SJ WorldNews - шаблон joomla Авто

စမ်းသပ်မှုမှာ ရလဒ်ကောင်းတွေ ရှိတယ်ဆိုတဲ့ ရမ်ဒက်စဗီယာဆေးဝါး အနာဂတ်မှာ တကယ် အလုပ်ဖြစ်မှာလား

Friday, 01 May 2020 10:40 font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်မှာ    နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုနဲ့အတူ  သိပ္ပံပညာရှင်တွေ၊ ဆေးပညာရှင်တွေ အနေနဲ့ အသည်းအသန် ကြိုးပမ်းလာတာက  ရောဂါပျောက်ဆေးဖြစ်ပါတယ်။

 

ဧပြီ ၃ဝ ရက်   ညပိုင်းအထိဆိုရင် တစ်ကမ္ဘာလုံးမှာ   ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း  ၃၂၄၄၅၉၅ ဦးရှိလာပါပြီ။ သေဆုံးသူ ဦးရေကတော့ ၂၂၉၁၈၂ ဦးပါ။ နေပြန်ကောင်းလာသူ စုစုပေါင်းကတော့ ၁ဝ၁၆၄၁၉ ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အထိ ဗိုင်းရပ်ကို ချေမှုန်းနိုင်တဲ့ ဆေးဝါး မပေါ်သေးပါဘူး။

 

ကမ္ဘာ့အင်အားကြီး နိုင်ငံအသီးသီးကလည်း ရောဂါပျောက်ဆေး ထုတ်လုပ်နိုင်ရေးအတွက်  ကြိုးစားပမ်းစား ရှာဖွေလေ့လာ စမ်းသပ်မှုတွေ လုပ်နေဆဲပါ။   စမ်းသပ်ဆဲ ဆေးဝါးတွေထဲမှာ ရှေ့ဆုံးကိုရောက်လာတာကတော့    အမေရိကန်နိုင်ငံက ထုတ်တဲ့ ရမ်ဒက်စဗီယာ ဆေးပဲဖြစ်ပါတယ်။

 

အမေရိကန်ဆေးဝါး ကုမ္ပဏီကြီးဖြစ်တဲ့ ဂေလီယက်က ထုတ်လုပ်ပြီး စမ်းသပ်နေတဲ့ ရမ်ဒက်စဗီယာဆေးဟာ စမ်းသပ်ဆဲ ကာလမှာပဲ  အလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနေတယ်လို့ အမေရိကန် ထိပ်တန်းဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါက်တာအန်သိုနီဖောင်ချီက ပြောပါတယ်။

 

လက်ရှိ စမ်းသပ်ချက်အရ    ရမ်ဒက်စဗီယာဆေးဟာ ဗိုင်းရပ် ကူးစက်ခံရတဲ့ လူနာတွေကို ရောဂါဖြစ်ပွားမှုကနေ   အမြန်ဆုံး သက်သာစေပြီး နာလန်ပြန်ထူစေတာကို တွေ့ရတာကြောင့်  ဒီဆေးဟာ ဗိုင်းရပ်ရဲ့ လုပ်ဆောင်မှုတွေကို တားမြစ်ပေးနိုင်တဲ့ ဆေးဖြစ်လာနိုင်တယ်လို့  သမ္မတ ဒေါ်နယ်ထရမ့်ရဲ့     နိုဗယ်ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး အကြံပေး ဒေါက်တာ အန်သိုနီဖောင်ချီကဆိုပါတယ်။

 

ဧပြီ ၂၉ ရက်တုန်းက တရုတ်နိုင်ငံကနေ သုတေသနစာတမ်းတစ်စောင် ထွက်လာပါတယ်။ အဲဒီစာတမ်းမှာ ဖော်ပြထားတာက ရမ်ဒက်စဗီယာဆေးဟာ ဘယ်လိုထိရောက်တဲ့ အာနိသင်မှမရှိဘူးလို့ ဆိုပါတယ်။

 

