SJ WorldNews - шаблон joomla Авто

နှလုံးတစ်ခုထက်ပိုပါတဲ့ သတ္တဝါများ

Sunday, 17 May 2020 09:21 font size decrease font size decrease font size increase font size increase font size

တိရစ္ဆာန်အများစုက လူတွေလိုပဲ နှလုံးတစ်ခုတည်းနဲ့ အသက်ရှင်ကြတာပါ။ နှလုံးတစ်ခုထက်ပိုပါတဲ့ တိရစ္ဆာန် တွေလည်း ရှိပါတယ်။ ကြယ်ငါးလိုမျိုး ရေသတ္တဝါတွေမှာကျတော့လည်း နှလုံးတစ်ခုမှ မပါပြန်ပါဘူး။ ရေဘဝဲတို့၊ ကင်းမွန်တို့လိုမျိုး ရေသတ္တဝါတွေမှာကျတော့ နှလုံးသုံးခုတောင်မှ ပါတာကိုတွေ့ရပါတယ်။ ဒီလိုသတ္တဝါတွေမှာ နှလုံးတွေအများကြီးပါပေမယ့်လည်း အဲဒီနှလုံးတွေထဲကမှ တစ်ခုတည်းကသာ ပင်မနှလုံးရဲ့ အလုပ်ကိုလုပ်တာဖြစ်ပြီး ကျန်နှလုံးတွေကတော့ ပင်မနှလုံးကိုကူညီထောက်ပံ့ပေးတာပါ။ အောက်မှာဖော်ပြ သွားမှာကတော့ အထက်ပါနှလုံး တစ်ခုထက်ပိုပါတဲ့ သတ္တဝါတွေထဲကမှ တချို့ပဲဖြစ်ပါတယ်။

တီကောင်များ

တီကောင်များမှာ နှလုံးကဲ့သို့အလုပ်လုပ်တဲ့အရာ ငါးခုတောင်ပါပါတယ်။ အဲဒီငါးခုစလုံးက သွေးလွှတ်ကြောမကြီး တွေအဖြစ်အလုပ်လုပ်တာကြောင့် နှလုံးဟုမခေါ်ထိုက်သော်လည်း နှလုံးကဲ့သို့ပင် လုပ်ငန်းများကို လုပ်ဆောင်ပါတယ်။ သွေးလွှတ်ကြောမကြီးတွေဟာ အပိုင်းလိုက်ဖြစ်နေပြီးတော့ တီကောင်ရဲ့ခန္ဓာကိုယ်အရှည်ရှိသလောက် ရှည်ပါတယ်။ အခန်းတွေ အများကြီးမပါတဲ့  လူ့နှလုံးနဲ့မတူတာက သူ့မှာအခန်းတစ်ခန်း တည်းသာပါပါတယ်။ နှလုံးလို့ခေါ်တွင်နိုင်တဲ့   သွေးလွှတ်ကြောမကြီး တွေထဲမှတစ်ခုက ပင်မနှလုံးအဖြစ်အလုပ်လုပ်ပြီး ကျန်တဲ့သွေးလွှတ်ကြော အစိတ်အပိုင်းတွေဆီ သွေးကိုတွန်းလွှတ်ပါတယ်။ တီကောင်တွေဟာ သူတို့ရဲ့နှလုံးခုန်နှုန်းကိုတော့  သူတို့ရဲ့ အာရုံကြော ကလာပ်စည်းတွေကို အသုံးပြုပြီး ထိန်းညှိပါတယ်။

ပိုးဟပ်

 

ပိုးဟပ်တွေမှာ အခန်း ၁၃ ခန်းတောင်ပါတဲ့ နှလုံးတစ်ခုရှိပါတယ်။    ဒါကြောင့်သူတို့ဟာ လူသားတွေလိုမျိုး နှလုံးက အလုပ်မလုပ်နိုင်လို့ သေဆုံးရခြင်းမျိုးမရှိပါဘူး။ အခန်းတွေက ပြွန်ပုံစံရှိပြီး အစဉ်လိုက်တည်ရှိတာကြောင့် ပထမဆုံး အခန်းက ပို့လွှတ်လိုက်တဲ့သွေးက နောက်ဆုံးအခန်းရောက်မှသာ တွန်းလွှတ်လိုက်တာဖြစ်ပါတယ်။ နှလုံးရဲ့နောက်ဆုံး အခန်းက အောက်ဆီဂျင်ပါဝင်တဲ့သွေးကို ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့  တခြားကိုယ်တွင်းအင်္ဂါတွေဆီ ပို့လွှတ်ပေးတာပါ။ ဒါကြောင့် အခန်းတစ်ခန်းက အလုပ်မလုပ်တော့သည့်တိုင် နှလုံးကတော့ ဆက်လက် အလုပ်လုပ် နေနိုင်စွမ်း ရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်တော့ အနည်းငယ်ကျသွားပါတယ်။ ပိုးဟပ်ရဲ့ကျောပေါ်မှာရှိတဲ့ လေလမ်းကြောင်းက  နှလုံးရဲ့အခန်းတိုင်းဆီကို အောက်ဆီဂျင်ပါတဲ့သွေးတွေ ရောက်ရှိစေဖို့ အကူအညီပေးပါတယ်။

