SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Tachikawa တပ်စခန်းသို့လေ့လာ၊ Jindaiji ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညို

Thursday, 10 October 2019 23:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ အောက်တိုဘာ - ၁၀             

ဂျပန်နိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင်  တိုကျိုမြို့အနောက်ပိုင်းရှိ Tachikawa တပ်စခန်းနှင့် Jindaiji ဘုန်းတော်ကြီး ကျောင်းများသို့ သွား ရောက် လေ့လာကြသည်။ 

              

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့၏ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးတပ်ဌာနချုပ် ဖြစ်သည့် Tachikawa တပ်စခန်းသို့ရောက်ရှိကြရာ Tachikawa တပ်စခန်းမှ တပ်မှူး Colonel YOSHIURA နှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြပြီး ရှင်းလင်းဆောင်၌ တပ်စခန်း ဆိုင်ရာသမိုင်းအကျဉ်းနှင့် လုံခြုံရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ များ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဆိုင်ရာ လေ့ကျင့်ဆောင်ရွက်နေမှု များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံ၏ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် ရဟတ်ယာဉ်များ၊ တပ်စခန်းအတွင်း လုံခြုံရေးနှင့် သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး တို့အတွက် အသင့်စုဖွဲ့ထားရှိသည့် ရဟတ်ယာဉ်များနှင့် လေကြောင်း လုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှု လေ့လာကြပြီး တပ်စခန်း ဌာနချုပ်မှ YOKOHAMA မြို့ ဆိပ်ကမ်းအထိ ဂျပန်တပ်မတော် ရဟတ်ယာဉ်များ စီးနင်း၍ ဝေဟင်မှကြည့်ရှု လေ့လာကြသည်။ 

    

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား Tachikawa တပ်စခန်းမှ တပ်မှူး Colonel YOSHIURA က တပ်စခန်းစားရိပ်သာတွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နေ့လည်စာသုံးဆောင် အပြီး တွင် ဧည့်ခန်းမ၌ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုကျိုမြို့ ဆင်ခြေဖုံးဒေသရှိ သမိုင်းဝင် ဗုဒ္ဓ ဘာသာ ဘုရားကျောင်းဖြစ်သည့် Jindaiji ဘုန်းတော် ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှု ဖူးမြော်ကြည်ညိုသည်။ ဦးစွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များက ဆုတောင်းမှုများ ပြုလုပ် ပေးကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက နာယူခဲ့ကြသည်။ ယင်းနောက် ကျောင်းထိုင်ဘုန်းတော်ကြီး Mr. Chodo Kanshun က ဘုရားကျောင်း သမိုင်းအကျဉ်းအား ရှင်းလင်းမိန့် ကြားရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်း၍ ဘုရားကျောင်းအတွင်း လှည့် လည် ဖူးမြော်ကြည်ညို ခဲ့ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံများ ရိုက်ခဲ့ကြသည်။  

 

           

အဆိုပါ Jindaiji ဘုန်းတော်ကြီး ကျောင်းသည် တိုကျိုမြို့တွင် ဒုတိယသက်တမ်း အရင့်ဆုံး ဘုရားကျောင်းဖြစ် ပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ခန့်် အေဒီ ၇၃၃ ခုနှစ်တွင် ဘုန်းတော်ကြီး Mankhoo Shonin က လူသားများ သည် နိုင်ငံ့၏ အမွေအနှစ်၊ စစ်မှန်သည့် ရတနာများဖြစ်သည်ဟု ယုံကြည်လက်ခံသည့် အထိမ်းအမှတ်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘုရားကျောင်းရှိ Shaka Nyorai ရှေးဟောင်း ကြေးသွန်း ရုပ်ပွားတော်မြတ် ကို ၂၀၁၈ ခုနှစ်တွင် (National treasure of Jindaiji Buddha image) နိုင်ငံအမွေအနှစ် ရတနာတစ်ပါးအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ဘုရားကျောင်းတွင် ဂျပန်နိုင်ငံ၏ ထင်ရှား ကျော်ကြား နာမည်ကြီးခဲ့သည့်  မြန်မာ့စောင်း အမည်ရှိ ဂျပန်ရုပ်ရှင်ဇတ်ကား ရိုက်ကူးခဲ့ပြီး လက်ရှိတွင်လည်း ရုပ်ရှင်ဇတ်ကားများ မကြာခဏ လာရောက် ရိုက်ကူးလေ့ရှိကြောင်း၊  ပင်မကျောင်းဆောင်ကြီးသည် ၁၆၄၆ ခုနှစ်နှင့် ၁၈၆၅ ခုနှစ်တွင် မီးလောင်ပျက်စီးခဲ့ရာမှ ၁၉၁၉ ခုနှစ်တွင် မူလလက်ရာ မပျက် ပြန်လည်တည်ဆောက် ထားခြင်း ဖြစ်ကြောင်း၊ ဘုရားကျောင်း အတွင်းရှိ ရေထွက်များမှ ရေကောင်းရေသန့်များ ရရှိနိုင်ပြီး ရေထွက်များ အနီးတွင် နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ သစ်ပင် များဖြင့် သာယာလျက် ရှိပါကြောင်း၊ ရိုးရာဓလေ့ ဖြစ်သည့် soba ပန်းဂျုံခေါက်ဆွဲ ပြုလုပ်မှုတွင်လည်း အရသာ ထူးခြား ကောင်းမွန်မှုကြောင့် နာမည်ကြီး ထင်ရှားကြောင်း၊ နှစ်စဉ်ပွဲတော်များအား ရာသီ အလိုက်ပြုလုပ်လေ့ ရှိကာ ဆောင်းဦးကာလများတွင် ဖူးပွင့်နေသော ချယ်ရီပန်းများနှင့် လှပတင့်တယ်မှုကို တွေ့မြင်ရနိုင်ကြောင်း သိရှိရပြီး  ဘုရားဖူးလာသူ ပြည်တွင်းပြည်ပ ခရီးသွားများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 26 times Last modified on Thursday, 10 October 2019 23:55