SJ WorldNews - шаблон joomla Авто

ယှဉ်ပြိုင်မှုမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုကို ပြရတော့မယ့် ကာကွယ်ဆေးထုတ်လုပ်ရေး ကဏ္ဍ

Wednesday, 06 May 2020 14:36 font size decrease font size decrease font size increase font size increase font size

ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုကြောင့် မေ ၅ ရက် အထိ စာရင်းအရ    သေဆုံးသူစုစုပေါင်း နှစ်သိန်းခွဲကျော်လာပါပြီ။ ကူးစက်ခံရသူ စုစုပေါင်းကတော့ ၃ ဒသမ ၆ သန်းကျော် ရှိပါတယ်။

 

သေဆုံးသူအများစုက  ဥရောပနဲ့အမေရိကားဒေသတို့မှဖြစ်ပါတယ်။ ဥရောပမှာဆိုရင် သေဆုံးသူ ၁၄၂၅၀ဝ ကျော်ရှိပြီး သေဆုံးသူ  ၃၂၀ဝ၀ ကျော်လာတဲ့ ဗြိတိန်နိုင်ငံက    ဥရောပဒေသရဲ့သေဆုံးသူအများဆုံးနိုင်ငံပါ။

 

ဒါပေမဲ့ အခုအချိန်အထိ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကိုကာကွယ်နိုင်တဲ့ သို့မဟုတ် တိုက်ဖျက်နိုင်တဲ့ ဆေးဝါး မထွက်လာသေးပါဘူး။ ဒီအချိန်မှာ အမေရိကန်၊ တရုတ်စတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ တွေက ကာကွယ်ဆေးကို အစောဆုံးထုတ်လုပ်နိုင်ရေး သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးပမ်းနေပါတယ်။

 

ဒီကြားထဲမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ  ကမ္ဘာ့နိုင်ငံကြီးတချို့ရဲ့ နိုင်ငံရေးလက်နက်အဖြစ် အသုံးချခြင်းကို ခံနေရပြန်ပါတယ်။

 

နိုဗယ်ကိုရိုနာဗိုင်းရပ်ကို တရုတ်ကဓာတ်ခွဲခန်းမှာ ဖန်တီးတယ်ဆိုပြီး အမေရိကန်အစိုးရက ကြိမ်ဖန်များစွာစွပ်စွဲထားတဲ့အပြင် သက်သေများစွာကိုလည်း ရရှိထားတယ်လို့ဆိုပါတယ်။  ဒါပေမဲ့  ဘယ်လိုသက်သေတွေလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြသနိုင်ခြင်းမရှိပါဘူး။

 

ဒါကြောင့် နိုဗယ်ကိုရိုနာဗိုင်းရပ်ဖြစ်လာချိန်မှာ ကမ္ဘာ့နိုင်ငံကြီးတွေက ကမ္ဘာ့ကပ်ကြီးကို စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းရမယ့်အစား အပြိုင်အဆိုင်နဲ့ စိတ်ဝမ်းကွဲမှုများနဲ့သာ တုံ့ပြန် လာတာကိုတွေ့ရပါတယ်။

 

မေ ၄ ရက်မှာတော့ ကမ္ဘာ့ခေါင်းဆောင်တွေပါဝင်တဲ့   အလှူငွေရရှိရေးအတွက် အစီအစဉ် တစ်ခုကိုထုတ်လွှင့်ပါတယ်။ နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးရဖို့အတွက် တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်မနေဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့ ကမ္ဘာ့ခေါင်းဆောင် အများအပြားက အဲဒီအစီအစဉ်မှာ တောင်းဆိုပါတယ်။

 

