Print this page

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အခြေခံပညာ အလယ်တန်းအဆင့်(သင်ရိုးသစ်) Grade-6 ခရိုင်အဆင့် ဆွေးနွေးပွဲ/ သင်တန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး

Wednesday, 22 May 2019 08:37 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ   ပျဉ်းမနားမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၌ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနက ဖွင့်လှစ်သင်ကြား ပို့ချလျက် ရှိသည့် နေပြည်တော် ဒက္ခိဏခရိုင်၏ အခြေခံပညာ အလယ်တန်းအဆင့်   (သင်ရိုးသစ်) Grade-6 ခရိုင်အဆင့် ဆွေးနွေးပွဲ/ သင်တန်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ Grade-6 သင်ရိုးသစ် သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ  ပျဉ်းမနားမြို့  အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက် ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာသင်ခန်းများအတွင်း ပြသထားသည့်  သင်ရိုးဟောင်း၊  သင်ရိုးသစ် သင်ထောက်ကူပစ္စည်းများနှင့်  ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များကို လိုက်လံကြည့်ရှုသည်။

ဆက်လက်၍ ဆရာ၊ ဆရာမများ(သင်ရိုး သစ်) Grade-6 ဘာသာရပ်အလိုက် သင်ကြား  ပို့ချနေမှုကို လိုက်လံကြည့်ရှု အားပေးသည်။

ယင်းနောက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သိပ္ပံနှင့်ကာယပညာ ဆရာမများ  ကိုယ်ကာယလေ့ကျင့်ခန်း ဆောင်ရွက်မှုကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က သင်တန်းသား ဆရာ၊ဆရာမများ အနေဖြင့် သင်ယူရာတွင် တော်ကြသည်ကို သိရှိကြောင်း၊ သင်ယူရာတွင် တော်ကြသကဲ့သို့  သင်ကြားရာတွင်လည်း  တော်ကြမည် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန်နှင့် ကျောင်းတွင် ပျော်ရွှင်အောင် မည်သို့ဆောင်ရွက်ရမည်ကို   စဉ်းစားရမည်ဖြစ်ကြောင်း၊ ကလေးများ ကျောင်းသွားရသည်ကို ပျော်မှသာ   ပညာတတ်များ ဖြစ်မည်ဖြစ်ကြောင်း၊

မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသေးကြောင်း၊ အဓိကမှာ ပညာရေးစနစ်ဖြစ်ကြောင်း၊ ပညာရေးစနစ် မှန်ကန်လျှင် အခြားနိုင်ငံများအား  ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများအား အခြားနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများထက် တစ်မူထူးပြီး တော်စေချင်ကြောင်း၊  ကျောင်းစာသာမက စာရိတ္တပိုင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုအပိုင်းတွင် တော်စေချင်ကြောင်း၊  မိမိတို့နိုင်ငံသားများ အတူပူးပေါင်းပြီး အစုအဖွဲ့အလိုက် ဆောင်ရွက်ရာတွင် တော်စေ ချင်ကြောင်း၊  မိမိတို့  လူမှုအသိုင်းအဝိုင်း ပျော်ရွှင်ရန်၊ တိုးတက်ရန် လုပ်ဆောင်ပေးနိုင်သည့်  ကလေးငယ်များကို  မွေးထုတ်ချင်ကြောင်း၊ အဓိကကျသည်မှာ ဆရာ၊ ဆရာမ များဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်   နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး၊ တာဝန် ရှိသူများ၊ သင်တန်းသား ဆရာ၊ ဆရာမများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံပညာ အလယ်တန်းအဆင့်(သင်ရိုးသစ်) Grade-6 ကို  လာမည့် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင်သင်ကြားနိုင်ရေး အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာ အလယ်တန်းအဆင့်သင် ဆရာ၊ဆရာမများအား   သင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ  ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ ဆရာ၊ ဆရာမ ၈၁၄ ဦးအား ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ လယ်ဝေး မြို့နယ်မှ  ဆရာ၊ ဆရာမ ၇၅၃ ဦးတို့အား လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ လည်းကောင်း သင်တန်းများဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိပြီး  သင်တန်းများတွင် ကိုယ်ပိုင်ကျောင်းများမှ လေ့လာသူ ၂၆ ဦး လာရောက်လေ့လာ သင်ကြားလျက်ရှိကာ သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ် ကြာမြင့်မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးတွင် သင်ရိုးသစ် မူလတန်းအဆင့် KG တန်းကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် လည်းကောင်း၊ Grade-1ကို ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် လည်းကောင်း၊ Grade-2 ကို ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် လည်းကောင်း၊  သင်တန်းများ သင်ကြားပို့ချခဲ့ပြီး သင်ရိုးသစ် Grade-3 နှင့်  အလယ်တန်းအဆင့် သင်ရိုးသစ် Grade-6 ကို ၂ဝ၁၉- ၂ဝ၂ဝ  ပညာသင်နှစ်တွင်လည်းကောင်း သင်ကြားပို့ချလျက်ရှိသည်။

ယခင်က  သင်ရိုးဟောင်းတွင်  သင်ရိုးဘာသာဖြစ်သည့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊  ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်တို့ကို သင်ရိုးအဖြစ် သတ်မှတ်သင်ကြားပြီး ကာယ၊ ပန်းချီ၊ ဂီတ၊ သက်မွေး၊ စာရိတ္တနှင့် ပြည်သူ့ နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တို့ကို  တွဲဖက်သင်ရိုးအဖြစ် သင်ကြားပေးခဲ့ရာမှ  ယခုသင်ရိုးသစ်တွင်  ကာယ၊ ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝ တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တို့ကိုပါ  သင်ရိုးအဖြစ်  သတ်မှတ်သင်ကြားလျက်ရှိကြောင်း၊ သင်ရိုးသစ်ဖြင့် သင်ကြားခြင်းအားဖြင့်  ကျောင်းသား၊  ကျောင်းသူများအား စည်းကမ်းလိုက်နာမှု ပိုမိုမြင့်မားလာခြင်း၊  နိုင်ငံချစ်စိတ် တိုးတက်လာခြင်း၊  ပူးပေါင်း ဆောင်ရွက်တတ်လာခြင်း၊ တန်းတူညီမျှမှု စိတ်ဓာတ်ရှိလာခြင်း၊ တီထွင်ကြံဆမှုနှင့် စဉ်းစားတွေးခေါ်မှုများ ပိုမိုတိုးတက်လာခြင်းတို့ ရရှိလာမည်ဖြစ်ကြောင်း၊ ယခုသင်တန်း များတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းအုပ်များအား သင်ရိုးသစ်များ အပြင် ခေါင်းဆောင်မှု အတတ်ပညာကိုလည်း ထည့်သွင်းသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။                      

(သတင်းစဉ်)

Read 311 times Last modified on Wednesday, 22 May 2019 08:39