SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်ပိုးကူးစက်မှုတွင် ရုရှားကိုကျော်တက်၍ ဒုတိယနေရာသို့ ရောက်ရှိလာသည့် ဘရာဇီး

Monday, 25 May 2020 10:13 font size decrease font size decrease font size increase font size increase font size

ဘရာဇီးနိုင်ငံသည်   COVID-19  ရောဂါပိုးကူးစက်မှုတွင်  ရုရှားကိုကျော်တက်၍   ရောဂါပိုးဒုတိယအများဆုံးကူး စက်ခံရသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည်။

နိုင်ငံအတွင်း လက်ရှိရောဂါပိုး ကူးစက်ခံရသူဦးရေ ၃၄၉၁၁၃ ဦးရှိပြီး မေ ၂၂  ရက်တစ်ရက်တည်းမှာပင် ၁၀ဝ၁ ဦး သေ ဆုံးခဲ့ခြင်းကြောင့် မေ၂၄ ရက်တွင် သေဆုံးသူ စုစုပေါင်း ၂၂၁၆၅ ဦးအထိ မြင့်တက်လာ ပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက  ထုတ်ပြန်သည်။ ထို့ကြောင့် ဘရာဇီးနိုင်ငံ သည် ယခင်ကရောဂါပိုးကူးစက်မှု ဒုတိယအများဆုံးအဖြစ် ရပ်တည်နေသည့် ရုရှားကိုကျော်တက်၍ ကမ္ဘာပေါ်၌ ရောဂါပိုးကူးစက်မှု အများဆုံးဖြစ်ပွားနေသည့် အမေရိကန် ပြည်ထောင်စု၏ နောက်သို့  ရောက်ရှိလာခြင်းဖြစ်သည်။ တောင်အမေရိကတိုက်ရှိ    နိုင်ငံအများအပြား၊ အထူးသဖြင့်  ဘရာဇီး၌ ဖြစ်ပွားနေသည့် ရောဂါပိုးကူးစက် ပျံ့နှံ့မှုနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) မှ  အရေးပေါ်ဌာနဆိုင်ရာ ညွှန်ကြားရေးမှူး   မိုက်ရိုင်ယန်ကပြောထားသည်။

ရောဂါပိုးကူးစက်မှုများသည် ဆောင်ပေါင်လိုမြို့၌ အများဆုံးဖြစ်ပွားလျက်ရှိပြီး  အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ပြည်သူ များကို ထိရောက်စွာ စမ်းသပ်စစ်ဆေးနိုင်ခြင်း မရှိသောကြောင့် ရောဂါပိုးကူးစက်မှုနှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။ ထို့ကြောင့် နိုင်ငံအတွင်းရောဂါပိုး ကူးစက်ခံရသူနှင့် သေဆုံးသူအရေအတွက်မှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ ပိုမိုမြင့်တက်လာမည့်  အလားအလာရှိနေ သည်။

ထို့ပြင် နိုင်ငံအတွင်းဖြစ်ပွားနေသည့်  ရောဂါပိုးကူးစက်မှုကို     ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသောကြောင့်   သမ္မတ ဂျဲဘိုဆိုနာရိုမှာ ဝေဖန်ခံနေရသည်။  ကျန်းမာရေးအာဏာပိုင်များကိုလည်း ရောဂါ ပိုး ရှိ၊ မရှိ စစ်ဆေးရာတွင် နှေးကွေးမှုများရှိ နေသည်ဟု ဝေဖန်ခြင်းခံထားရသည်။

ရောဂါပိုးကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ၁၁ ရက် အတွင်းမှာပင် သေဆုံးသူဦးရေ နှစ်ဆခန့် မြင့်တက်လာခြင်းဖြစ်သည်။ နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှုကြောင့် သေဆုံးသူဦးရေသည် အစိုးရက တရားဝင် ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုမိုမြင့်မားနေဖွယ်ရှိသည့်အပြင် ရောဂါပိုးကူးစက်ပျံ့နှံ့မှု မြင့်တက်လာခြင်းသည် နိုင်ငံ၏ စီးပွားရေးအပေါ် ဆိုးကျိုးကိုဖြစ်ပေါ်စေလျက်ရှိသည်။

ဘရာဇီးအစိုးရသည် ရောဂါပိုးကူးစက် ခံထားရသော်လည်း ရောဂါမပြင်းထန်သည့် လူနာများကို ငှက်ဖျားပျောက်ဆေး များဖြစ်သည့် ကရိုလိုကွင်းနှင့် ဟိုင်ဒရောက်ဆီကရို လိုကွင်းဆေးများဖြင့် ကုသပေးရန်အကြံပြုထားသည်။ သို့ရာတွင် အဆိုပါငှက်ဖျား ပျောက်ဆေးများသည် COVID-19 ရောဂါ ပိုးကူးစက်မှုကို ကုသရာတွင် ထိရောက်မှုရှိသည်ဟူသော အထောက်အထားတစ်စုံ တစ်ရာရရှိထားခြင်းမရှိပေ။ အဆိုပါငှက် ဖျားပျောက်ဆေးများဖြင့် ကုသခြင်းခံရသည့် လူနာသည် ယင်းဆေးများဖြင့် ကုသခြင်းမခံရသည့်  တခြားလူနာများနှင့်နှိုင်းယှဉ်ပါက သေဆုံးမှုအများဆုံး ဖြစ်ပွားနိုင် သည်ဟု The Lancet ဆေးပညာဂျာနယ်က ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဖော်ပြ ခဲ့သည်။

ထို့ကြောင့်  အစိုးရအနေဖြင့်  နိုင်ငံအတွင်းဖြစ်ပွားနေသည့် ရောဂါပိုးကူးစက်မှုကို ထိရောက်စွာထိန်းချုပ်ရန် အရေးတကြီး လိုအပ်နေပြီး ထိုသို့ထိန်းချုပ်နိုင်ခြင်းမရှိပါက သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာမည့်  အလားအလာ ရှိနေသည်။

Ref: Aljazeera, ST

 

Read 42 times Last modified on Monday, 25 May 2020 10:16