SJ WorldNews - шаблон joomla Авто

အချုပ်အခြာအာဏာ လုံခြုံရေးနှင့်အကျိုးစီးပွားကို ကာကွယ်မည်ဟု အမေရိကန်အား ပြောကြားလိုက်သည့် တရုတ်

Monday, 25 May 2020 10:08 font size decrease font size decrease font size increase font size increase font size

တရုတ်အစိုးရက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဟောင်ကောင် လူ့အခွင့်အရေးနှင့်  ဒီမိုကရေစီ အက်ဥပဒေဖြင့် ဟောင်ကောင်အစိုးရအား  ခြိမ်းခြောက် အကျပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို  ဝင်ရောက်စွက်ဖက်လျက်ရှိကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပြောကြားခဲ့သည်။

ဟောင်ကောင်ရှိ ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ်အစိုးရက မကြာသေးမီကမှစ၍ ပြင်းပြင်းထန်ထန် ဆက်ဆံနေ ခြင်းကြောင့် အဆိုပါအထူးဒေသကြီးသည် တရုတ်နိုင်ငံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားခြင်း ရှိ၊ မရှိကို သုံးသပ် အကဲဖြတ်ရန် ပိုမိုခက်ခဲစေသည်ဟု မိုက်ပွန်ပီယိုက မေ၂၀ ရက်တွင် ပြောကြားခဲ့ပြီးနောက် တရုတ်အစိုးရ၏  တုံ့ပြန်ပြောဆိုချက် ထွက်ပေါ် လာခြင်းဖြစ်သည်။

ထို့ပြင်  မိုက်ပွန်ပီယို၏ပြောဆိုမှုများသည် တရုတ်ပြည်သူများကို ကြောက်ရွံ့စေမည်မဟုတ်ကြောင်း၊   တရုတ်အစိုးရ အနေဖြင့်  နိုင်ငံ၏အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ က မေ၂၁ ရက်တွင် တုံ့ပြန်ပြောဆိုထားသည်။

ထို့ကြောင့် ဟောင်ကောင်၌ အမျိုးသားလုံခြုံရေးဆိုင်ရာ   ဥပဒေမူကြမ်းတစ်ရပ် ချမှတ်ရန် တရုတ်လွှတ်တော်သို့  မေ ၂၂ ရက်က တင်သွင်းခဲ့ပြီးဖြစ်သည်။ အဆိုပါ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်းအရ   ဟောင်ကောင် အထူးဒေသကြီး ၌ တရုတ်အစိုးရအနေဖြင့် ၎င်းတို့၏ ထောက်လှမ်းရေးအေဂျင်စီများကို အခြေချခွင့်ပြုလာနိုင်သည်။

အဆိုပါ  အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်းသည်   ဟောင်ကောင်အား  ပြည်မကြီးမှခွဲထွက်ခြင်း၊   နိုင်ငံ၏အချုပ် အခြာအာဏာပိုင်ဆိုင်မှုကို လျော့ပါးစေခြင်း၊ အကြမ်းဖက်မှု၊ ပြည်ပမှဝင်ရောက်စွက်ဖက်မှုကို ကာကွယ်ဖြေရှင်းရန် ရည်ရွယ်၍ အဆိုပြုထားခြင်းဖြစ်သည်။ သို့သော် အဆိုပါမူကြမ်းကို တရုတ်အစိုးရက အဆိုပြုခဲ့ခြင်းအပေါ် ဆန့်ကျင်ကြရန် ဟောင်ကောင် တက်ကြွလှုပ်ရှားသူများက ဒေသခံပြည်သူများအား တောင်းဆိုထားသည်။

ကန့်ကွက်မှုများရှိနေသော်လည်း အဆိုပါဥပဒေမူကြမ်းကို  ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေးအတွက် တရုတ်အစိုးရနှင့် အပြည့် အဝပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဟောင်ကောင်အစိုးရအဖွဲ့  အကြီးအကဲ  ကယ်ရီလန်းကပြောထားသည်။

တရုတ်အစိုးရကပြဋ္ဌာန်းမည့် အမျိုးသား လုံခြုံရေးဆိုင်ရာဥပဒေမူကြမ်းသည် တရုတ်အစိုးရနှင့် အမေရိကန် ပြည်ထောင်စုတို့ကြား COVID-19 ရောဂါကူးစက်မှုနှင့် ကုန်သွယ်ရေး သဘောထားကွဲလွဲမှုတို့ကြောင့်   ဖြစ်ပေါ်နေသည့် တင်းမာမှုကို မြင့်တက်လာစေနိုင်သည်။

တရုတ်အစိုးရအနေဖြင့် အဆိုပါ အမျိုးသားလုံခြုံရေးဆိုင်ရာ   ဥပဒေမူကြမ်းကို အတည်ပြုရန်   လုပ်ဆောင်မည်ဆိုပါက ပြင်းထန်စွာတုံ့ပြန်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးထားပြီး ဟောင်ကောင်အရေးနှင့် စပ်လျဉ်း၍ ပြင်းပြင်းထန်ထန် ဖိအားပေးလုပ်ဆောင်ရန် အမေရိကန်လွှတ်တော်အမတ်များက ထရမ့်အား   တိုက်တွန်း ထားခြင်းကြောင့် တရုတ်လွှတ်တော်သို့ တင်သွင်းခဲ့သည့် အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်းသည် ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံကြား ထပ်မံသဘောထားကွဲလွဲစေမည့်  ကိစ္စရပ် တစ်ခုဖြစ်လာနိုင်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

Ref: Bloomberg, ST

Read 49 times Last modified on Monday, 25 May 2020 10:09