SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂၀၁၈) အစည်းအဝေးသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား

Saturday, 04 August 2018 10:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၁၈)အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ယင်းနောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ကျင်းပသည့် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးသည် ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ြပီး ဗဟိုကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၆ ခုနှစ်ကစပြီး နှစ်စဉ်ပုံမှန်ကျင်းပ ခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် လေးကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ရေတို၊ ရေရှည် အထောက်အကူပြုမည့် မောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် အလွန် ကျယ်ပြန့်ပြီး ကဏ္ဍပေါင်းစုံ အပေါ်တွင် သက်ရောက်မှုရှိသည့် အတွက် ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ကူညီပံ့ပိုးမှုသည် များစွာအရေးပါကြောင်း။ ကမ္ဘာလှည့်ခရီးသွားများအတွက် ဗီဇာလွယ်လင့်တကူ ရရှိရေး၊ လွယ်ကူချောမွေ့သည့် သယ်ယူပို့ဆောင်ရေး၊ အဆင်ပြေစွာတည်းခိုနေထိုင်စားသောက်ရေး၊ ဘေးအန္တရာယ် ကင်းရှင်းစွာသွားလာလည်ပတ်နိုင်ရေး စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှသာ လည်ပတ်ရန်ကောင်းသည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း။ World Travel and Tourism Council ၏ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေး တိုးတက်မှုသည် ၂၀၁၈ ခုနှစ်တွင် ဆက်လက်တည်ရှိ နေဦးမည်ဟု ခန့်မှန်းထားသည့်အတွက် Travel and Tourism လုပ်ငန်းသည်လည်း ပုံမှန်တိုးတက်နေဦးမည်ဟု မျှော်မှန်းထားကြကြောင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး ခရီးသွားလာသူပေါင်း ၁ ဒသမ ၆ ဘီလီယံခန့်ရှိလာပြီး ၎င်းတို့အနက် အရှေ့တောင်အာရှ နိုင်ငံများသို့ ၁၂၃ သန်းခန့် လာရောက်မည်ဟု ခန့်မှန်းထားသည့်အတွက် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အလားအလာသည် အကောင်းဘက်သို့ ဦးတည်နေသည်ဟု ယူဆရကြောင်း။ မြန်မာကို ကမ္ဘာက ပိုမိုသိရှိအောင် မြန်မာနိုင်ငံ၏ပုံရိပ်ကောင်းများကို International Community သို့ ရောက်ရှိပြန့်ပွားအောင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းရှိ အရေးပါသည့် ခရီးသွားပြပွဲများတွင် ပါဝင်ပြသရန် Target Marke အဖြစ် သတ်မှတ်ထားသည့် နိုင်ငံများတွင်ွ Road Show များပြုလုပ်ကြရန်၊ ခရီးသွားလုပ်ငန်းတွင် အရေးပါသည့် အဖွဲ့အစည်းများ မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက် လေ့လာရေး ခရီးစဉ်များစီစဉ်ရန်၊ Digital Marketing များအသုံးပြု၍ ဈေးကွက်ထိုးဖောက်ကြရန်၊ ဝန်ကြီးဌာနများတွင်ရှိသည့် Website များ တွင်လည်း Update ဖြစ်သည့်သတင်း အချက်အလက်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုမည့် သတင်းအချက်အလက်များကို ဖော်ပြပေးကြရန် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။ နိုင်ငံတော် အပိုင်းကလည်း အခြေအနေ အချိန်အခါပေါ် မူတည်ပြီး တတ်နိုင်သည့်အပိုင်းက ရန်ပုံငွေအထောက်အပံ့ အကူအညီပေးရန်ရှိပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အသင်းအဖွဲ့ များကလည်း မိမိတို့တတ်နိုင်သည့် ရန်ပုံငွေကြေး စုဆောင်းပြီး မြှင့်တင်ရေးလုပ်ငန်းများ၊ ဈေးကွက်ရှာဖွေရေးလုပ်ငန်းများ ကိုစုဖွဲ့ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အသင်းအဖွဲ့များအလိုက် တက်ညီလက်ညီ ဆောင်ရွက်ကြမှသာ ရည်မှန်းချက်ကိုပေါက် မြောက်နိုင်မည်ဖြစ်ကြောင်း။ မြန်မာနိုင်ငံကိုလာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ စတင်ရောက်ရှိလာသည်မှ ပြန်လည်ထွက်ခွာသည်အထိ အဆင်ပြေစွာ၊ စိတ်ချမ်းမြေ့စွာ သွားလာ လည်ပတ်နေထိုင်ရေးအတွက် နိုင်ငံအတွင်း ပြင်ဆင်ရမည့် လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးရန် အထူးလိုအပ်ကြောင်း။ ဧည့်သည်များတည်းခိုရာတွင် ဝန်ဆောင်မှု ကောင်းမွန်ရန်၊ ဟိုတယ်အခန်းခများ သင့်တင့်မျှတရန်၊ ပေးရသည့်ငွေကြေးနှင့် ရသည့် Service ထိုက်တန်ရန်လိုအပ်ကြောင်း၊ ခရီးစဉ်ဒေသများသို့ သွားရောက် လည်ပတ်သည့် အခါတွင်လည်း