SJ WorldNews - шаблон joomla Авто

အမေရိကန်မှာ ဗိုင်းရပ်ကူးစက်မှု စဖြစ်ဖြစ်ချင်း ထရမ့်က ဘာကြောင့် ဂရုမစိုက်ခဲ့တာလဲ

Friday, 26 June 2020 09:33 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ကပ်ရောဂါကိုဖြစ်စေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုဟာ   ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းတုန်းက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတာပါ။

အဲဒီကနေမှ တရုတ်တစ်နိုင်ငံလုံးအပြင် ကမ္ဘာ့နိုင်ငံအသီးသီးကို ဗိုင်းရပ်ကူးစက်မှုက ပျံ့နှံ့သွားပါတယ်။ ဒီဗိုင်းရပ်ဟာ အမေရိကန်နိုင်ငံကို   ဒီနှစ်ဇန်နဝါရီလအစောပိုင်းမှာ ရောက်ရှိတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံကတော့ ဗိုင်းရပ်ကူးစက်မှုကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်လို့  အခုဆိုရင် ဒုတိယအကျော့လို့ခေါ်ရမယ့် ဗိုင်းရပ်ကူးစက်မှုတောင်မှ ပြန်ဖြစ်နေပါပြီ။

ဒါပေမဲ့ အမေရိကန် နိုင်ငံမှာတော့ အခုအချိန်အထိ ပထမအကျော့ဗိုင်းရပ် ကူးစက်မှုကိုတောင်မှ မထိန်းချုပ်နိုင်သေးပါဘူး။ ကမ္ဘာပေါ်မှာ ဗိုင်းရပ်ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲပါ။

တကယ်လို့သာ   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ ဗိုင်းရပ်ကူးစက်မှု စလျှင်စချင်း လိုအပ်တဲ့ထိန်းချုပ် ကန့်သတ်မှုတွေ လုပ်ခဲ့မယ်ဆိုရင်   ဒီနေ့လိုအဖြစ်မျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။

သို့ပေမယ့်လည်း ထရမ့်အနေနဲ့ လိုအပ်တဲ့ ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်ဖို့ပျက်ကွက်ခဲ့တာကြောင့်   ဘယ်သူမှ မရောက်ချင်တဲ့ ဒီနေ့လိုအဖြစ်မျိုးကို ရောက်လာရတာဖြစ်ပါတယ်။

ထရမ့်က လိုအပ်တဲ့ထိန်းချုပ် ကန့်သတ်မှုတွေ လုပ်ဖို့  ဘာကြောင့် ပျက်ကွက်ခဲ့တာလဲ။ အဲဒီရဲ့အဖြေကိုတော့ အိမ်ဖြူတော် ကိုယ်တွေ့မှတ်တမ်း  ဆိုတဲ့  စာအုပ်ကို ရေးသားထားတဲ့   အမေရိကန်အစိုးရရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်တန်က ပြောထားပါတယ်။

အိမ်ဖြူတော်ကိုယ်တွေ့မှတ်တမ်း ဆိုတဲ့ စာအုပ်ကို ဂျွန်ဘော်တန်က ဇွန် ၂၃ ရက်မှာ ဖြန့်ချိလိုက်တာပါ။ ဒီစာအုပ်ထဲမှာ ရေးထားတဲ့အကြောင်းတွေ အများစုကတော့ အမေရိကန်အစိုးရ အဖွဲ့အတွင်း  ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့  လုပ်ဆောင်မှု အကြောင်းတွေပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီစာအုပ်ဟာ အလုပ်ထုတ်ခံရလို့ မကျေမချမ်းဖြစ်နေတဲ့ ဝန်ထမ်းတစ်ဦးရဲ့ လုပ်ကြံဇာတ်လမ်းတွေသာ ဖြစ်တယ်လို့ ထရမ့်က အမည်ပေးထားပါတယ်။

အစောပိုင်းတုန်းက ဂျွန်ဘော်တန်အနေနဲ့ ဒီစာအုပ်ကိုမထုတ်နိုင်စေဖို့ အမေရိကန် အစိုးရဘက်က တရားစွဲပါတယ်။ အကြောင်းပြချက်ကတော့ အဲဒီစာအုပ်ထဲမှာ လျှို့ဝှက်သတင်းအချက်အလက်တွေ ပါဝင်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တရားရုံးကတော့  အစိုးရရဲ့တရားစွဲဆိုမှုကို ပယ်ချပြီး ဂျွန်ဘော်တန်ကို စာအုပ်ထုတ်ခွင့် ပေးလိုက်တာပါ။

