SJ WorldNews - шаблон joomla Авто

H1N1 ကြောင့် သေဆုံးသူ ၁၁၄ ဦးထိ ရှိလာ

Friday, 20 September 2019 10:10 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၉

နိုင်ငံတစ်ဝန်း၌ ရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09 ဖြစ်ပွားမှုကြောင့် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ သေဆုံးသူ ၁၁၄ ဦး ရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏  ဓာတ်ခွဲအတည်ပြု သေဆုံးစာရင်းများအရ  သိရသည်။

ရာသီတုပ်ကွေးရောဂါ A(H1N1) pdm ကြောင့် စက်တင်ဘာ ၁၃ ရက်အထိ သေဆုံးသူ ၁၁၂ ဦးရှိခဲ့ရာ စက်တင်ဘာ ၁၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တစ်ဦး ထပ်မံသေဆုံးခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၁၁၄ ဦးအထိ  ရှိလာခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ရာသီတုပ်ကွေး ရောဂါ A(H1N1) pdm 09 ကြောင့် သေဆုံးမှုများ ဖြစ်ပေါ်နေပြီး ယနေ့အချိန်အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ပိုးတွေ့လူနာ ၂၈၉ ဦးရှိကာ သေဆုံးသူ ၆၈ ဦးထိ ရှိနေကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ သေဆုံးသူ ၄၆ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09ကြောင့် စက်တင်ဘာ ၁၇ ရက်အထိ သံသယဖြင့် ဓာတ်ခွဲစစ်ဆေးသူ ၁၇၁၉ ဦး ထိရှိလာပြီး ပိုးတွေ့လူနာ ၇၃၆ ဦး ရှိလာကာ ယခင်ထက်ပိုမို များပြားလာကြောင်း သိရသည်။

ရောဂါဖြစ်ပွားနှုန်း အနေဖြင့် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၇ ရက် အထိ အသက် ၁၅ နှစ်မှ ၆၅ နှစ်အကြား ၅၈ ရာခိုင်နှုန်း၊  အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ၁၄ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ် အထက်တွင် ၉ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်း ၁၂ ရာခိုင်နှုန်း၊  အသက်တစ်နှစ်အောက်တွင် ၇ ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ၏ ဓာတ်ခွဲအတည်ပြုချက်အရ သိရ သည်။               

Read 81 times Last modified on Friday, 20 September 2019 10:18