SJ WorldNews - шаблон joomla Авто

ဟောင်ကောင်အတွက်ဥပဒေအသစ် အမျိုးသားလုံခြုံရေးအမှုများတွင် ပြည်ပတရားသူကြီးများ ပါဝင်မှု ကို တားမြစ်မည်

Wednesday, 27 May 2020 13:15 font size decrease font size decrease font size increase font size increase font size

 

 

 

ပေကျင်း၊ လုံခြုံရေး

 

ဟောင်ကောင်အထူးဒေသအတွက် တရုတ်အစိုးရကပြဋ္ဌာန်းပေးမည့် အမျိုးသားလုံခြုံရေး ဥပဒေအသစ် သည် ဟောင်ကောင်ဒေသ၏အမျိုးသားလုံခြုံရေးအမှုများတွင် ပြည်ပနိုင်ငံများမှ တရားသူကြီးများ ပါဝင်စီရင်မှုကို တားမြစ်မည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများကပြောသည်။

 

ဟောင်ကောင်ကို တရုတ်အစိုးရက လွှဲပြောင်းရယူသည့် ၁၉၉၇ ခုနှစ်မှစ၍ ယင်းဒေသကိုနိုင်ငံတကာ၏ ဘဏ္ဍာရေး အချက်အချာနေရာအဖြစ်   ခိုင်မြဲစေရေးအတွက် သဘောတူညီချက်တစ်ရပ်အနေဖြင့် ပြည်ပမှတရားသူကြီးများကို အဆိုပါဒေသရှိအမှုအခင်းများတွင် ပါဝင်ခွင့်ပြုထားရခြင်းဖြစ်သည်။

 

ဟောင်ကောင်ရှိ နောက်ဆုံးအယူခံတရားရုံး၌ တရားသူကြီး  ၂၃  ဦးရှိပြီး ၎င်းတို့အနက် ၁၅ ဦးမှာ ဗြိတိန်၊ ကနေဒါနှင့်သြစတြေးလျကဲ့သို့ ပြည်ပနိုင်ငံများမှဖြစ်သည်။

 

ထိုတရားသူကြီးများသည် တရားရုံး၏အမြဲတမ်းအဖွဲ့ဝင်များမဟုတ်ဘဲ အလှည့်ကျစနစ်ဖြင့် အမှုများကို ပါဝင်စီရင်ဆုံးဖြတ်ရခြင်းဖြစ်သည်။

 

ယခုပြဋ္ဌာန်းပေးမည့် ဥပဒေအသစ်သည် အဆိုပါတရားသူကြီးများကို ဟောင်ကောင်မှ နှင်ထုတ်မည် မဟုတ်ဘဲ အမျိုးသားလုံခြုံရေးကိစ္စရပ်များတွင် ပါဝင်စီရင်ဆုံးဖြတ်ခြင်းကိုသာ တားမြစ်မည်ဖြစ်ကာ အခြားအမှုအခင်းများတွင်ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များကပြောသည်။

 

တရုတ်အစိုးရသည် ဟောင်ကောင်ဒေသ၌ ခွဲထွက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်း၊ အကြမ်းဖက်ဝါဒနှင့် ပြည်ပ၏ဝင်ရောက်စွက်ဖက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်း ပေးမည်ဟု မေ ၂၁ ရက်တွင်ပြောထားသည်။

 

ပြီးခဲ့သည့်နှစ်တွင် ဟောင်ကောင်၌ဖြစ်ပွားသော အစိုးရဆန့်ကျင်ဆန္ဒပြမှုများတွင် ပြည်ပမှ ဝင်ရောက် စွက်ဖက်မှုများပါဝင်နေသည်ဟု    တရုတ်အစိုးရက သတ်မှတ်ပြီးနောက် ယခုကဲ့သို့ ဥပဒေအသစ်ကို ပြဋ္ဌာန်းပေးမည်ဟု  ထုတ်ပြန်ခြင်းဖြစ်ကြောင်း  သိရသည်။

 

Read 44 times Last modified on Wednesday, 27 May 2020 13:18