သန့်ရှင်းကောင်းမွန်သည့် အများသုံးသန့်စင်ခန်းများ လုံလောက်စွာ ထားရှိရန်၊ အမှိုက်သရိုက်များ ကင်းစင်ရန်၊ စားသောက်ဆိုင်များ သန့်ရှင်းကောင်းမွန်ရန်၊ ရောင်းချသည့်အစားအစာများ ကျန်းမာရေး နှင့်ညီညွတ်ရန်၊ ဒေသအလိုက် ရိုးရာအစားအစာများ ဖော်ထုတ်ရန်၊ ခရီးသွားဧည့်သည်များကို အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရန် ကိစ္စရပ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ အနေဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ကလည်း ပူးပေါင်းကူညီဆောင်ရွက်ရန်လိုကြောင်း။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှု အမွေအနှစ်များ၊ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များနှင့် အစားအစာများ၊ လည်ပတ်စရာများ၊ ဆွဲဆောင်မှုများသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် အရည်အသွေးရှိသည့် ခရီးစဉ်ဒေသ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ခရီးစဉ်ဒေသဖြစ်ရန် လိုကြောင်း၊ ခရီးသွားဧည့်သည်များ၏ သဘောထား အကြံပြုချက်များကို အထူးဂရုပြုပြီး လိုအပ်ချက်များ၊ အားနည်းချက်များကို ပြုပြင်ဖြည့်ဆည်းဆောင်ရွက်သွားမည်ဆိုပါက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း။ ဝန်ဆောင်မှုပေးရာတွင် ခေတ်နှင့်လျော် ညီသည့်နည်းစနစ်များကို အသုံးချရန်လိုအပ်ကြောင်း၊ ၎င်းစနစ်သစ်များကိုအသုံးပြုနိုင် ရန်အတွက် မိမိတို့နိုင်ငံအနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်လာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိုလာရောက်သည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များသည် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်းလာရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ဟုသိရကြောင်း၊ ဧည့်သည် လျော့ကျသွားသည့်နိုင်ငံများက ခရီးသွား ဧည့်သည်များ ပြန်လည်တိုးတက်လာရန် အတွက်လည်း စနစ်တကျ အစီအမံများချမှတ်ပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း။ ဂျပန်၊ ကိုရီးယား၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှခရီးသွား ဧည့်သည်များအတွက် ဗီဇာဖြေလျှော့ပေးသည့် အစီအစဉ်များ ဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် ကျန်အလားအလာ ရှိသည့်နိုင်ငံများ ကိုလည်း ဗီဇာဖြေလျှော့မှုများ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ပေးသွားမည် ဆိုပါက မြန်မာနိုင်ငံကို လာရောက် လည်ပတ်သည့် ဧည့်သည် ပိုမိုများပြား လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန်အတွက် အခြေခံ ကောင်းများရှိကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားမည် ဆိုပါက အမြန်ဆုံးဦးမော့လာမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူးဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကမ္ဘာလှည့် ခရီးသည် ရောက်ရှိမှု ၊ မြန်မာနိုင်ငံ ခရီးသွားလာရေး လုပ်ငန်းဥပဒေအသစ် ပြန်လည်ရေးဆွဲနေမှု၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီဇာဖြေလျှော့မှု၊ မိုးရာသီ ကာလခရီးသွား မြှင့်တင်ရေး ဆောင်ရွက်မည့် အစီအစဉ်နှင့် ဒေသတွင်းအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေးနှင့် ဦးစိုးဝင်းတို့က ဝန်ကြီးဌာနအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှတာဝန်ရှိသူများက ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှု အခြေအနေကို တင်ပြကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ရေး အတွက်ဆောင်ရွက်နေမှု၊ လက်ရှိခရီးသွား လုပ်ငန်းအခြေအနေ၊ ခရီးသွားဒေသများ ထိန်းသိမ်းထားရှိမှုများနှင့် ခရီးသွားများပိုမို စိတ်ဝင်စားမှုရှိလာစေရေး ဆောင်ရွက်နေမှု များနှင့် ဖြေလျှော့ဖြည့်ဆည်းဆောင်ရွက် ပေးမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် မြန်မာခရီးသွား လုပ်ငန်းအသင်း အဖွဲ့ဝင်များက ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များ၊ ဖြေလျှော့ပေးစေလိုသည့်လုပ်ငန်းစဉ်များကို အကြံပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ဒုတိယသမ္မတက တင်ပြချက် များနှင့်ပတ်သက်သည့် လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

Read 933 times Last modified on Saturday, 04 August 2018 10:24