SJ WorldNews - шаблон joomla Авто

ဗိုင်းရပ်နှင့်အတူနေထိုင်ခြင်း (၁)

Wednesday, 01 July 2020 09:37 font size decrease font size decrease font size increase font size increase font size

လက်ရှိဖြစ်ပွားနေတဲ့  နိုဗယ်ကိုရိုနာဗိုင်းရပ်ကိုတိုက်ထုတ်နိုင်ဖို့အတွက်  ဗိုင်းရပ်ကာကွယ်ဆေးက လာမယ့်နှစ်မှာ ရရှိမယ်လို့  ခန့်မှန်းထားပါတယ်။

အကယ်၍ ခန့်မှန်းထားတဲ့အတိုင်း ဗိုင်းရပ်ကာကွယ်ဆေး ရရှိခဲ့သည့်တိုင်အောင် လူတွေအနေနဲ့ ကမ္ဘာ့ကပ်ရောဂါမတိုင်မီက ရရှိထားတဲ့   ကိုယ်ခံအားအတိုင်း ပြန်လည်ရရှိနိုင်ဖို့ ဆိုတာ သိပ်ကိုမလွယ်ကူလှပါဘူး။

ဈေးသက်သာပြီး ထိရောက်မှုရှိတဲ့ ဗိုင်းရပ်ကာကွယ်ဆေးထွက်ပေါ်လာမှသာ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို အပြီးတိုင် တိုက်ထုတ်နိုင်မှာပါ။   ဒီလိုဆေးဝါးတွေ ထွက်ပေါ်လာဖို့ ဆိုတာကလည်း ချက်ချင်းကြီးတော့ ဖြစ်လာဦးမှာ မဟုတ်သေးပါဘူး။

ဒါကြောင့် မိမိတို့ဟာ လာမယ့် နှစ်ပေါင်းများစွာ အတွင်းမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်နဲ့အတူ အသက်ရှင်သန် နေထိုင်ရဦးမှာ ဖြစ်ပါတယ်။ ဥပမာပေးရရင်တော့ သာမန်အားဖြင့်  လူတွေမှာအဖြစ်များတဲ့ အအေးမိ၊ တုပ်ကွေး၊ အဆုတ်ရောင်ရောဂါတွေ ဖြစ်သလိုမျိုးကို ဖြစ်လာဦးမှာပါ။

ဒါပေမဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပြီ ဆိုရင်တော့ အအေးမိ၊ တုပ်ကွေး၊ အဆုတ်ရောင်ရောဂါဖြစ်တာထက်ကို  ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူလူချင်း ထိတွေ့ဆက်ဆံမှုတွေကို လျှော့ချနိုင်သလောက် လျှော့ချရပါတယ်။

ဒီလိုနေထိုင်ရမယ့် ပုံစံကလည်း နောက်ပိုင်းကျရင် အသားကျသွားမှာပါ။ ဒါကို ပုံမှန်နေထိုင်မှု ပုံစံအသစ်လို့ ခေါ်နိုင်ပါတယ်။ ပုံမှန်နေထိုင်မှုပုံစံ အသစ်နဲ့ နေထိုင်မှသာ အကြိမ်ကြိမ်ဗိုင်းရပ် ကူးစက်မှုကနေ ကျော်လွှားနိုင်မှာပါ။ ဒီလိုကျော်လွှားနိုင်ဖို့အတွက် ယေဘုယျအားဖြင့် လုပ်ဆောင်ရမယ့် အချက်(၁၀) ချက်ရှိပါတယ်။

၁။ အသွားအလာတားမြစ်ကန့်သတ်ခြင်း

တစ်နိုင်ငံလုံး ဒါမှမဟုတ် ဒေသတစ်ခုချင်းစီမှာ အသွားအလာတားမြစ် ကန့်သတ်ခြင်းဆိုတာ လက်ရှိတွေ့ကြုံနေရတဲ့ နေထိုင်မှုပုံစံဖြစ်ပါတယ်။

