SJ WorldNews - шаблон joomla Авто

(၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Sunday, 22 September 2019 10:47 font size decrease font size decrease font size increase font size increase font size

နန်နင်း  စက်တင်ဘာ  ၂၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  ဒုတိယသမ္မတ ဦးမြင့်ဆွေသည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင်  နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၆)ကြိမ်မြောက် တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် ဒုတိယ ဝန်ကြီးချုပ် Mr. Han Zheng အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဒုတိယ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊  ယခုနှစ်အတွက် အထူးမိတ်ဖက်နိုင်ငံဖြစ်သည့်  ပိုလန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Marcin Ociepa ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  အမြဲတမ်း အတွင်းဝန် ဦးအောင်စိုး၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်  ဦးစိုးသက်နောင်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိ ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ် ပါတီ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကော်မတီအတွင်းရေးမှူး Mr. Lu Xinshe ၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Yu Jinanhua နှင့် တရုတ်အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ (CCPIT) ဥက္ကဋ္ဌ Ms.Gao Yan တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ  ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီအဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် Mr. Han Zheng က အဖွင့်မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ်ဖြစ်သည့်  ပင်လယ်ရေကြောင်းဆိုင်ရာ ညှိနှိုင်းရေးမှူး ဝန်ကြီး Mr. Lahut Binsar Panddjaitan က မိန့်ခွန်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ က မိန့်ခွန်းပြောကြားရာတွင် မိမိတို့ဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄ဝ ကျော်ကာလ တစ်လျှောက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို မကြုံစဖူး ခံစားရရှိလျက်ရှိကြောင်း၊ အာဆီယံနှင့် အာရှဒေသတွင်းတွင် ယခုကဲ့သို့ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုများကြောင့် ယခင်ကဖြစ်နိုင်မည်ဟု မစဉ်းစားခဲ့ဘူးသည့်  ကုန်သွယ်မှု ဆက်ဆံရေး အစီအစဉ်သစ်များနှင့်  နည်းပညာဖန်တီးမှု အသစ်များကို ပေါ်ထွန်းစေခဲ့သည့် အပြင် ပြည်သူများ၊ ကုန် စည်များ၊ ဝန်ဆောင်မှုများ၊ အရင်းအနှီးများနှင့် အကြံဉာဏ်များ ကူးလူးသွားလာဆက် နွှယ်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း။

ယခုလိုဒေသ ဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ စီးပွားရေး အလျင် အမြန်ဖွံ့ဖြိုးမှု၊ ဒေသတွင်း ပေါင်းစည်းမှုနှင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုသည် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးပြီး ပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုဘဝ ပိုမိုတိုးတက်မြင့်မားလာစေသည့် အတွက် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင်ရှိသည့် သန်းပေါင်းများစွာသော ပြည်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ငြိမ်းချမ်းသည့် ဖွံ့ဖြိုးတိုးတက်မှုက အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် အာဆီယံ၏ အရေးအပါ ဆုံး ကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ အာဆီယံတွင် အများဆုံး ရင်းနှီးမြှုပ်နှံလျက် ရှိသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ ''အာဆီယံ- တရုတ် လွတ်လပ်သော ကုန်သွယ်ရေးသဘော တူစာချုပ်''နှင့် မကြာသေးမီက ချုပ်ဆိုလိုက် သည့် ''အာဆီယံ-ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ်''တို့သည် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏   ကုန်သွယ်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေကြောင်း။

မိမိတို့အနေဖြင့်  ယခုလို အပြုသဘောဆောင်သည့် အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းသွားရန် လိုအပ်သကဲ့သို့ မိမိတို့၏  ရည်မှန်းချက်ဖြစ်သည့် ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်ဖက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ထရီလီယံနှင့် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၅ဝ ဘီလီယံပြည့်မီစေရန် နှစ်ဆ တိုးကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြား စီးပွားကုန်သွယ်မှု ဆက်ဆံရေး တိုးတက်လာသည်နှင့် အမျှ မြန်မာနှင့်တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်မှု သည်လည်း တိုးတက်လျက် ရှိကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးအပါဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သကဲ့သို့ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိ သည့် နိုင်ငံလည်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လာမည့်နှစ်များတွင်လည်း နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

အားလုံးသိကြပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းသစ်က တရုတ်စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် ဒေသတွင်းနှင့်  နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးလျက် ရှိကြောင်း၊ မိမိတို့၏ရင်းနှီး မြှုပ်နှံမှု ဥပဒေအသစ်သည်  ပိုမိုလွတ်လပ် ပွင့်လင်းပြီး  ရင်းနှီးမြှုပ်နှံသူ အားလုံးနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမို အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း။

ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာသည် ကမ္ဘာ့အရှေ့ပိုင်း ဒေသများဆီကို ရွေ့လျားနေသည့် ကာလတွင် မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရ အရေးပါသည့်နေရာတွင် တည်ရှိပြီး သင့်တင့်မျှတသည့် လုပ်အားခနှင့် သင်ယူတတ်မြောက်လွယ်သည့် လုပ်သားအင်အားစု များစွာ ပိုင်ဆိုင်ထားသည့်အတွက် ယင်းအခွင့်အလမ်းကောင်းများကို အမိအရ ဆုပ်ကိုင်ရန် အခွင့်အခါ အကောင်းဆုံးအချိန်ပင်ဖြစ်ကြောင်း။

အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အဆိုပြုသည့် အစီအစဉ်များ၊ အထူးသဖြင့် Blue Economy နှင့် အဆင့်မြင့်မြို့တော်တို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ-တရုတ် လူငယ် ခေါင်းဆောင်များအတွက် ပညာသင်ဆု အစီအစဉ်၊ ၂ဝ၁၉ ခုနှစ်ကို သတင်းမီဒီယာ ဖလှယ်ရေးနှစ်အဖြစ် သတ်မှတ်ခြင်းနှင့် ၂ဝ၂ဝ ပြည့်နှစ်ကို အာဆီယံ-တရုတ် ဒစ်ဂျစ်တယ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှစ်အဖြစ် သတ်မှတ်မည့် အစီအစဉ် စသည်တို့ကို မြန်မာနိုင်ငံ အနေဖြင့် ထောက်ခံကြိုဆိုကြောင်း၊ ထို့ပြင် တရုတ်-အာဆီယံ စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုကို တိုးမြှင့်ပေးမည့် လက်ရှိ အစီအစဉ်များကိုလည်း မြန်မာနိုင်ငံအနေဖြင့် ထောက်ခံကြောင်း ပြောကြားလိုကြောင်း။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက် ပြုမှု အစီအစဉ်၏ ''လုပ်ငန်းစီမံချက်(၃)''နှင့် ''အာဆီယံပေါင်းစည်း ဆက်သွယ်မှု မဟာစီမံကိန်း-၂ဝ၂၅'' ကြိုးပမ်းမှုနှင့်   ''အာဆီယံပေါင်းစည်းမှု လုပ်ငန်းစဉ်''တို့ကို ဆက်လက်ကူညီ ပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း။

မိမိတို့အနေဖြင့် တရုတ်ပြည်သူသမ္မတ နိုင်ငံနှင့် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာအောက်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း။

(၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွက် ''တူညီအနာဂတ် ဖော်ဆောင်ဖို့ရပ်ဝန်းနဲ့   ပိုးလမ်းမလမ်းကြောင်း ထူထောင်စို့'' ဆိုသည့် ဆောင်ပုဒ်ကို ရွေးချယ်သတ်မှတ်ခြင်းသည် အချိန်ကိုက်ဖြစ်ပြီး လျော်ကန် သင့်မြတ်မှုရှိကြောင်း။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် ကုန်သွယ်မှုမြှင့်တင်ရန်နှင့်  ဒေသတွင်းနိုင်ငံများ အကြားထိတွေ့ဆက်ဆံမှုတိုးမြှင့်ရန်တို့ အတွက် အခွင့်အလမ်းများကို ဖော်ဆောင်ပေးမည့် ကောင်းမွန်သည့်   အခြေခံ အဆောက်အဦနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ အထောက်အပံ့များကို ဖြည့်ဆည်းပေးနိုင်မည်ဟု  ယုံကြည်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ''မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ''၊ ''မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်''၊ ''ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်   အထူး စီးပွားရေးဇုန်''၊ ''မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်''များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အတူတကွ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို ပူးပေါင်းဆောင်ရွက်ရာတွင် စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှုရှိပြီး လူမှုရေးအရ တာဝန်ယူမှုရှိကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို  မထိခိုက်စေဘဲ ဒေသခံပြည်သူများကို အကျိုးပြုစေရန်အတွက် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် အစီအစဉ်များနှင့် ဦးစားပေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့အနေဖြင့် အာဆီယံ၏ ''ပေါင်းစည်းဆက်သွယ်မှု မဟာစီမံကိန်း ၂ဝ၂၅'' နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ''ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း''တို့၏ ဦးစားပေး လုပ်ငန်းများအကြား ဟန်ချက်ညီပြီး သဟဇာတဖြစ်စေရန်အတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Hor Namhong ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr.  Sonexay Siphandone ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး   Mr. Jurin Laksanavisit နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Vu Duc Dam တို့က   မိန့်ခွန်း ပြောကြားကြသည်။