ဒီအစီအစဉ်မှာရရှိတဲ့ အလှူငွေစုစုပေါင်းက ယူရို ၇ ဒသမ ၄ ဘီလီယံပါ။ အလှူငွေ လှူဒါန်းသူတွေကတော့ ဥရောပအင်အားကြီးနိုင်ငံတွေအပြင်  ဂျပန်၊ ကနေဒါ အပါအဝင် နိုင်ငံပေါင်း ၄၀ နီးပါးမှ အစိုးရအဖွဲ့များ၊ ဖောင်ဒေးရှင်းများနဲ့  တစ်သီးပုဂ္ဂလ အလှူရှင်များ ဖြစ်ပါတယ်။

 

ဒါပေမဲ့   အမေရိကန်အစိုးရကတော့ အဲဒီအစီအစဉ်ကို   ပြက်ရယ်ပြုလျစ်လျူရှုထားတာ တွေ့ရပါတယ်။ ဒီအစီအစဉ်မှာ အမေရိကန်အစိုးရဘက်က ပါဝင်ခြင်းမရှိတဲ့အတွက် သူတို့ဟာ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ကိုယ့်ဘာသာကိုယ် ဗိုင်းရပ်ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှာလားဆိုတဲ့ မေးခွန်းကိုလည်း ထွက်ပေါ်လာစေပါတယ်။

 

အခုအစီအစဉ်မှာရရှိမယ်လို့  ကနဦးရည်မှန်းထားတဲ့အလှူငွေက ယူရို ၇ ဒသမ  ၅ ဘီလီယံပါ။ ဒါ့အပြင် ဗိုင်းရပ်ကာကွယ်ဆေး ထုတ်လုပ်ဖို့နဲ့ ဗိုင်းရပ်ကို အမြန်ဆုံးထိန်းချုပ်ဖို့အတွက်    လိုအပ်တဲ့မျှော်မှန်း ပမာဏက ယူရို ၃၈ ဘီလီယံဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်ကပြောပါတယ်။

 

မျှော်မှန်းအလှူငွေ  ယူရို ၇ ဒသမ ၅  ဘီလီယံအနက် ၄ ဘီလီယံက ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှု၊ ၂ ဘီလီယံက ကုထုံးရှာဖွေမှုနဲ့ ၁ ဒသမ ၅ ဘီလီယံက စမ်းသပ် ကိရိယာများ ထုတ်လုပ်မှုအတွက်ဖြစ်တယ်လို့ ဥရောပသမဂ္ဂကပြောပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့ကပ်ရောဂါနဲ့ပတ်သက်ပြီး   တရုတ်နိုင်ငံကိုသာ  အပြစ်တင်ထားတာမဟုတ်ပါဘူး။ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကိုလည်း ဝေဖန်ပြီး   ငွေကြေးထောက်ပံ့မှုကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

 

ဒီအချိန်မှာ ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် အမေရိကန်ရဲ့ပူးပေါင်းပါဝင်မှုက သိပ်ကိုကြီးမားလှတဲ့ အားတစ်ခုပါ။ ဒါပေမဲ့ အမေရိကန်ဟာ ကာကွယ်ဆေးထုတ်လုပ်ရေးမှာ  အများနဲ့မပူးပေါင်းဘဲ တစ်ကိုယ်တော် လှုပ်ရှားနေတာတွေ့ရပါတယ်။ အခုနှစ်အကုန်မှာ နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် အသင့်ဖြစ်တော့မယ်လို့လည်း ထရမ့်ကပြောထားပါတယ်။ ထရမ့်ရဲ့ပြောဆိုမှုဟာ ယုတ္တိမရှိတဲ့အတွက် ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။

 

တကယ်တမ်းမှာ   ဘေးထွက်ဆိုးကျိုး အနည်းဆုံးနဲ့  ကုသမှုမှာအထိရောက်ဆုံး ဆေးဝါး တစ်မျိုးထွက်လာဖို့ အချိန်အားဖြင့် နှစ်ပေါင်းများစွာ   ကြာမြင့်တတ်ပါတယ်။  ဒါကြောင့် တစ်နှစ်တောင် မပြည့်တဲ့အချိန်အတွင်းမှာ   ကာကွယ်ဆေးကောင်း ထွက်လာမယ်ဆိုတာ ယုတ္တိမရှိပါဘူး။

