။

အဲဒါကတော့ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ ဂျပန်ရဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို တခြားနိုင်ငံ တွေဆီရွှေ့ပြောင်းဖို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ထောက်ပံ့ပေးမယ်ဆိုတာ ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ကြေညာချက်ကြောင့် အကျိုးကျေးဇူးများစွာ ရလာနိုင်တာက ဗီယက်နမ်နိုင်ငံပါ။ ဒါကြောင့်လည်း နိုင်ငံအတွင်းမှာရှိတဲ့ ကုမ္ပဏီတချို့အနေနဲ့ လူစုလူဝေးမဖြစ်စေ ရေးချမှတ် ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် လုပ်ငန်းတွေကို ပြန်လည်ပတ်ဖို့ ဗီယက်နမ် အစိုးရက ခွင့်ပြုလိုက်ပါပြီ။ အစိုးရပိုင်းကလည်း ရင်းနှီးမြှုပ်နှံမှု လိုင်စင်လျှောက်လွှာ တွေလိုမျိုး ရုံးလုပ်ငန်းပိုင်းဆိုင်ရာတွေကို အဆင်ပြေချောမွေ့မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ဖို့ အင်တိုက်အားတိုက်နဲ့ ကြိုးပမ်းနေပါတယ်။

တစ်ကမ္ဘာလုံးကို ဖြန့်ချိနေတဲ့ဆမ်ဆောင်း စမတ်ဖုန်းစုစုပေါင်းရဲ့ ထက်ဝက်ခန့်ကို ဗီယက်နမ် နိုင်ငံမှာထုတ်လုပ်နေတဲ့ ဆမ်ဆောင်းကုမ္ပဏီအနေနဲ့ တောင်ကိုရီးယားနိုင်ငံမှ အင်ဂျင်နီယာ  ၁ဝဝဝ ကျော်ကို ဗီယက်နမ်နိုင်ငံအတွင်း အဝင်အထွက်လုပ်ခွင့်ရသွားပါပြီ။

အင်ဂျင်နီယာ အများစုကတော့ ကြယ်လေးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးတွေမှာ ၁၄ ရက်ကြာ  အသွားအလာ စောင့်ကြပ်ကြည့်ရှုခံရပြီးမှ လုပ်ငန်းခွင်ဝင်ခွင့်ရမှာပါ။ တချို့အင်ဂျင်နီယာတွေ ကတော့ နိုင်ငံအတွင်းဝင်ရောက်ပြီး  ရက်အနည်းငယ်အကြာမှာ လုပ်ငန်းခွင်ဝင်ခွင့်ရပါတယ်။

ဗီယက်နမ်အစိုးရဟာ နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်ခံရသူ လုံးဝမရှိတော့ဘူးဆိုပြီး ပေါ့ပေါ့ဆဆ နဲ့စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ပတ်ခွင့်ပေးတာမဟုတ်ပါဘူး။ ဗီယက်နမ် နိုင်ငံအနေနဲ့   ကြီးမားတဲ့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုနဲ့ ကြုံတွေ့ရနိုင်သေးတယ်လို့ ကိုရိုနာဗိုင်းရပ် ကာကွယ်ထိန်း ချုပ်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဗူဒွတ်ဒမ်က သတိပေးထားပါတယ်။

ဗီယက်နမ်နိုင်ငံဟာ နိုင်ငံ့စီးပွားရေးအတွက် ပြည်ပပို့ကုန်အပေါ် အဓိကမှီခိုနေရတဲ့ နိုင်ငံဖြစ် တာကြောင့် နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးကို ပြတ်ပြတ်သားသား ဆောင် ရွက်မှသာ နိုင်ငံ့စီးပွားရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုတာကို ကောင်း ကောင်း သဘောပေါက်ထားပါတယ်။

ဒါကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ သဘောကျနှစ်ခြိုက်မှုကိုရရှိစေဖို့၊ ပြည်တွင်းမှာ အလုပ်လက်မဲ့နှုန်း မမြင့်တက်လာစေဖို့နဲ့ ကမ္ဘာ့ကပ်ရောဂါအပြီးမှာ စီးပွားရေးကို အမြန်ဆုံး နာလန်ပြန်ထူနိုင်ဖို့စတဲ့ စီးပွားရေးအတွက် အရေးကြီးမဟာဗျူဟာတွေကို အကောင်အထည် ဖော်နိုင်ဖို့ အခုလို မျိုးဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ရာမှာ ရနိုင်သမျှ အရင်းအမြစ်တွေအကုန် အသုံးပြုပြီး ထိထိရောက်ရောက်နဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်တာဖြစ်ပါတယ်။

Read 37 times Last modified on Wednesday, 29 April 2020 19:49