ထို့နောက် တရုတ်နှင့် အာဆီယံနိုင်ငံများရှိ မီဒီယာ ကိုယ်စားလှယ်များက ASEAN-China TV Week တရားဝင်ဖွင့်လှစ်သည့် အစီအစဉ်ကို ကျင်းပသည်။

ယင်းနောက် ယခုနှစ်အတွက် အထူးမိတ်ဖက်နိုင်ငံဖြစ်သည့် ပိုလန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Mr. Marcin Ociepa ၊  Asian Infrastructure Investment Bank (AIIB) ဥက္ကဋ္ဌနှင့် Xiaomi  ကုမ္ပဏီ ဥက္ကဋ္ဌတို့က   မိန့်ခွန်းများ ပြောကြားကြပြီး ဖွင့်ပွဲ အခမ်းအနားသို့  တက်ရောက်လာကြသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အကြီးအကဲများက (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ လိယွမ်အစိုးရ ဧည့်ဂေဟာသို့ ရောက်ရှိပြီး  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတင်းမီဒီယာများ ဖြစ်ကြသည့် People 's Daily ၊  Xinhua News Agency ၊ China Global Television Network (CGTN)၊ China Central Television (CCTV) International Online ၊ China News Service၊ China Daily၊ Guangxi Daily၊ Guangxi Television Station နှင့် China-ASEAN Panorama Magazine တို့မှ သတင်းမီဒီယာ သမားများအား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် သတင်းမီဒီယာသမားများက မေးမြန်းသည့် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး အပြန်အလှန်ဖလှယ် လုပ်ဆောင်မှုရလဒ်၊ တရုတ်-မြန်မာစီးပွားရေး စင်္ကြံတစ်လျှောက် စီမံကိန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အတွက် အစည်းအဝေးများ ကျင်းပခဲ့မှုနှင့် မြန်မာနိုင်ငံ အနေဖြင့် ရရှိခဲ့သည့်ရလဒ်များ၊ CAEXPO တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား   နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းတို့တွင် ပါဝင်ပတ်သက်မှုနှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်မှုအခန်းကဏ္ဍစသည့် မေးခွန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက်   ဒုတိယသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မတီ အမြဲတမ်းကော်မတီဝင်နှင့် နိုင်ငံရေးနှင့်  ဥပဒေရေးရာ ကော်မတီ အတွင်းရေးမှူးံ. H.E.Mr.Huang Shiyong လိုက်ပါလျက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် Guangxi Academy of Agri-cultural Sciences သို့ရောက်ရှိရာ စိုက်ပျိုးရေး သုတေသနပျိုးဥယျာဉ်ဌာန   ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Tan Hongwei  နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် Guangxi   Academy  of  Agri-cultural Sciences အတွင်း ခေတ်မီစိုက်ပျိုးရေး သုတေသနများ ပြုလုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်  Guangxi   Aca-demy of Agricultural Sciences ရှိ ပြခန်းအတွင်း    လှည့်လည်ကြည့်ရှု လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် နန်နင်းမြို့အခြေစိုက် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသို့ ရောက်ရှိပြီး ကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်နှင့် ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ပညာတော်သင် ရောက်ရှိနေကြသော  ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

(၅ဝဝ)

Read 74 times Last modified on Sunday, 22 September 2019 10:50