 

အခုလုပ်တဲ့ အလှူငွေရရှိရေးအစီအစဉ်မှာ အမေရိကန်ဘက်ကမပါဝင်မှုဟာလည်း ကမ္ဘာ့နိုင်ငံတွေအကြား ပြောစမှတ်တွင်စေပြီး ကမ္ဘာ့ခေါင်းဆောင်အသီးသီးက ပူးပေါင်း ဆောင်ရွက်ဖို့ကိုသာ တိုက်တွန်းထားပါတယ်။

 

ကမ္ဘာသူ၊ ကမ္ဘာသားတွေကို မထိုးဖောက်နိုင်တဲ့ ဒိုင်းနဲ့ကာဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးကြိုးပမ်းမှုဟာ ကမ္ဘာ့နိုင်ငံ တွေအကြား   ယှဉ်ပြိုင်သင့်တဲ့အရာ မဟုတ်ဘဲ ပူးပေါင်းသင့်တဲ့အရာသာဖြစ်တယ်လို့  ဗြိတိန်ဝန်ကြီးချုပ်  ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။

 

အလားတူ    ဂျပန်ဝန်ကြီးချုပ်  ရှင်ဇိုအာဘေးကလည်း   ဘောရစ်ဂျွန်ဆင်နဲ့ တစ်လေသံတည်း ထွက်ပြီး ကမ္ဘာ့ကပ်ရောဂါကို ကျော်လွှားဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်ရမယ် လို့ဆိုပါတယ်။

 

ဒါ့အပြင် ဗိုင်းရပ်ကိုတိုက်ဖျက်ရေးအတွက် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှုတို့က ရွှေထက်အဖိုးတန်ပြီး ကြောက်ရွံ့ခြင်းနဲ့ အပြစ်တင် စွပ်စွဲခြင်းတွေက အသုံးမဝင်ဘူးလို့  တရုတ်သံအမတ် ကျန်မင်းကပြောပါတယ်။

 

လက်ရှိအချိန်မှာဆိုရင် ကမ္ဘာတစ်ဝန်းမှာ သုတေသနပြုနေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးအမျိုးပေါင်း ၁၀ဝ ကျော်ရှိပါတယ်။ အဲဒီထဲကမှ ရှစ်မျိုးဟာ တရုတ်၊  အမေရိကန်နဲ့ ဥရောပတို့မှာ လက်တွေ့ စမ်းသပ်မှုတွေလုပ်နေပါပြီ။

 

တကယ်လို့သာ   သုတေသနလုပ်နေတဲ့ ဆေးတွေကို   နိုင်ငံတကာမှသိပ္ပံပညာရှင် တွေစုပေါင်းပြီး စမ်းသပ်အဖြေရှာ ပြင်ဆင်ထုတ်လုပ်မယ်ဆိုရင် ဗိုင်းရပ်ကာကွယ်ဆေးဆိုတာ မဝေးတော့တဲ့ အနာဂတ်မှာအမှန် တကယ်ထွက်ပေါ်လာမှာပါ။

 

ဒီလိုမှမဟုတ်ဘဲ အမေရိကန်လိုမျိုး တစ်သီးတစ်သန့်ခွဲထွက်ပြီး ဘယ်သူနဲ့မှလည်း  မပူးပေါင်း မဆောင်ရွက်ဘူးဆိုရင် မှန်ကန်ကောင်းမွန်တဲ့ ဆေးဝါးထွက်လာဖို့ဆိုတာ မျှော်တိုင်းဝေး နေဦးမှာဖြစ်ပါတယ်။

 

ဒါကြောင့် အခုအချိန်ဟာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ကပ်ဘေးကြီးကို ကျော်လွှားနိုင်ဖို့ ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် တစ်ကမ္ဘာလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသရတော့မယ့် အချိန်ရောက်ပြီဖြစ်ပါတယ်။

 

Ref: SCMP

 

Read 57 times Last modified on Wednesday, 06 May 2020 14:37