ဇွန် ၂၄ ရက်မှာတော့ ဂျွန်ဘော်တန်ဟာ CNN သတင်းဌာနရဲ့တွေ့ဆုံမေးမြန်းမှုကို လက်ခံပြီး အမေရိကန်နိုင်ငံမှာ   ဗိုင်းရပ်ကူးစက်မှုစတင်ချိန် ထရမ့်အနေနဲ့ သမ္မတတစ်ယောက်လုပ်ရမယ့်   တာဝန်တွေကို ဘာကြောင့်ပျက်ကွက်ရလဲ ဆိုတာပြောသွားပါတယ်။

ထရမ့်ဟာ နိုင်ငံအတွင်းဗိုင်းရပ်ကူးစက်မှု စတင်ဖြစ်ပွားချိန်က သူ့ရဲ့မိတ်ဆွေလို့ သတ်မှတ်ထားတဲ့  တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့မကောင်းသတင်းတွေနဲ့ တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်မှု အဖြစ်မှန်ဖုံးကွယ်ထားမှုတွေကို မကြားချင်တဲ့အပြင်    သူသိပ်ကို မျှော်လင့်ထားတဲ့ တရုတ်နဲ့ကုန်သွယ်ရေး သဘောတူစာချုပ်အပေါ်  အကျိုးသက်ရောက် လာနိုင်မှုတို့ အတွက်ကြောင့် ဖြစ်တယ်လို့ ဂျွန်ဘော်တန်က တွေ့ဆုံမေးမြန်းခန်းမှာ ဖြေထားပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြစ်လာနိုင်တဲ့   အမေရိကန်စီးပွားရေးအပေါ် သက်ရောက်မှုနဲ့    သူကြံစည်ထားတဲ့ ရွေးကောက်ပွဲမှာ ပြန်အရွေးခံဖို့ကိစ္စအပေါ် သက်ရောက်မှုတို့ကို မကြားချင်တာကြောင့် နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်မှု စတင်ချိန်မှာ ထိထိရောက်ရောက်မကိုင်တွယ်ဘဲ လျစ်လျူရှုခဲ့တာဖြစ်တယ်လို့   ဂျွန်ဘော်တန်က ထောက်ပြထားပါတယ်။

ဒါတင်မကသေးပါဘူး။ ထရမ့်အနေနဲ့ ကမ္ဘာ့ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့လည်း မယုံကြည်ဘူးလို့ ဂျွန်ဘော်တန်ကဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီနှစ်ဇန်နဝါရီလကနေစပြီး ဖြစ်ပေါ်လာတဲ့ အစိုးရရဲ့ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတဲ့မူဝါဒတွေကြောင့်လို့လည်း သူက ဆက်ပြောပါတယ်။

နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ အကြောက်တရားတွေကို သူ့ရဲ့နိုင်ငံရေး ပြိုင်ဘက်တွေဖြစ် တဲ့ ဒီမိုကရက်တစ်တွေက  နောက်ပြောင် လိမ်လည်ဖန်တီးနေတာ ဖြစ်တယ်လို့ အမေရိကန်သမ္မတက အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီဗိုင်းရပ်ကိုလည်း   ရာသီတုပ်ကွေးရောဂါနဲ့ပင် နှိုင်းယှဉ်ပြီး ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်ဖို့အတွက် နှာခေါင်း စည်းတပ်ခြင်းဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သူ့အပေါ် တခြားသူတွေက တစ်မျိုးမြင်စေနိုင်တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

ဒါကြောင့်လည်း ဒီဗိုင်းရပ်ကူးစက်မှုနဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို အမေရိကန်ထောက်လှမ်းရေး အဖွဲ့တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်တင်ပြရာမှာ ဒေါ်နယ်ထရမ့်က သူတို့ရဲ့အစီရင်ခံစာတွေကို တစ်ချက်တောင်မကြည့်ဘူးလို့ ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ ထုတ်ဖော်ပြောဆိုတာတွေကို တွေ့ရတာပါ။

ထရမ့်ဟာ တကယ်တမ်းသာ ဂျွန်ဘော်တန်ပြောသလို လုပ်ခဲ့တယ်ဆိုရင်တော့ ဒါဟာသူမျှော်မှန်းထားတဲ့   နောက်တစ်ဆက် သမ္မတသက်တမ်းအတွက် အိပ်မက်ဆိုးဖြစ်မှာ အသေအချာပါပဲ။

Ref: Sputnik

ထက်မြက်

Read 31 times Last modified on Friday, 26 June 2020 09:36