SJ WorldNews - шаблон joomla Авто

အမေရိကန်-တရုတ်ဆက်ဆံရေးမှာ စောင့်ကြည့်ရမယ့် ပေါက်ကွဲလုနီးပါးဖြစ်နေတဲ့ ကဏ္ဍငါးရပ်

Friday, 22 May 2020 09:26 font size decrease font size decrease font size increase font size increase font size

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြားက ဆက်ဆံရေးဟာ အခုနှစ် ဇန်နဝါရီလမှာ ပထမအဆင့် ကုန်သွယ်ရေးသဘောတူ စာချုပ်ချုပ်ဆိုနိုင်ခြင်းနဲ့အတူ နွေးထွေးလာခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာတော့ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားရခြင်း အပါအဝင်  အကြောင်းရင်းများစွာကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ထင်ထင်ရှားရှား ပြန်လည်ဆိုးဝါးလာခဲ့ပြန်ပါတယ်။

အခုသီတင်းပတ်ထဲမှာဆိုရင် နှစ်နိုင်ငံဆက်ဆံရေးမှာ ပေါက်ကွဲလုနီးပါးဖြစ်နေတဲ့ အခြေအနေတွေ အများကြီးဖြစ်ပေါ်လာ နေပါတယ်။ နိုင်ငံရေးသုတေသီတွေဆိုရင်လည်း လက်ရှိကျင်းပနေတဲ့ တရုတ်လွှတ်တော်ကို စောင့်ကြည့်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးအပါအဝင် ကာကွယ်ရေး၊ သံတမန်ရေး ကိစ္စတွေနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်လီခချန်နဲ့  ထိပ်တန်းတာဝန်ရှိသူတွေရဲ့ ပြောဆိုမှုတွေကို လေ့လာနေပါတယ်။

ပုံမှန်အားဖြင့် တင်းမာမှုသိပ်ရှိမှာမဟုတ်တဲ့ အခြေအနေတွေက နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့်သာ  ပေါက်ကွဲလုနီးပါး အခြေအနေကို ရောက်ရှိလာတာပါ။ ဒီလို ပေါက်ကွဲလုနီးပါးဖြစ်နေတဲ့  အဓိကကဏ္ဍကြီးငါးရပ်ရှိပြီး ကုန်သွယ်ရေးကဏ္ဍ၊ တရုတ် (တိုင်ပေ)နဲ့ ဟောင်ကောင်အရေးကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ကိုရိုနာဗိုင်းရပ်အရေးကဏ္ဍနဲ့ ဘဏ္ဍာရေးကဏ္ဍ တို့ဖြစ်ပါတယ်။

ကုန်သွယ်ရေးကဏ္ဍ

ကုန်သွယ်ရေးကဏ္ဍမှာဆိုရင် ပထမအဆင့် ကုန်သွယ်ရေးသဘောတူစာချုပ်ကို  လက်မှတ်ထိုးနိုင်ခြင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ကဏ္ဍအသစ်ဖွင့်လှစ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံနဲ့ဆက်ဆံရေးဟာ ဘယ်တုန်းကမှ မကြုံဘူးတဲ့ အကောင်းဆုံး အနေအထားကို ရောက်ရှိလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ကြုံးဝါးခဲ့ပါတယ်။ ဒီစာချုပ်ကို အကောင် အထည်ဖော်ရာမှာ တရုတ်နိုင်ငံဘက်က အမေရိကန်ရဲ့ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ ပေးရပါတယ်။ ဘဏ္ဍာရေးကဏ္ဍကိုလည်း ဖွင့်လှစ်ပေးရပြီး ဉာဏ မူပိုင်ခွင့် ကာကွယ်ရေး လမ်းညွှန်ချက်တစ်ခုကိုလည်း ထုတ်ပြန်ပေးရပါတယ်။