ဒီလိုအသွားအလာတား မြစ်ကန့်သတ်ခြင်း အားဖြင့် တစ်နေရာမှာ ဗိုင်းရပ်ကူးစက်မှု စတင်ဖြစ်ပွားပြီဆိုတာနဲ့ ဖြစ်တဲ့နေရာကို  အဓိက ပစ်မှတ်ထားပြီး လျင်လျင်မြန်မြန်နဲ့ တိတိကျကျ တုံ့ပြန်နိုင်မှာပါ။

ဒါ့အပြင် ဒီလို လုပ်ဆောင်ခြင်းအားဖြင့် မြို့တစ်မြို့ ဒါမှမဟုတ် အုပ်ချုပ်မှုဒေသတစ်ခု အတွင်းမှာ ဗိုင်းရပ်ကူးစက်မှု အသစ်ကို အချိန်မီထိန်းချုပ်နိုင်မှာ ဖြစ်တာကြောင့် ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက် ဆိုးဆိုးဝါးဝါး မမြင့်တက်လာစေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

တကယ်လို့ သတ်မှတ်အတိုင်းအတာ တစ်ခုအထိ ဗိုင်းရပ်ကူးစက်မှုကို   ထိန်းချုပ်နိုင်ပြီဆိုရင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူ တွေအနေနဲ့ အသွားအလာ တားမြစ်ကန့်သတ်မှုကို  ဖြေလျှော့ပေးနိုင်ပါတယ်။ ဒါကြောင့်   အသွားအလာ တားမြစ်ကန့်သတ်မှုဟာ ဗိုင်းရပ်ကူးစက်မှု အရေအတွက်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။

၂။ ဗိုင်းရပ်ကူးစက်မှုကို ခြေရာခံခြင်း

ဗိုင်းရပ်ကူးစက်မှုတစ်ခုဖြစ်ပြီ ဆိုတာနဲ့ ဘယ်နေရာကနေ စဖြစ်တာလဲ၊ အဲဒီနေရာကို ဘယ်သူတွေလာလဲ ဆိုတာကို မဖြစ်မနေခြေရာခံရမှာပါ။

ဒီလိုခြေရာခံမှသာ အဲဒီနေရာကို လာတဲ့သူတွေကို အချိန်မီဗိုင်းရပ် စစ်ဆေးမှုတွေလုပ်တာ၊  အသွားအလာ ကန့်သတ်မှုတွေ လုပ်တာ စတဲ့နည်းလမ်းတွေနဲ့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ဒီပုံစံက သိပ်ကိုအကျိုးရှိတယ်ဆိုတာ တရုတ်နိုင်ငံက သက်သေပြထားနိုင်ပါတယ်။ အဲဒီမှာဆိုရင် တစ်မြို့လုံးကို အသွားအလာတားမြစ် ကန့်သတ်တယ်။ ဒေသခံတွေအားလုံးကို ဗိုင်းရပ်ကူးစက်ခံထားရခြင်းရှိ၊ မရှိစစ်ဆေးတယ်။

ဗိုင်းရပ်ကူးစက်ခံထားရတယ်ဆိုရင် သီးသန့်ခွဲထားပြီး အမြန်ဆုံးကုသမှုပေးတယ်။ ဒါကြောင့် ဗိုင်းရပ်ကူးစက်မှုကို   မှန်မှန်ကန်ကန်နဲ့ အမြန်ဆုံးခြေရာခံနိုင်ခြင်းဟာ  သိပ်ကိုအရေးပါတဲ့ နည်းလမ်းဖြစ်ပါတယ်။

၃။ ဒေသတိုင်းမှာဗိုင်းရပ်စစ်ဆေးနိုင်ခြင်း

ပြည်နယ်တိုင်း ဒါမှမဟုတ် မြို့တိုင်းမှာ ဗိုင်းရပ်စစ်ဆေးမှုလုပ်နိုင်တဲ့ နေရာတွေ၊ စက်ပစ္စည်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အင်အားအပြည့်ရှိ ရပါမယ်။

