SJ WorldNews - шаблон joomla Авто

လူ့အခွင့်အရေးစံနှုန်းနှစ်မျိုးနဲ့ အမေရိကန်

Wednesday, 03 June 2020 12:23 font size decrease font size decrease font size increase font size increase font size

မေ ၂၅ ရက် ည ၈ နာရီလောက်မှာ ဂျော့ဖလွိုက်တစ်ယောက် ကုန်စုံဆိုင် တစ်ဆိုင်ကို ဝင်ပြီး စီးကရက်တစ်ဘူး ဝင်ဝယ်ပါတယ်။ ကျသင့်ငွေအတွက် ဒေါ်လာ ၂၀ တန် တစ်ရွက်ထုတ် ပေးလိုက်ချိန်မှာ ငွေကအတုဖြစ်နေတယ်ဆိုပြီး အရောင်းစာရေးက ရဲကို ခေါ်လိုက်ပါတယ်။

ရဲတွေရောက်လာချိန် ကားထဲမှာထိုင်နေတဲ့ ဂျော့ဖလွိုက်ကို ရဲတွေကဆွဲထုတ်ရာမှာ ရုန်းရင်း ဆန်ခတ် အနည်းငယ်ဖြစ်ပြီးမှသာ ရဲကသူ့ကို လက်ထိပ်ခတ်လိုက်နိုင်ပါတယ်။ အဲဒီနောက် သူ့ကို ရဲကားထဲထည့်ချိန်မှာ သူ့မှာ ပိတ်လှောင်မှုကို ကြောက်တတ်တဲ့ ရောဂါရှိတယ်ဆိုပြီး ပြောနေပါ သေးတယ်။

ပြီးတဲ့အခါမှာတော့ ဂျော့ဖလွိုက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားမှာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ဒဲရက်ရှော်ဗင်ရဲ့ လက်ချက်ကြောင့် ဂျော့ဖလွိုက်တစ်ယောက် မြေပြင်ပေါ်ကို ဝမ်းလျားမှောက်ကျ သွားပါတယ်။ အဲဒီအချိန်ကနေစပြီး ဒဲရက်ရှော်ဗင်ဟာ ဂျော့ဖလွိုက်ရဲ့ လည်ပင်းကို ဒူးနဲ့တစ်ချိန်လုံးထောက်ထားတာ ၈ မိနစ်နဲ့ ၄၆ စက္ကန့်ကြာ ပါတယ်။

ဒူးနဲ့ထောက်ခံထားရတဲ့ ဂျော့ဖလွိုက်ဟာ သူ့အနေနဲ့ အသက်ရှူကျပ်နေပြီဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုပါသေးတယ်။ အခုလိုလည်ပင်းကို ဒူးနဲ့ထောက်ခံထားရပြီး ၆ မိနစ် အကြာမှာတော့ ဂျော့ဖလွိုက်ဟာ မလှုပ်မယှက်ငြိမ်သက်သွားပါပြီ။ နောက်ပိုင်းမှာတော့ ဂျော့ဖလွိုက်ဟာ အကြောင်းမလှဘဲ သေဆုံးသွားပါတော့တယ်။ ဒီဖြစ်စဉ်ဟာ ယနေ့ အမေရိကန်နိုင်ငံ တစ်ဝန်းလုံးမှာသာမက ဥရောပနိုင်ငံအချို့မှာပါ အမေရိကန်အစိုးရရဲ့ လူ့အခွင့် အရေးအပေါ် ဆူပူဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်စေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။

တကယ်လို့ ဂျော့ဖလွိုက်တစ်ယောက်သာ လူဖြူဖြစ်ခဲ့မယ်ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေက အခုလိုမျိုး လူသေစေလောက်တဲ့ ပုံစံမျိုးနဲ့ ကိုင်တွယ်မှာလားဆိုတာ မေးစရာရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် အမေရိကန်နိုင်ငံမှာ လူဖြူ၊ လူမည်းခွဲခြားမှုက ယနေ့အချိန်အထိ မပျောက်သွားသေးဘဲ နာတာရှည်ရောဂါလို အရိုးစွဲနေတာကြောင့်ဖြစ်ပါတယ်။ အခု တော့ အမေရိကန်ရဲတပ်ဖွဲ့ဝင် တချို့ရဲ့ မသင့်လျော်တဲ့လုပ်ရပ်ကြောင့် အမေရိကန်တစ် နိုင်ငံလုံးမှာ ဆူပူအကြမ်းဖက် ဆန္ဒပြမှု တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား ခိုက်ရန်ဖြစ်ပွားမှုတွေ၊ ဆန္ဒပြမှုကိုဖြိုခွဲတဲ့ ရဲတပ်ဖွဲ့ ဝင်တွေရဲ့ လက်ချက်ကြောင့် လူသေဆုံးမှုတွေပါ ထပ်ဖြစ်လာပါတယ်။

ဒီအချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အပြုအမူနဲ့ ပြောစကားကြောင့် အမေရိကန် နိုင်ငံဟာ ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးသော ပြည်တွင်းပဋိပက္ခနဲ့ ရင်ဆိုင်ရတော့မယ့် အခြေအနေဖြစ်သွားပါတယ်။

