SJ WorldNews - шаблон joomla Авто

သဘာဝပတ်ဝန်းကျင် နောက်တစ်ကြိမ် ကမ္ဘာ့ကပ်ရောဂါဖြစ်လျှင် စတင်မည့်နေရာ အမေဇုန်မိုးသစ်တော

Saturday, 16 May 2020 08:49 font size decrease font size decrease font size increase font size increase font size

အမေဇုန်မိုးသစ်တောဆိုတာ ကမ္ဘာကြီးရဲ့အဆုတ်လို့ပြောရလောက်အောင် အင်မတန်ကြီးမားတဲ့ တောအုပ်ကြီးဖြစ်ပြီး တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာ မှီတင်းနေထိုင်နေရတဲ့ နေရာကြီးလည်းဖြစ်ပါတယ်။

ဒါပေမဲ့ လူဦးရေထူထပ်လာတာနဲ့အမျှ မြို့ပြထူထောင်မှုတွေနဲ့ တိရစ္ဆာန်တွေရဲ့ ပိုင်နက်နေရာကို ကျူးကျော်မှုတွေက တော ပြုန်းခြင်းကိုဖြစ်ပေါ်စေပြီး တိရစ္ဆာန်တွေကို စားကျက်ပျောက်စေပါတယ်။ တောရိုင်းတိရစ္ဆာန်တွေ နေတဲ့နေရာကို မြို့ပြထူထောင်ခြင်းက တိရစ္ဆာန်မှလူသို့ကူးစက်စေတဲ့  ရောဂါဆိုးတွေကိုဖြစ်ပေါ်စေတယ်လို့ သုတေသနပညာရှင် တွေက ပြောပါတယ်။

တိရစ္ဆာန်မှ လူသို့ကူးစက်စေတဲ့ရောဂါ ဆိုးတွေထဲမှာ လက်ရှိကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်လည်း အပါအဝင်ဖြစ်ပါတယ်။ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ လင်းနို့တွေကနေတစ်ဆင့် တတိယမျိုးစိတ်တစ်မျိုးကြားခံပြီး လူသားတွေဆီကို ကူးစက်တာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။ နိုဗယ်ကိုရိုနာဗိုင်းရပ် စတင်ဖြစ်ပွားတဲ့ နေရာကလည်း  တရုတ်နိုင်ငံမှာမှ  မြို့ပြထူထောင်မှုကို လျင်မြန်စွာလုပ်ဆောင်နေတဲ့ ဟူဘေးပြည်နယ်ဖြစ်ပါတယ်။

ဒါကြောင့် နောက်တစ်ကြိမ် ကမ္ဘာ့ကပ်ရောဂါဖြစ်ရင် စတင်ဖြစ်ပွားမယ့်နေရာက အမေဇုန်မိုးသစ်တောဖြစ်တယ်လို့ ဘရာဇီး ဂေဟဗေဒပညာရှင်  ဒေးဗစ်လာပိုလာက သတိပေးထားပါတယ်။ ဒေးဗစ်လာပိုလာဆိုတာ လူသားတွေရဲ့ လုပ်ဆောင်မှုက အနာဂတ်မှာဂေဟစနစ်နဲ့ အပူပိုင်းသစ်တောတွေအပေါ် ဘယ်လို အကျိုးသက်ရောက်စေလဲ ဆိုတာကို လေ့လာနေတဲ့သူဖြစ်ပါတယ်။

ဟူဘေးပြည်နယ်မှာလိုမျိုး မြို့ပြထူထောင်မှုကို လျင်မြန်စွာ လုပ်ဆောင်နေမှုကိုလည်း အမေဇုန်သစ်တောထဲမှာတွေ့ရ ပါတယ်လို့ သူကဆက်ပြောပါတယ်။ ပြီးတော့ အမေဇုန်မိုးသစ်တောဆိုတာ ဗိုင်းရပ်မျိုးပေါင်းများစွာ တည်ရှိနေတဲ့ ကြီးမားလှတဲ့ အသိုက်ကြီးဖြစ်နေတယ်လို့ ဒေးဗစ်လာပိုလာကဆိုပါတယ်။

အခုဆိုရင် ကမ္ဘာ့အကြီးဆုံးမိုးသစ်တောကြီးဟာ တဖြည်းဖြည်းနဲ့လုံးပါးပါးနေပါပြီ။ လက်ယာစွန်းရောက် ဘရာဇီး သမ္မတဂျဲဘိုဆိုနာရိုရဲ့ သမ္မတသက်တမ်းပထမနှစ် ၂၀၁၉ ခုနှစ်မှာ ဘရာဇီးနိုင်ငံဘက်အခြမ်းမှာရှိတဲ့  အမေဇုန်တောရဲ့ တောပြုန်းမှုက စတုရန်း ကီလိုမီတာ ၁၀ဝဝဝ ရှိပြီး တမြန်မနှစ်က ထက် ၈၅ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။ ဒီပမာဏဟာ  လက်ဘနွန်နိုင်ငံတစ်နိုင်ငံ လုံးစာနီးပါးရှိပါတယ်။

