SJ WorldNews - шаблон joomla Авто

AA၊ TNLA၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက အများပြည်သူအသုံးပြုလျက်ရှိသည့် တံတားများအား မိုင်းခွဲဖျက်ဆီး၊ အပြစ်မဲ့ဒေသခံပြည်သူများ၏ နေအိမ် အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Saturday, 17 August 2019 22:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၁၇

AATNLAMNDAA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် သြဂုတ် ၁၆ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ နယ်မြေခံ တပ်ဌာနချုပ်တစ်ခုအား RPG ဖြင့်  ၃ ချက် လာရောက်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ထို့အပြင် သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်အတွင်း နမ့်လပ်- ကွမ်းလုံ ကားလမ်း၏ အနောက် တောင်ဘက်ရှိ (၄၁)မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်) အား နံနက် ၃ နာရီခွဲခန့်တွင် လည်းကောင်း၊ သိန်းနီ-နမ့်ဆလပ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ် အမျိုးအစား မန်တုံစွန် တံတားအား နံနက် ၄ နာရီ ခွဲခန့်တွင်လည်းကောင်း မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် (၄၁)မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်) တံတားမှာ ထက်ပိုင်းကျိုးကျပျက်စီးပြီး မန်တုံစွန်တံတားမှာ ကြမ်းခင်းပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်သွားသည်။ ထို့အပြင်  ယနေ့နံနက်ပိုင်းတွင် ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ်ဒေသ တစ်ဝိုက်၌လည်း လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့သည်။

နေ့လယ်ပိုင်းတွင် လားရှိုးမြို့အား တိုက်ခိုက်ရန် မြို့၏အရှေ့မြောက်ဘက် ကုန်းဆာဘက်မှ ချဉ်းကပ် လာသော သောင်းကျန်းသူအဖွဲ့ အင်အား ၂၀၀ ဦးခန့်အား  တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ခဲ့၍ သောင်းကျန်းသူများ အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားသည်။ ထို့အပြင် လားရှိုး-သိန်းနီ-ကွတ်ခိုင်-(၁၀၅)မိုင် ပြည်ထောင်စုကားလမ်းမကြီး တစ်လျှောက်၌ လုံခြုံရေး ဆောင်ရွက်နေသော   တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ခန့် ဆက်လက် ဖြစ်ပွားခဲ့သည်။

ထို့အပြင် မူဆယ်ဘက်မှ နမ့်ဖတ်ကာဘက်သို့ မသင်္ကာဖွယ်ရာ လူ ၂ ဦး မောင်းနှင်လာသော ဆိုင်ကယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နမ့်အွန်ကျေးရွာအနီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ နမ့်ဖတ်ကာမြို့ အား အလစ်အငိုက်ပစ်ခတ်ရန် လာရောက်သည့် TNLA  သောင်းကျန်းသူ ၁ ဦး၊  RPG ၁ လက်နှင့် ဒုံးသီး ၁ လုံး ရရှိခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၏ မြောက်ဘက် ပန်ဟက်ကျေးရွာအနီးရှိ တိမ်ဖြူဓာတ်ဆီဆိုင်နှင့် လားရှိုးမြို့၊ (၁၂)ရပ်ကွက် အတွင်းရှိ နေအိမ်များဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တိမ်ဖြူဓာတ်ဆီဆိုင်မှာ မီးလောင်ပျက်စီးသွားခဲ့ပြီး (၁၂)ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ လက်နက်ကြီးကျည် ထိမှန်မှု များရှိခဲ့သည်။ ၎င်းအပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လားရှိုးမြို့မှ ပရဟိတလူမှုရေးအသင်း၊ ကြက်ခြေနီယာဉ်အား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ယာဉ်ပျက်စီး၍ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

AATNLAMNDAA အကြမ်းဖက်သောင်းကျန်းသူများသည် ယခုကဲ့သို့   လူနေရပ်ကွက်များ၊ အရပ်ဘက်ပစ်မှတ်များ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များအား အကြောင်းမဲ့ ပစ်ခတ်ခြင်း တိုက်ခိုက်ခြင်း၊ လမ်း/တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းသည် စစ်ရာဇ၀တ်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် အဆိုပါဒေသများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေစိုးမိုးရေး တို့အတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Read 138 times Last modified on Monday, 19 August 2019 09:57