အခုသဘောတူစာချုပ်ရဲ့   အဓိကအကြောင်းအရာက တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ဆီကနေ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ပိုမိုဝယ်ယူမယ်ဆိုတဲ့ ကတိဖြစ်ပါတယ်။ ဒါပေမဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုဖြစ်နေတဲ့ အခုလိုအချိန်မှာ တရုတ်နိုင်ငံအနေနဲ့ ဒီကတိကိုတည်နိုင်ပါ့ မလားဆိုတဲ့ မေးခွန်းတွေကိုလည်း ထွက်ပေါ်လာစေပါတယ်။ အခုဆိုရင် ဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံ ရဲ့ဝယ်လိုအားနဲ့ အမေရိကန်ရဲ့ ထုတ်လုပ်မှုတို့က ကျဆင်းနေပါတယ်။ စွမ်းအင်နဲ့တခြား ကုန်ပစ္စည်းတွေဆိုရင်လည်း ဈေးကျနေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ဖြည့်ပေးရမယ့်ရည်မှန်းချက်တွေ ကို ဖြည့်ပေးနိုင်စွမ်းရှိမှာ မဟုတ်တော့ပါဘူး။

တရုတ်(တိုင်ပေ)၊ ဟောင်ကောင်အရေးကဏ္ဍ

တရုတ်(တိုင်ပေ)အရေးနဲ့ပတ်သက်ပြီး အမေရိကန်-တရုတ်ဆက်ဆံရေးက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ပိုဆိုးလာပါတယ်။ တရုတ်(တိုင်ပေ)က နိုင်ငံတစ်နိုင်ငံအနေနဲ့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစည်းအဝေးကို တက်ခွင့်ရတယ်၊ မရဘူးဆိုပြီး အမေရိကန် နဲ့တရုတ်တို့ကြားမှာ အငြင်းပွားနေပါတယ်။ တရုတ်(တိုင်ပေ)သမ္မတ ဆိုင်ယင်းဝမ်အနေနဲ့ ဒုတိယအဆက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတဲ့အပေါ် ချီးကျူး ဂုဏ်ပြုကြောင်းပြောတဲ့    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကိုလည်း တရုတ်က အပြစ်တင်ဝေဖန်ထားပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့လုပ်ဆောင်ချက်ဟာ  မှားယွင်းပြီးအန္တရာယ်ရှိတဲ့အတွက်  နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့  စစ်ဘက်အနေနဲ့ လိုအပ်တာမှန်သမျှ လုပ်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အခုလ အစောပိုင်းမှာ မိုက်ပွန်ပီယိုက ဟောင်ကောင်ရဲ့  ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်ပြီး အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖို့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီအစီရင်ခံစာဟာဆိုရင် ဟောင်ကောင်ကို ဘဏ္ဍာရေးအချက်အချာနေရာအဖြစ်  ခိုင်မြဲစေဖို့ နှစ်ပေါင်း များစွာကြာ  အကူအညီပေးတဲ့ ကုန်သွယ်ရေးအခွင့်ထူးတွေအတွက် အခြေခံဖြစ်ပါတယ်။ အခုဆိုရင် ဟောင်ကောင်အထူးဒေသ မှာလည်း  တရုတ်အစိုးရရဲ့လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ တစ်ကျော့ပြန်ဆန္ဒပြမှုတွေ ပြန်ဖြစ်လာပါပြီ။ ဒီလိုဆန္ဒပြမှုတွေရဲ့ နောက် ကွယ်မှကြိုးကိုင်သူက အမေရိကန်ဖြစ်တယ်လို့ တရုတ်အစိုးရက အကြိမ်ကြိမ်ပြောထားပါတယ်။

နည်းပညာကဏ္ဍ

ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်အစိုးရက တရုတ်နည်းပညာကုမ္ပဏီတွေအပေါ်  အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။  အဓိကအားဖြင့်   ဟွားဝေကုမ္ပဏီဖြစ်ပြီး  အမည်ပျက်စာရင်းသွင်းတဲ့အပြင်   အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်သူ တွေအဖြစ်ပါ တံဆိပ်တပ်ခဲ့ပါတယ်။ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့နောက် ဆုံးလုပ်ဆောင်မှုကတော့ ဟွားဝေနဲ့တခြား တရုတ် နည်းပညာကုမ္ပဏီတွေကို အမေရိကန် နည်းပညာအသုံးပြု ချစ်(ပ်)ပြားတွေမရောင်းမီ  ချစ်(ပ်)ပြားထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ အမေရိကန်အစိုးရဆီမှာ ခွင့်ပြုမိန့်ရယူရမယ်ဆိုပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့အခွင့်အရေးတွေကို ကာကွယ်ဖို့  လိုအပ်တာမှန်သမျှ   လုပ်သွားမယ်ဆိုပြီး  တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့လုပ် ဆောင်ချက်ဟာ ကမ္ဘာ့နည်းပညာလုပ်ငန်းကို အလွန်ဘေးသင့်စေတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဟွားဝေကုမ္ပဏီကလည်း သတိပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်အရေးကဏ္ဍ

