SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် လူပေါင်း ၆ ဒသမ ၄၃ သန်းခန့် အလုပ်လက်မဲ့ ဖြစ်လာနိုင်သည့် အီရန်

Monday, 04 May 2020 10:12 font size decrease font size decrease font size increase font size increase font size

အီရန်အစိုးရသည် နိုင်ငံအတွင်းဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ပိုးကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေစဉ် သေဆုံးသူဦးရေ မြင့်တက်လာသည့်အပြင် နိုင်ငံသားသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်လာနိုင်သည့် အလားအလာဖြစ်ပေါ် လျက်ရှိ သည်။  

ရောဂါပိုးကူးစက်မှုကြောင့် နိုင်ငံသား  ၆ ဒသမ ၄၃ သန်းခန့် အလုပ်လက်မဲ့ဖြစ်လာနိုင်သည်ဟု အီရန်လွှတ်တော်ဆိုင်ရာ သုတေသနစင်တာမှ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ထုတ်ပြန် သည်။ အဆိုပါစင်တာ၏ ထုတ်ပြန်ချက်အရ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံအတွင်းရှိ လုပ်သားထု၏ ၂၅ ရာခိုင်နှုန်းနီးပါးသည် အလုပ်လက်မဲ့ဖြစ်လာနိုင်ပြီး အနည်းဆုံး ၂ ဒသမ ၈၇  သန်းမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးရဖွယ်ရှိသည်။ အစိုးရက ရောဂါပိုးကူးစက် မှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေစဉ် အမေရိကန်ပြည်ထောင်စုကအပေါ် ချမှတ်ထား သည့် ပိတ်ဆို့မှုများသည် ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေးကို များစွာ အခက်တွေ့စေသည့် အပြင် နိုင်ငံ၏ ပို့ကုန်ကျဆင်းမှုကိုပါ ဖြစ်ပေါ်စေခဲ့သည်။

အီရန်၌ ဖေဖော်ဝါရီ ၂ဝ ရက်မှစတင်သည့် လေးလပတ်ကာလအတွင်း ရေနံမဟုတ်သော ကုန်ပစ္စည်းတင်ပို့မှု ပမာဏသည် ပြီးခဲ့သည့်နှစ်က ပမာဏနှင့်နှိုင်းယှဉ်ပါက ၃ဝ ရာခိုင်နှုန်း ကျဆင်းလာသည်။ ထို့ကြောင့် အီရန်၏စီးပွားရေးသည် ၇  ဒသမ ၈ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်း ကြား ကျဆင်းလာနိုင်သည်ဟု သုတေသနစင်တာက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အစိုးရသည် ရောဂါပိုးကူးစက်မှုကြောင့် နိုင်ငံ့စီးပွားရေးအပေါ် ထိခိုက်မှုလျှော့ချနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းတချို့ကိုဧပြီ ၁၁ ရက်မှစ၍ ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း  စီးပွားရေး မှာ အကျဘက်သို့ ဦးတည်နေသည့် အခြေအနေတွင် ရှိနေသည်။

ပြည်သူများသည် ယခုအခါ ရောဂါပိုးကူးစက်မှုကို ရှောင်ရှားနိုင်ရန် ကြားဖူးနားဝရှိသည့် ကုသမှုအမျိုးမျိုးကို ယုံကြည်လျက်ရှိသည်။ အဆိုပါ ကုသမှုအမျိုးမျိုးအနက် ထင်ရှားသည့် ကုသမှုနည်းလမ်းမှာ မက်သနောသောက်သုံးခြင်းပင် ဖြစ်သည်။ မက်သနောသောက်သုံးခြင်း အားဖြင့် ကိုရိုနာဗိုင်းရပ်ပိုးကူးစက်မှုကို ပျောက်ကင်းစေနိုင်သည်ဟု ယုံကြည်သောကြောင့် ပြီးခဲ့သည့်ရက် သတ္တပတ်အစောပိုင်းတွင် လူအမြောက်အမြားက  မက်သနောသောက်သုံးခဲ့ရာ နောက်ဆုံးတွင် အဆိပ်သင့်ပြီး သေဆုံးခဲ့ရသည်။ အီရန်၌ မက်သနောသောက်သုံးခြင်းကြောင့် သေဆုံးခဲ့ရသူဦးရေမှာ ဖေဖော်ဝါရီ ၂ဝ ရက်မှ ဧပြီလအတွင်းမှာပင် ၇ဝဝ ကျော်ရှိသည်။  ထိုအဖြစ်ကိုကြည့်ခြင်းအားဖြင့် အီရန်ပြည်သူများသည် ရောဂါပိုးကူးစက်ခံရမည်ကို အလွန် စိုးရိမ်နေသည်ကို သိနိုင်သည်။

တို့စိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာပင်။ လက်ရှိတွင် အီရန်၌ လူပေါင်း ၉၃ဝဝဝ ကျော်  ရောဂါပိုး ကူးစက်ခံထားရပြီး  လူ ၅ဝဝဝ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ အစိုးရသည် နိုင်ငံ အတွင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ကိုရိုနာဗိုင်းရပ်ကြောင့် လူသေမှုစတင်ဖြစ်ပွားပြီး နောက်ပိုင်း မှစ၍ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရန် အစွမ်းကုန်ကြိုးပမ်း လျက်ရှိသော်လည်း လက်တွေ့ တွင် ရုန်းကန်နေရသည်။ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ခြင်းကတစ်ဖက်၊ ကျဆင်းလာသည့် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် လုပ်ဆောင်ခြင်းက တစ်ဖက်နှင့်   ဗျာများနေရသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အီရန်အနေဖြင့် ရောဂါပိုးကူးစက်မှုကို ထိရောက် စွာထိန်းချုပ်နိုင်ရေးအတွက် ယင်းနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအနက် တချို့ကို ဖယ်ရှားပေးရန် နိုင်ငံအများအပြားက အမေရိကန်အား တောင်းဆိုနေခြင်းဖြစ်သည်။ အကယ်၍ အမေရိကန်အစိုးရက အဆိုပါနိုင်ငံများ၏ တောင်းဆိုချက်ကို ဆက်လက်လျစ်လျူရှုနေမည် ဆိုပါက အီရန်အစိုးရလုပ်ဆောင်နေသည့် ရောဂါပိုးကူးစက်မှုထိန်းချုပ်ရေးကို အဟန့်အတား ဖြစ်စေမည့်အပြင် ယင်းနိုင်ငံရှိ ပြည်သူသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ရမည့် အန္တရာယ် နှင့် တွေ့ကြုံလာနိုင်ဖွယ်ရှိသည်။ 

Ref: Sputnik, Bloomberg

Read 50 times Last modified on Monday, 04 May 2020 10:13