SJ WorldNews - шаблон joomla Авто

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ထာဝရ ငြိမ်းချမ်းရေး စေတီတော်မြတ်ကြီးအတွက် ငွေကျပ်သိန်း ၁ဝဝဝ လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

Tuesday, 25 June 2019 08:37 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော်သမ္မတ   ဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့သည် ယနေ့နံနက် ၉ နာရီတွင်  နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင် ရပ်ကွက်ရှိ ''အေးမေတ္တာစံ''တောင်နီလေး ပရဟိတကျောင်းတိုက်၌ကျင်းပသည့် ''အေးမေတ္တာစံ'' တောင်နီလေး ပရဟိတ ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ ဝိဇာတမွေးနေ့မင်္ဂလာတွင် ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီးအတွက် ငွေကျပ်သိန်း ၁ဝဝဝ လှူဒါန်းပွဲ အခမ်းအနားသို့ တက် ရောက် ကြည်ညိုကြသည်။

အခမ်းအနားသို့  ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ စက်ရုံကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသာသနနှင့်   နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသောဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး  နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးကြည်မင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင် ဒါယကာ ဒါယိကာမများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဧည့်ပရိသတ်များက  ပဲခူးတိုင်းဒေသကြီးရေတာရှည်မြို့နယ် ဆွာမြို့ စက်ရုံ ကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာသနထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော် မူသောမေတ္တသုတ် ပရိတ်တရားတော်တို့ကို နာယူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ဧည့်ပရိသတ်များက အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့်  ဆရာတော် သံဃာတော်များအား  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ''အေးမေတ္တာစံ'' တောင်နီလေး ပရဟိတကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာက ထာဝရ ငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးအတွက် ငွေကျပ်သိန်း ၁ဝဝဝ ကိုပေးအပ်လှူဒါန်းရာ နိုင်ငံတော် သမ္မတက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်သည်။

ဆက်လက်၍    နိုင်ငံတော်သမ္မတက ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီးအတွက် ငွေကျပ်သိန်း ၁ဝဝဝ ကို ထာဝရ ငြိမ်းချမ်းရေး စေတီတော်တည်ဆောက်ရေး ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးကြည်မင်းထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်ပရိသတ်များက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာ ဒိစ္စဝံသထံမှ အနုမောဒနာတရားနာကြား ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းလောင်းအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုနှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော် များအားနေ့ ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

(သတင်းစဉ်)

 

 

 

Read 252 times Last modified on Tuesday, 25 June 2019 08:39