ထရမ့်ပြောတာကတော့ ဝါရှင်တန်မြို့မှာဖြစ်နေတဲ့ ဆူပူအကြမ်းဖက် ဆန္ဒပြမှုတွေ ကိုဖြိုခွင်းဖို့ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သည်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ခိုင်းထား တယ်ဆိုတဲ့ စကားပဲဖြစ်ပါတယ်။

ဒါ့အပြင် တခြားပြည်နယ်တွေမှာလည်း သက်ဆိုင်ရာပြည်နယ် အစိုးရက ဆန္ဒပြမှုတွေကို  မနှိမ်နင်းနိုင်ဘူးဆိုရင် သူ့အနေနဲ့ အခုလိုမျိုးလုပ်သွားမယ်လို့ ဆိုထားပါသေးတယ်။

ထရမ့်က အိမ်ဖြူတော်အနီးမှာရှိတဲ့ ဘုရားရှိခိုးကျောင်းကို သွားဖို့အတွက် ရဲတပ်ဖွဲ့ဝင် တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်ဆန်တွေနဲ့ ပစ်ပြီးလမ်း ရှင်းပေးရပါတယ်။ ဒါဟာ ထရမ့်အနေနဲ့ အဲဒီဘုရားရှိခိုးကျောင်းကို သွားပြီး ဓာတ်ပုံရိုက် ဖို့အတွက်သာဖြစ်ပါတယ်။ ဒီအတွက်လည်း ထရမ့်ဟာ အတိုက်အခံတွေရဲ့ ဝေဖန်မှုကို ခံနေ ရပါသေးတယ်။ အခုဆိုရင် ဝါရှင်တန်ဒီစီမှာ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ထားပါတယ်။ တခြားပြည်နယ်တွေ၊ မြို့ကြီးတွေမှာလည်း အလားတူအမိန့်တွေကို ထုတ်ထားပါတယ်။

အမေရိကန်နိုင်ငံမှာ အခုလိုမျိုး ညမထွက်ရ အမိန့်ထုတ်ပြန်ရတဲ့အထိဖြစ်တဲ့ လူထု ဆူပူအုံကြွ မှုက ၁၉၆၈ ခုနှစ်မှာ မာတင်လူသာ ကင်းဂျူနီယာလုပ်ကြံခံရပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ အတွက် စစ်ဘက်ကို အသုံးမချခဲ့ရပါဘူး။

အခုတော့ ထရမ့်တစ်ယောက် ဆန္ဒပြမှုတွေကို ချေမှုန်းဖို့အတွက် စစ်ဘက်ကို အသုံးချပါ တော့မယ်။ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ မာ့မေလေးဦးဆောင်တဲ့ ကွပ်ကဲမှု ဗဟိုဌာနချုပ် ကိုလည်း ဖွဲ့စည်းဖို့ပြင်ဆင်နေပါတယ်။

မေ ၁ ရက်ညမှာဆိုရင်လည်း စစ်ဘက်မှ ဘလက်ဟော့ရဟတ်ယာဉ်တစ်စင်းအပါအဝင် ရဟတ်ယာဉ်တွေဟာ ဆန္ဒပြသူတွေအပေါ်မှာ အနိမ့်ပျံပြီး ရဟတ်ယာဉ်ရဲ့ ပန်ကာ ဒလက် လေအားနဲ့ ဆန္ဒပြမှုကို နှိမ်နင်းနေပါတယ်။

အမေရိကန်အစိုးရဟာ တခြားနိုင်ငံတွေမှာဖြစ်တဲ့ ဆန္ဒပြမှုတွေကို သက်ဆိုင်ရာ အစိုးရ တွေရဲ့ နှိမ်နင်းမှုအပေါ် အမြဲတမ်း လိုလို အပြစ်တင်ဝေဖန် ဝင်ရောက်စွက်ဖက်မှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ ထောက်ခံ၊ ထောက် ပံ့ခဲ့ပါသေးတယ်။ အနီးစပ်ဆုံး ကြည့်မယ်ဆိုရင် ဟောင်ကောင်ဆူပူအုံကြွဆန္ဒပြမှုကို    ဟောင်ကောင်ရဲတပ်ဖွဲ့က နှိမ်နင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုပြီး ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

အခုအချိန်မှာတော့ သူကိုယ်တိုင် အပြစ်တင်ဝေဖန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို သူကိုယ်တိုင်ကျူးလွန်တော့မယ့် အရိပ်အယောင်မြင်နေရပါတယ်။ ဒါ့အပြင် ထရမ့်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာအမြင်မှာ လူအများလှောင်ရယ်ဖွယ်ရာလည်း ဖြစ်နေပါတယ်။

ထရမ့်ရဲ့အခုလိုမျိုးလုပ်ရပ်ဟာ လူ့အခွင့်အရေးစံနှုန်း နှစ်မျိုးရှိတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒကို ကွက်ကွက်ကွင်းကွင်း မြင်သာစေပါတယ်။ အဲဒီစံနှုန်းနှစ်မျိုးကတော့ သူ့ပြည်တွင်းမှာ ဆန္ဒပြသူ တွေကို နှိမ်နင်းချင်သလို နှိမ်နင်းမယ်။ တခြားနိုင်ငံတွေမှာတော့ ဒီလို နှိမ်နင်းမှုဟာ လူ့အခွင့် အရေးကို ချိုးဖောက်တယ်ဆိုပြီး သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

Ref: SCMP, NY Times

ထက်မြတ်

Read 47 times Last modified on Wednesday, 03 June 2020 12:25