ဒါပေမဲ့ တရုတ်သုတေသနမှာ   လူနာအနည်းငယ်ကိုပဲ စမ်းသပ်တာဖြစ်ပြီး ပြည့်စုံတဲ့ စမ်းသပ်မှု လုပ်ဆောင်ထားတာ မရှိဘူးလို့ ဖောင်ချီက ချေပထားပါတယ်။

 

တရုတ်နိုင်ငံဘက်က  သုတေသနကို တရုတ်-ဂျပန် ချစ်ကြည်ရေး ဆေးရုံနဲ့ တရုတ်ကက်ပီတယ် ဆေးတက္ကသိုလ်တို့မှ သုတေသီတွေက ဝူဟန်မြို့မှာရှိတဲ့ ကိုဗစ်-၁၉ လူနာ ၂၃၇ ဦးမှာ သုတေသန လုပ်တာပါ။

 

အဲဒီထဲကထက်ဝက်ကို သုတေသီတွေက   ရမ်ဒက်စဗီယာဆေးနဲ့ ကုပါတယ်။ ကျန်တဲ့ တစ်ဝက်ကိုတော့ စံသတ်မှတ်ထားတဲ့ ကိုယ်တွင်း ပိုးသတ်ဆေးတွေနဲ့ ကုပါတယ်။

 

ဒါပေမဲ့ နှစ်ဖွဲ့စလုံးမှာရှိတဲ့ လူနာတွေထဲက ၁၄ ရာခိုင်နှုန်းစီက   သေဆုံးသွားတဲ့ အတွက် ရမ်ဒက်စဗီယာဆေးက ဘယ်လို ထိရောက်တဲ့ အာနိသင် သက်ရောက်မှုမှ မရှိဘူးလို့ သုတေသီတွေက ပြောထားတာပါ။

 

အမေရိကန်ကလုပ်တဲ့   စမ်းသပ်မှုမှာတော့ ရမ်ဒက်စဗီယာက လူနာခံစားနေရတဲ့ ရောဂါလက္ခဏာကာလကို ၁၅ ရက်ကနေ ၁၁ ရက်အထိ   ကျဆင်းသွားစေတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

 

စမ်းသပ်မှုရလဒ် အပြည့်အစုံကိုတော့ ဖော်ပြထားခြင်း မရှိပေမယ့်   တကယ်လို့ ဒီဆေးကိုသာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် အမှန်တကယ် ကောင်းမွန်တဲ့ ရလဒ်ဖြစ်မယ်လို့ ကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။

 

ဂေလီယက်ကုမ္ပဏီက ရမ်ဒက်စဗီယာ ဆေးကို တီထွင်စမ်းသပ်ရတဲ့ မူလရည်ရွယ်ချက်က အီဘိုလာရောဂါကို ပျောက်ကင်းစေဖို့ဖြစ်ပါတယ်။

 

ဒါပေမဲ့ လက်ရှိအရေးပေါ် အခြေအနေ ဖြစ်နေချိန်မှာ    နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်နိုင်ဖို့အတွက် သူ့ရဲ့ဖော်မြူလာကို အနည်းငယ်ပြင်ဆင်လိုက်ပြီး လက်တွေ့ စမ်းသပ်မှုတွေ လုပ်နေတာပါ။

 

ဒီဆေးက ဗိုင်းရပ်ကို နှိမ်နင်းနိုင်တဲ့ ဆေးဖြစ်ပြီး လူသားတွေရဲ့ ကလာပ်စည်း အတွင်းမှာ ဗိုင်းရပ်က ပုံတူပွားနိုင်ဖို့    လိုအပ်တဲ့  အင်ဇိုင်းတစ်မျိုးကို   တိုက်ခိုက်တာဖြစ်ပါတယ်။

 

အမှန်တကယ်ကောင်းမွန်တဲ့  ဆေးဝါးဆိုတာ လူ့အသက်ကိုလည်း ကယ်နိုင်ရမယ်။ ဆေးရုံတွေ အပေါ်မှာလည်း ဝန်မပိစေရဘူး။ လက်ရှိချမှတ်ထားတဲ့ အသွားအလာ တားမြစ်မှုတွေကိုလည်း ဖြေလျှော့ပေးနိုင်ရပါမယ်လို့ ဆိုပါ တယ်။