ရေဘဝဲ

 

ရေဘဝဲတစ်ကောင်မှာ နှလုံးသုံးခုရှိပြီး တစ်ခုကသာ  ပင်မနှလုံးအလုပ်ကိုလုပ်ကာ အောက်ဆီဂျင်ပါတဲ့ သွေးကို ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေဆီ ပို့လွှတ်ပေးတာဖြစ်ပါတယ်။ ကျန်တဲ့နှလုံးနှစ်ခုကိုတော့ ပင်မနှလုံးကို ထောက်ကူပေးတဲ့ နှလုံးတွေအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနှလုံးနှစ်ခုက လိုအပ်တဲ့ အောက်ဆီဂျင်ရရှိစေဖို့အတွက် ပါးဟက်တစ်လျှောက်ကို သွေးတွေတွန်းလွှတ်ပေးတာပါ။ ရေဘဝဲကသွေးထဲမှာ သံဓာတ်ပါတဲ့ တခြားကျောရိုးရှိ သတ္တဝါတွေနဲ့မတူပါဘူး။ သူတို့ရဲ့သွေးထဲမှာ ကြေးနီ ဓာတ်ပဲပါဝင်တာကြောင့် သူတို့သွေးက အပြာရောင်ဖြစ်နေတာပါ။ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ရာမှာ သံဓာတ်ပါတဲ့သွေးက ကြေးနီဓာတ်ပါတဲ့သွေးထက် ပိုကောင်းပါတယ်။  ဒါကြောင့် ရေဘဝဲရဲ့ရှင်သန်မှုအတွက်   လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏကို ပေးစွမ်းနိုင်စေဖို့ သူ့မှာပါတဲ့နှလုံး သုံးခုစလုံးက အမြန်ဆုံးနှုန်းနဲ့ ခန္ဓာကိုယ်တစ်လျှောက်ကို   သွေးတွေထုတ်လွှတ်ပေးရပါတယ်။

ကင်းမွန်

ကင်းမွန်တွေကလည်း ရေဘဝဲတွေလိုပဲ နှလုံးသုံးခုပါပါတယ်။ တစ်ခုက ပင်မနှလုံးဖြစ်ပြီး ကျန်နှစ်ခုကတော့  အထောက်အကူပြု နှလုံးတွေပါ။ နှလုံးနှစ်ခုက ပါးဟက်တစ်လျှောက်ကို သွေးတွေထုတ်လွှတ်ပေးပါတယ်။ အဲဒီသွေးတွေက အောက်ဆီဂျင်နဲ့ ရောသွားပါတယ်။ အဲဒီကနေမှတစ်ဆင့် အောက်ဆီဂျင်ပါတဲ့သွေးတွေက ပင်မနှလုံးဆီကို စီးဆင်းသွားပြီး ပင်မနှလုံးကနေခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေဆီကို     သွေးတွေတွန်းလွှတ်ပေး ပါတယ်။ ပင်မနှလုံးမှာတော့ အခန်းသုံးခန်းပါဝင်ပြီး    အပေါ်ဘက်မှာနှစ်ခန်းနဲ့ အောက်ဘက်မှာတစ်ခန်းဖြစ်ပါတယ်။

ဟက်ငါး

ငါးရှဉ့်လိုမျိုး ပုံပန်းသဏ္ဌာန်ရှိပေမယ့် ငါးရှဉ့်မဟုတ်တဲ့ ဟက်ငါးတွေမှာ နှလုံးလေးခုပါဝင်တဲ့ သွေးလှည့်ပတ်မှု စနစ်တွေရှိပါတယ်။ ပါးဟက်ကတော့ ငါးစုံကနေ ၁၅ စုံအထိပါပါတယ်။ ဟက်ငါးရဲ့ပင်မနှလုံးက  ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးတွေကို ထုတ်လွှတ်ပေးပါတယ်။ ကျန်တဲ့နှလုံးသုံးခုကတော့ ပင်မနှလုံးရဲ့တွဲဖက်တွေဖြစ်ပါတယ်။ ငါးရှဉ့်လိုမျိုးပုံစံရှိတဲ့အတွက် ဟက်ငါးတွေကို  အကျိအချွဲပါတဲ့ငါးရှဉ့်တွေလို့လည်း  တင်စားခေါ်ဝေါ်ကြပါတယ်။ ဟက်ငါးနဲ့ ငါးရှဉ့်ကွာခြားချက်ကတော့ ဟက်ငါးတွေဟာ ပင်လယ်ထဲမှာသာနေတဲ့ ငါးမျိုးဖြစ်ပြီး ငါးရှဉ့်ကတော့ ရေချိုမှာ ရှင်သန်တဲ့ငါးမျိုးဖြစ်ပါတယ်။

 

Read 47 times Last modified on Sunday, 17 May 2020 09:39