ဒီနှစ်မှာလည်း အလားတူတောပြုန်းမှု ဖြစ်စဉ်ဖြစ်နေပါတယ်။ ဇန်နဝါရီလကနေ ဧပြီလအထိ တောပြုန်းမှုပမာဏက ၁၂၀၂ စတုရန်းကီလိုမီတာရှိပါတယ်။  ဒါကြောင့် ဒီနှစ်ဟာ အမေဇုန်မိုးသစ်တောအတွက် ပထမလေးလတာ ကာလအတွင်း  စံချိန် တင်တောပြုန်းမှုဖြစ်ပါတယ်။

ဒီလိုဖြစ်နေတာဟာ ကမ္ဘာကြီးအတွက် သာမက လူသားတွေရဲ့ကျန်းမာရေးအတွက် လည်းသတင်းဆိုးဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုရင် လူသားတွေက ဂေဟစနစ်ကိုမညီ မျှအောင်ဖန်တီးလိုက်တဲ့အခါ ဗိုင်းရပ်တွေ က တိရစ္ဆာန်တွေဆီကနေ လူသားတွေဆီ ကို ကူးပြောင်းလာလေ့ရှိတာကြောင့်ဖြစ်ပါတယ်။

ဥပမာအားဖြင့် ခုခံအားကျဆင်းမှုရောဂါ၊ အီဘိုလာရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါ တွေဆိုတာ ဗိုင်းရပ်ကြောင့် ဖြစ်တဲ့ရောဂါတွေ ဖြစ်ပြီး ဒီဗိုင်းရပ်တွေကိုလည်း တိရစ္ဆာန်တွေ ဆီမှာသာမြင်တွေ့နိုင်ပါတယ်။ ဒါကိုလူသား တွေက  ဂေဟစနစ်ကိုမညီမျှအောင်လုပ် လိုက်ချိန်မှာ   တိရစ္ဆာန်တွေဆီမှာသာရှိတဲ့   အဲဒီဗိုင်းရပ်တွေက လူသားတွေဆီကို ကူးစက်သွားတာဖြစ်ပါတယ်။

များသောအားဖြင့် ဒီလိုလူအစုလိုက်အပြုံ လိုက်ကူးစက်စေတဲ့ရောဂါတွေက  တောင် အာရှဒေသနဲ့ အာဖရိကဒေသတို့မှာဖြစ် လေ့ရှိပါတယ်။ တချို့ကူးစက်မှုတွေကတော့ လင်းနို့်တွေမှာရှိတဲ့ ဗိုင်းရပ်တွေကြောင့်ဖြစ် ပါတယ်။

ဒါ့အပြင် အမေဇုန်မိုးသစ်တောဆိုတာ  ကိုရိုနာဗိုင်းရပ်တွေအများဆုံးတည်ရှိရာနေရာ ဖြစ်တဲ့အတွက်   အခုလိုမျိုး အမေဇုန်သစ်တောကို အဆင်အခြင်မဲ့လုပ်နေတာ တွေကို ရပ်တန့်သင့်တယ်လို့ ဒေးဗစ်လာပို လာကပြောပါတယ်။

ဒါတင်မကသေးပါဘူး။  တရားမဝင် စိုက်ပျိုးရေးသမားများ၊ သတ္တုတွင်းတူးသူ များ၊ သစ်ခုတ်သမားများကြောင့် အမေဇုန်မိုး သစ်တောပျက်စီးမှုဟာလည်း အလွန်ကို သတိထားသင့်တဲ့ကိစ္စဖြစ်တယ်လို့  သူက ဆက်ပြောပါတယ်။

အထက်မှာဆိုခဲ့သလို ကမ္ဘာ့အဆုတ် လို့တင်စားခေါ်ဝေါ်ရတဲ့ အမေဇုန်မိုး သစ်တောသာမက တခြားသစ်တောများ လည်း   တောပြုန်းသွားပါက တောရိုင်းတိရစ္ဆာန်များ စားကျက်ပျောက်ပြီး လူသား များနေထိုင်ရာနေရာတွေဆီကို ရောက်ရှိ လာပြီး လူသားတွေနဲ့ထွေးရောယှက်တင် နေထိုင်လာနိုင်ပါတယ်။ လူသားတွေနဲ့တိရစ္ဆာန်တွေ ထွေးရောယှက်တင် နေထိုင်ခြင်းဟာ တိရစ္ဆာန်တွေမှာသာရှိတဲ့ ဗိုင်းရပ်က လူသားတွေဆီကိုကူး ပြောင်းလာစေဖို့ လူသားတွေက ဖိတ်ခေါ်လိုက်တာနဲ့တူနေပါတယ်။

ဒါကြောင့် တောမပြုန်းအောင်လူသား အားလုံးက ဝိုင်းဝန်းထိန်းသိမ်းပါမှသာ ယနေ့ကမ္ဘာပေါ်မှာကြုံတွေ့နေရပြီး လူပေါင်း များစွာရဲ့အသက်ကို  နုတ်ယူသွားနိုင်တဲ့ ကူးစက်မြန်ပြင်းထန် ရောဂါဆိုးကြီးတွေရဲ့ ဘေးကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။

Ref: Bangkok Post

 

Read 42 times Last modified on Saturday, 16 May 2020 08:50