 

ဒီဆေးကို ဦးဆောင်စမ်းသပ်မှု လုပ်တာက အမေရိကန်အမျိုးသား ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများ အဖွဲ့ကဖြစ်ပြီး စမ်းသပ်မှုမှာ ပါဝင်သူ ၁ဝ၆၃ ဦးရှိပါတယ်။ အဲဒီသူတွေထဲမှာမှ တချို့ကို ရမ်ဒက်စဗီယာဆေးပေးပြီး တချို့ကိုတော့   အာနိသင်မရှိတဲ့ ဆေးကိုပေးတာဖြစ်ပါတယ်။

 

စမ်းသပ်မှုမှာတော့ ရမ်ဒက်စဗီယာဆေးနဲ့ စမ်းသပ်ခံတဲ့အဖွဲ့မှာ သေဆုံးမှုနှုန်း ၈ ရာခိုင်နှုန်းရှိပြီး    တခြားအဖွဲ့မှာတော့ ၁၁ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့် ရမ်ဒက်စဗီယာဆေးဟာ အထက်မှာပြောခဲ့တဲ့ ဆေးကောင်းတစ်လက်ရဲ့ အာနိသင်မရှိတဲ့အတွက် အကျိုးသက်ရောက်မှု နည်းတာကိုတွေ့ရတယ်လို့   ပညာရှင်တွေက ဆိုပါတယ်။

 

ဒါပေမဲ့ အကယ်၍     အမေရိကန် အစားအစာနှင့် ဆေးဝါး အာဏာပိုင်အဖွဲ့ကသာ ရမ်ဒက်စဗီယာဆေးကို အရေးပေါ်သုံးအနေနဲ့    အတည်ပြု သတ်မှတ်ပေးခဲ့ရင် ဆေးပတ် ၅ဝဝဝဝ စာကို တင်ပို့ဖို့ အသင့်ရှိတယ်လို့ ဂေလီယက် ကုမ္ပဏီက ပြောလာပါပြီ။ အခုဆိုရင် ဂေလီယက် ကုမ္ပဏီက နိုင်ငံအတွင်းမှာရှိတဲ့ ဗိုင်းရပ်ကူးစက် ခံရသူတွေကို ကုသဖို့ ရမ်ဒက်စဗီယာဆေးကို အမြန်ဆုံး ထုတ်လုပ်နိုင်ရေး အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါပြီ။

 

ဆေးဝါးအသစ်တစ်မျိုး ထွက်လာဖို့ဆိုတာ လေ့လာမှုတွေ၊ စမ်းသပ်မှုတွေ၊  ပြန်လည် သုံးသပ်မှုတွေနဲ့ နှစ်ပေါင်းများစွာ ကြာမှသာ ထွက်တာဖြစ်ပါတယ်။

 

ရမ်ဒက်စဗီယာဆေးကတော့ အဲဒီလို ကာလရှည်လေ့လာ စမ်းသပ်မှုတွေ မလုပ်ရသေးဘဲ ကာလတိုနဲ့ လူအနည်းငယ်ကိုသာ စမ်းသပ်မှုတွေ လုပ်ထားတာကြောင့် ဒီဆေးအပေါ် ပညာရှင်တွေက သိပ်မယုံကြည်နိုင်သေးပါဘူး။

 

လက်ရှိ စမ်းသပ်မှုတွေအရဆိုရင်လည်း ထွက်ပေါ်လာတဲ့ ရလဒ်က အားရကျေနပ်စရာ သိပ်မရှိပါဘူး။ နောက်ထပ်စမ်းသပ်မှုတွေကိုလည်း ဆက်လုပ်ဖို့ လိုအပ်နေပါသေးတယ်။

 

ဒါကြောင့်    ရမ်ဒက်စဗီယာဆေးဟာ အနာဂတ်မှာ    တကယ်ကို အလုပ်ဖြစ်ပြီး နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တိုက်ထုတ်နိုင်မှာလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။    

 

Read 73 times Last modified on Friday, 01 May 2020 10:41