နှစ်နိုင်ငံဆက်ဆံရေးကို သိသိသာသာ ပြောင်းလဲလာစေတာကတော့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုဖြစ်ပါတယ်။ ဒီဗိုင်းရပ်ကို တရုတ်နိုင်ငံက ဓာတ်ခွဲခန်းမှာဖန်တီးတာ ဖြစ်တယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အပြစ်တင်ထားပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း တရုတ်အစိုးရဘက်ကိုသာ ဘက်လိုက်ပြီး ဗိုင်းရပ်ကူးစက်မှုကို ကိုင်တွယ်နေတယ်လို့ ထရမ့်ကစွပ်စွဲထားပါသေးတယ်။ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတွေကတော့  ထရမ့်ရဲ့ စွပ်စွဲအပြစ်တင်မှုတွေကို အခိုင်အမာ ငြင်းပယ်ထားပါတယ်။ အခုဆိုရင် ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုပင် စကားလုံးတွေနဲ့ တိုက်ခိုက်လာပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုလည်း အချိန်တစ်လပေးထားပြီး အဲဒီတစ်လအတွင်းမှာ ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်မှု မတိုးတက်လာဘူးဆိုရင် ရန်ပုံငွေထောက်ပံ့မှုကို အပြီးတိုင်ရုပ်သိမ်းပြီး ကုလသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နုတ်ထွက်ဖို့ စဉ်းစားသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဘဏ္ဍာရေးကဏ္ဍ

ပထမအဆင့်ကုန်သွယ်ရေးသဘောတူ စာချုပ်ကြောင့် အမေရိကန်ကုမ္ပဏီတွေက တရုတ်နိုင်ငံအတွင်းမှာ   စီးပွားရေးပိုမို ဆောင်ရွက်ခွင့်ရရှိပေမယ့်လည်း အမေရိကန်ကတော့ နှစ်နိုင်ငံအကြား ဘဏ္ဍာရေးနဲ့ စီးပွားရေးဆက်ဆံမှုကို ပိုမိုတိုးမြှင့် ထိန်းချုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အထူးသဖြင့်    သူရဲ့ရောင်းလိုအား ကွင်းဆက်က တရုတ်နိုင်ငံပေါ်  အဓိကမှီခိုနေရမှုကို လျှော့ချနိုင်ဖို့အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ အမေရိကန်တာဝန်ရှိသူတစ်ဦးက အခုလအစောပိုင်းမှာ ပြောပါတယ်။

အခုသီတင်းပတ်ထဲမှာပဲ အမေရိကန် အထက်လွှတ်တော်က   ဥပဒေတစ်ခုကို တစ်ခဲနက်အတည်ပြုလိုက်ပါတယ်။ အဲဒီ ဥပဒေက   အမေရိကန်စတော့ရှယ်ယာ ဈေးကွက်မှာ တရုတ်ကုမ္ပဏီတွေရဲ့ပါဝင်မှု ကိုလျှော့ချမယ့်လမ်းကြောင်းဖြစ်ပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း တရုတ်နိုင်ငံရဲ့ပါဝင်မှုကို လျှော့ချဖို့စီစဉ်ထားပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက ထရမ့်အစိုးရနဲ့ အောက်လွှတ်တော်မှာရှိတဲ့ အမတ်တချို့ရဲ့ ဖိအားပေးမှုကြောင့်သာဖြစ်ပါတယ်။

 

Ref: Bloomberg

 

Read 30 times Last modified on Friday, 22 May 2020 09:38