ဒါမှသာ  ဝန်ထမ်းတွေက စက်ပစ္စည်းတွေကို သယ်ဆောင်ပြီး ဗိုင်းရပ်ကူးစက်မှု စတင်ဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး သွားရောက်စစ်ဆေးမှုတ ွေလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီလိုလုပ်ခြင်းဟာ  ဘာကြောင့်အရေးပါလဲဆိုရင် လက်ရှိဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမှာ ရောဂါလက္ခဏာပြတဲ့ ကူးစက်မှုထက် ရောဂါလက္ခဏာ မပြတဲ့ကူးစက်မှုက ပိုများပါတယ်။

ဗိုင်းရပ်စစ်ဆေး တွေ့ရှိသူတွေထဲက ၈၀ ရာခိုင်နှုန်းဟာ ဆိုရင်လည်း ပုံမှန်နှာစေး၊ ချောင်းဆိုးလိုမျိုး အသေးစား ရောဂါလက္ခဏာတွေသာ ပြတာပါ။

အကယ်၍ ဗိုင်းရပ်စစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဘူးဆိုရင် ဗိုင်းရပ်ကူးစက်ခံရသူ ဘယ်လောက်ရှိလဲဆိုတာကို တိတိကျကျ မသိနိုင်ပါဘူး။ ဒီလိုမသိနိုင်ရင် လူကြားထဲမှာ ဗိုင်းရပ်ကူးစက်ခံရသူတွေရှိနေတဲ့အတွက် ဒီဗိုင်းရပ်က ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။

ဒါကြောင့် ဗိုင်းရပ်ကူးစက်မှု စတင်ဖြစ်ပွားတဲ့နေရာကို  ကျန်းမာရေးဝန်ထမ်းတွေက  စက်ပစ္စည်းတွေနဲ့ တစ်ပါတည်း သွားရောက်ပြီး  ဗိုင်းရပ်စစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခြင်းဟာ ဗိုင်းရပ်ကို တိုက်ထုတ်ရေးအတွက် အလွန်အရေးပါတဲ့အချက်ဖြစ်ပါတယ်။

၄။ ဒေသတွင်း အစိုးရများတွင် တာဝန်ပိုရှိခြင်း

ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပြီဆိုရင် အဲဒါကို ထိန်းချုပ်နိုင်ဖို့အတွက် ဗဟိုအစိုးရထက် ဒေသတွင်းအစိုးရ အဖွဲ့တွေမှာ တာဝန်ပိုရှိပါတယ်။

ဗဟိုအစိုးရကလည်း လက်အောက်ခံအစိုးရအဖွဲ့တွေကို   လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးထားရပါမယ်။

ဒါ့အပြင် လိုအပ်တဲ့စက်ပစ္စည်းတွေ၊ လူအင်အားတွေကိုလည်း ထောက်ပံ့ပေးထားရပါတယ်။

ဒီအဆင့်မှာတော့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အလွန်ကို အရေးကြီးပါတယ်။ ပြည်သူတွေက   ကျန်းမာရေးပညာရှင်တွေရဲ့အကြံပြုချက်အရ လုပ်ဆောင်တဲ့ တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်မှုအပေါ်မှာ လိုက်ပါနိုင်ရမှာပါ။

ဒါမှသာ ဒေသတွင်းအစိုးရ အနေနဲ့ သူ့ဒေသအတွင်းမှာဖြစ်တဲ့ ဗိုင်းရပ်ကူးစက်မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာဖြစ်ပြီး တခြားဒေသတွေဆီကို ဗိုင်းရပ်ကူးစက်မှုမပျံ့နှံ့မှာဖြစ်ပါတယ်။

Ref: The Straits Times

Read 21 times Last modified on Wednesday, 01 July 2020 09:37